Thursday, November 10, 2011

စစ်သားတွေထားဝယ်မှာအရင်ကထက်ပိုများလာ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) ထိန်းချုပ် ဒေသကို မြန်မာ အစိုးရက တပ်အင်အားများစွာတိုးချဲ့ထားသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်း (ဓာတ်ပုံ - ကွယ် ကလူ)
ယင်းဒေသတွင် အစိုးရ တပ်ရင်း ၃ ရင်း လှုပ်ရှားနေသည့် အပြင် တပ်ရင်း ၈ ရင်းခန့် ထပ်မံ တိုးချဲ့ထားသောကြောင့် စစ်သည် အင်အား ၈၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။
အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ တိုးချဲ့ချထားခြင်း ဖြစ်ပြီး တပ် အင်အား တိုးချဲ့ရခြင်း အကြောင်းရင်းကို မသိရသေး ဟု KNU တပ်မဟာ ၄ ဒေသ မှ စောကွယ်ထူးဝင်း က ဧရာဝတီသို့ ပြောကြားသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်သောကားလမ်းကို KNU တပ်မဟာ ၄ လှုပ်ရှားနေ သည့် ဒေသတွင် Italian-Thai Development (ITD) ကုမ္ပဏီက ဖောက်လုပ်နေပြီး ၀န်ထမ်းများ၊ မော်တော်ယာဉ်များ သွားလာခြင်း မပြုနိုင်ရန် KNU က ပိတ်ဆို့ထားကြောင်း သိရသည်။
သို့သော်လည်း စီမံကိန်းဒေသ အလုပ်သမားများ အတွက် ရိက္ခာသယ်ပို့ပေးသည့် မော်တော်ယာဉ် တချို့ကို KNUက သွားလာ ခွင့်ပြုထားသည်။
ဤသို့ အစိုးရ စစ်သည် အင်အား တိုးချဲ့နေခြင်းသည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း လမ်းလုံခြုံရေးအတွက် KNU တပ် ဖွဲ့ဝင်များအား ဖိအားပေးနေခြင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု KNU တပ်ဖွဲ့ဝင်ဟောင်းများက သုံးသပ်သည်။
ကွယ်ကလူ ကရင် သတင်းဌာနမှ အယ်ဒီတာ ကိုအယ်နာက ကန်ချနဘူရီ ထားဝယ် အဝေးပြေးကားလမ်း လုံခြုံရေးအတွက် ထားဝယ်ဒေသရှိ KNU တပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်ရန် နေပြည်တော်က အမိန့်ပေးထားသည်ဟု သတင်းရရှိကြောင်း
ဧရာဝတီ ကို ပြောသည်။
“အဝေးပြေးလမ်းမ ဖောက်နေတာကို အနှောင့်အယှက် ပေးသူတွေကို ရှင်းပစ်ဖို့ အမိန့်ပေးထားတယ်လို့ ကြားတယ်၊ လာမယ့် ပွင့်လင်းရာသီမှာ ထိုးစစ်ဆင်မယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အ၀န်းရှိကြောင်း စီမံ ကိန်း ဆောက်လုပ်ခွင့်ရ ITD ကုမ္ပဏီ၏ မှတ်တမ်းများအရ သိရသည်။
မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်းတပြိုင် တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရ သည်။
ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မြန်မာစာနယ်ဇင်းများတွင် ဖော်ပြ ခဲ့ပြီးဖြစ်သည်။
 

No comments:

Post a Comment