Saturday, February 2, 2013

ထားဝယ်စီးပွားရေးဇုန်ဖော်ဆောင်ရန် ဒီရေတောဧက ၆ဝဝဝ ကျော် ရှင်းလင်းလျှင် မုန်တိုင်းများ ဝင်ရောက်နိုင်ဟု ပညာရှင်များသုံးသပ်

နဘူးလယ်ချောင်းနှင့် မောင်းမကန်ကြားတွင် တည်ရှိသော ဒီရေတောဧက ၆ဝဝဝ ကျော်အား အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ရှင်းလင်းပါက မုန်တိုင်းများ ဝင်ရောက်နိုင်ရုံမျှမက အဘက်ဘက်က ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသဇလဗေဒပညာရှင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက သတိပေးပြောကြားသည်။”ဒီရေတောတွေ ပြုန်းတီးရင် မုန်တိုင်းတွေ ဖြစ်ပေါ်လာနိုင်တယ်။ ကျွန်တော်တို့ နိုင်ငံတင်မကဘူး၊ ကမ်းရိုးတန်းနိုင်ငံတွေဖြစ်တဲ့ အင်ဒို၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း ဒီရေတောတွေရှိတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုရင် ဒီရေတောတွေပြုန်းတီးခဲ့လို့ မုန်တိုင်းတွေ ခဏခဏဝင်ရောက်တယ်။ အခုဆိုရင် ဒီရေတောတွေ ပြန်စိုက်လာလို့ မုန်တိုင်းတွေ သိပ်မဝင်တော့ဘူး။ မုန်တိုင်းတွေ မဝင်လာနိုင်အောင် ဒီရေတောတွေက တားဆီးပေးထားတာပါ။ စီးပွားရေး ဦးစားပေးလုပ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်ရင် လုံးဝသဘော မတူဘူး” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ပြောသည်။

စက်မှုထွန်းကားမှုကြောင့် ဒေသခံတွေ နှစ်ခါပြန် ကိုလိုနီဘဝကို ခံစားရဟု Green Bike အဖွဲ့ဆို


GreenBikeTripToDawei18Green Bike (အစိမ်းရောင်စက်ဘီးစီး) ၁၄ ဦးအဖွဲ့သည် သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေး ခရီးစဉ်တခုအနေဖြင့် ရန်ကုန်မှ ထားဝယ်သို့ ဇန်န၀ါရီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ (၅) ရက်ကြာ ခရီးစဉ်တခု သွားခဲ့သည်။
ရေဖြူမြို့နယ်၊ ရေပုံးရွာတွင် ထမင်းစားအနားယူနေစဉ်
ခရီးစဉ်၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး အဖွဲ့ဝင်တဦးဖြစ်သူ ကိုသက်နိုင်က “ထားဝယ်မှာရှိတဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ဒေသခံပြည်သူတွေကို အားပေးချင်လို့နဲ့ သူတို့နှင့်အတူ ရှိနေတယ်ဆိုတာကို ပြချင်တယ်။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး အရေးကြီးတယ်ဆိုတာကို လူထုတွေကို အသိပေးချင်တယ်။ ပြီးတော့ ဒေသခံတွေရဲ့ ရင်ဖွင့်သံတွေကို နားထောင်ချင်တယ်” ဟု ရှင်းပြခဲ့သည်။
၎င်းက ဆက်လက်ပြီး “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ လူတိုင်းမှာ တာဝန်ရှိတယ်။ နောက်တစ်ခုက ကျနော်တို့ မျိုးဆက်သစ်တွေအတွက် ထားခဲ့မလား၊ ဖြုန်းခဲ့မလားဆိုတာ သီလ၊ သိက္ခာ၊ သမာဓိရှိရှိနဲ့ တာဝန်ယူလုပ်ဆောင်ရမှာ ဖြစ်တယ်။ နောက်ဆုံးတစ်ခုအနေနဲ့ ကျနော်ပြောချင်တာက စက်မှုထွန်းကားလာလို့ ကုန်ကြမ်းထုတ်လုပ်မှုတွေ များလာတယ်။ လိုအပ်ချက်တွေလည်း များလာတယ်။ အဲဒါကြောင့် ဒေသခံတွေအနေနဲ့ ကိုလိုနီလက်အောက်ကို နှစ်ခါပြန်ရောက်နေရသလိုမျိုး ခံစားနေရတယ်” ဟု ထားဝယ်လူထုအသံကို ရှင်းပြခဲ့သည်။