ဥရောပ ငါးနိုင်ငံ ခရီးဟာ ဒေါ်စုရဲ့ တတိယနဲ့ စတုတ္ထ ကကြိုး အလှည့်အပြောင်း တစ်ခုပါ။ သူမရဲ့ ပထမ ကကြိုးက သူမရဲ့အဖေ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရင်ခွင်မှာ အစ ပျိုးခဲ့တယ်။ ဗိုလ်ချုပ် နေဝင်ချိန်မှာ သူမဟာ နှစ် နှစ်အရွယ် ခေါင်းဆံစလယ်မှာ "ပန်းတွေနဲ့ဝေ" ကလေးငယ်မလေး။ အဲဒီနောက် ချစ်သလောက် အလိုတော့ မလိုက် တတ်တဲ့ မိခင်ရဲ့ ရင်ခွင်အောက်မှာ။ ဒီနောက် အိန္ဒိယ၊ အရှေ့ရဲ့ အမြုတေ ဗုဒ္ဓဘာသာနဲ့ အနောက်ရဲ့ ခွန်အား အင်္ဂလိပ် ဘာသာ စကား။ ဒီနှစ်ခုကို မွေးမြူ ပြုစုခဲ့တယ်။
သူမရဲ့ ဒုတိယ ကကြိုးကတော့ 1964 မှာ စတင်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသူ၊ ကလေး မိခင်၊ အိမ်ရှင်မ၊ တိဗက် နဲ့ ဟိမဝန္တာရပ်ဝန်းယဉ်ကျေးမှု ကို အထူးပြု လေ့လာသူ Antony's Collage က ကျနော့် မိတ်ဆွေ Michael Aris ရဲ့ချစ်လှစွာသော ဇနီး။ ဒီ ခရီးက ၂၄ နှစ်ကြာတယ်။ အဲဒီ မှာ ဘဝရဲ့ ကျေနပ်စရာ၊ မကျေနပ်စရာတွေနဲ့ အတူ တိတ်ဆိတ် ငြိမ်သက်တဲ့ လမ်းပေါ်မှာ တစ်ခါတစ်ခါ လမ်းလျှောက်၊ တစ်ခါတစ်ခါ စက်ဘီး စီး၊ မီခိုးပြာရောင် ကောင်းကင်ရဲ့ အောက်မှာ။ ၁၉ ရာစု ဟန် နဲ့ ခြေတံ ရှည် အိမ်လေးပေါ်မှာ။ ဒီ ခရီးက ၂၄ နှစ်ကြာတယ်။ လွန်ခဲ့တဲ့ တစ်ပတ် အထိ ဆိုပါတော့။
သူမရဲ့ တတိယ ကကြိုးက 1988 ဆောင်းဦးပေါက် အောက်စဖို့က အိမ်ဆီ ရောက်လာတဲ့ ဖုန်းခေါ်သံ တစ်ခုက ခြေလှမ်းစတယ်။ သူမ အမေ နေမကောင်း လို့ တဲ့။ အဲဒီကနေ ၈၈ မျိုးဆက် ရဲ့ အော်ခေါ်သံတွေကို ပြန်လည် ထူးမိရင်း အမျိုးသား ခေါင်းဆောင်တစ်ယောက် အနေနဲ့ ကပြလိုက်ရတော့တယ်။ ဒီဘဝမှာ ဒဏ်ရာများစွာကို ယူရင်း ကုစားရင်း ပါဝါ ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်းက တိတ်ဆိတ်၊ အထီကျန်၊ မိခင်ရဲ့ အမွေ အိမ်ထဲမှာ အိမ် အကျဉ်းစံ၊ အိမ် အကျဉ်းခံ ဘဝ။ BBC ရဲ့ အသံနဲ့ ခန္ဓာ လန်းဖို့ စိတ် ကျန်းဖို့ ကြိုးစားရင်း ကျားကန် ထားခဲ့ရသတဲ့။
သူမရဲ့ စတုတ္ထ ကကြိုးကိုတော့ အိမ် အကျဉ်းစံ၊ အိမ် အကျဉ်းခံ ဘဝက လွတ်ချိန် ၂၀၁၀ ခု နိုဝင်ဘာ နဲ့ နှလုံးသားအောင်ပန်း ထိုး ရိုက် စိုက် လိုက်နိုင်တဲ့ ဒီနေ့ ကြားထဲမှာ လို့ ဆိုရလိမ့်မယ်။ သမ္မတ အသစ်စက်စက် ဦးသိန်းစိန်က ဖြစ်သင့်တာတွေ ဖြစ်သင့်သလို ဖြစ်စေဖို့ နိုင်ငံရေးတံခါးကို အားနဲ့ ဆွဲဖွင့်လိုက်တယ်။ အဲဒါ သူမ ပန်လိုတဲ့ ပန်းအစစ်။ အစိမ်းရောင်တွေ လွှမ်းနေဆဲ ပါလီမန် စားပွဲထဲကို သူမ အရဲစွန့်ပြီး ရောထိုင် ချလိုက်တယ်။
ဒီနေ့က စလို့ လာမဲ့ ၂၀၁၅ ရွေး ကောက်ပွဲ ကာလဟာ အကျပ်အတည်းတွေနဲ့ အူလည်နေလိမ့်မယ်။ ရာစုဝက် ကျော်ကျော် စစ်တပ်ရဲ့ အုပ်ချုပ်မှု အမှား အယွင်း၊ ရိရွဲနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ ယူဂိုစလပ် လက်ဖျားခါလောက်တဲ့ တိုင်းရင်းသားရေး ပြဿနာ၊ အရေးပါတဲ့ နေရာတိုင်း စစ်တပ်က ဖင်ခု ထိုင်ဆဲ၊ ရခိုင် ပြည်နယ်ထဲက ဘာသာရေး ကတောက် ကဆ။ တောထနေတဲ့ ပြဿနာ ပေါင်း သောင်း ခြောက်ထောင်။ ခပ် နဲ့နဲ့ NLD ဟာ အမြန်ဆုံး တည်ဆောက် ယူရမယ်။ အိမ်နီးချင်း နိုင်ငံတွေထဲက ဂဏာမငြိမ်(nervous) ဗိုလ်ကျချင်တဲ့ (authoritarian) အင်အားကြီး တရုတ်ကိုလည်း မေ့ထားလို့မရဘူး။
အလျှော့ အတင်း လုပ်စရာတွေ၊ စိတ်ပျက်စရာတွေ ဟာ မလွဲမသွေ ပါပဲ။ သမိုင်း ပညာရှင် Max Weber ရဲ့ ကြော်ကြားတဲ့ အဆို အမိန့် လို ပညာရှင်ရဲ့ အက်သစ် သဘောတရားဟာ အနည်းဆုံး နိုင်ငံရေးသမား ရဲ့ တာဝန်ကျေမှု သဘောတရား တော့ စွက်ထားမှ ရလိမ့်မယ်။ ထောင်တဲက ထွက်လာတဲ့ တောင် အာဖရိက ရဲ့ နယ်လ်ဆင် မင်ဒဲလား လို၊ ပါရာဂွေး ရဲတိုက်ကို မောင်းထုတ်တာ ခံရတဲ့ ချက် ပြည်ပြေး Vaclav Havel လို အတိုက် အခံ ခေါင်းဆောင်ပဲ ဆိုဆို၊ သမ္မတ လို့ ပြောပြော၊ နိုင်ငံ့ အမကြီး လို့ တွင်တွင် ၆၇ နှစ် သမီး ဒေါ်စုဟာ အခု နိုင်ငံတော်ရဲ့ တစ်သက်တာ အကျဉ်းသားဖြစ်နေပါပြီ။ အကျဉ်းကျစဉ် လိုသလောက် ရနေတဲ့ အချိန် ဟာ အခု အရှားပါးဆုံး ရတနာ တစ်ခု ဖြစ်နေပြီ။ မိနစ် ၃၀ စည်းဝေး၊ စက္ကန့် ၃၀ အနားပေး။ သမိုင်းက ပေးတဲ့ ဆုလဒ်၊ ရှေ့ ဆက်ရမယ့် ခရီး၊ အသုံးသပ်ခံရတော့မယ့် စတုတ္ထ ကကြိုးကို သူမ အခုမှ ခရီး စ ခဲ့ရပါတော့တယ်။
ဒါပေမယ့် နေသာတဲ့ အခိုက် သူမရဲ့ ၂၄ နှစ်ကြာ ကကြိုးအတွက် ဂုဏ်ပြုဖို့ ခဏ အချိန်ယူ လိုက်ကြရအောင်။ သူမကို ဂုဏ်ပြုဖို့ ဖျက်မရနိုင်တော့တဲ့ သမိုင်းစာအုပ်ထဲမှာ သူမ ဘယ်လို ရေးထိုးသွားခဲ့ သလဲ ဆိုတာတော့ သိထားဖို့ လိုအပ်ပါတယ်။ ကျနော် လက်တို့ပြခဲ့ပါရစေ။
တစ် - အကျဉ်းစံ အကျဉ်းခံ ဘဝက သူမ ရေးထားခဲ့ပြီး (ဒီ အက်ဆေးကို စောင့်ရှောက်နေတဲ့ အမျိုးသမီး ရဲ့ ထမီ ထဲမှာ ဝှက်ပြီး ထုတ်ယူ ခဲ့ရတယ်။) အခု ပြန်ပြောပြတဲ့ အက်ဆေးတွေ နဲ့တင် ကျနော်တို့ နက်နက် နဲနဲ ခံစား ခဲ့ရပြီးပါပြီ။ အဲဒီ အထဲက အပြောင်မြောက်ဆုံး Freedom From Fear ကို BBC Reith လက်ချာခန်းမှာ ဗွီဒီယို ကလစ် မနှစ်က ပြသခဲ့ပါတယ်။ အီဒီ အက်ဆေး ဟာ မစ္စတာ Havel ရဲ့ အကောင်းဆုံး လက်ရာတွေကို ကောင်းကောင်းကြီး ရင်ဘောင် တန်းပါတယ်။ ဒီ အထဲမှာ စိတ်ဓာတ်ရေး၊ စာပေရေး၊ နိုင်ငံရေး သဘောတရားတွေ မနည်း မနော စီးမျော နေတယ်။ Reith လက်ချာမှာ နိုင်ငံရေး ဖရီးဒမ်းဟာ အဇ္ဈတ္တငြိမ်းချမ်းမှု အပေါ်မှာ တည်ဆောက်ယူသွားနိုင်တယ် လို့ ဆိုခဲ့ပေမယ့် စိတ်ဓာတ်ရေး၊ စာပေရေး၊ နိုင်ငံရေး ကြားက ဟန်ချက်ကို ညီအောင် ထိန်းရာမှာ တစ်ခုခုတော့ အနည်းငယ် ရွေ့လျားမယ့် သဘော ရှိနေပါတယ်။ Havel တုန်းကလည်း ဒီလိုပါဘဲ။
နှစ် - သူမရဲ့ ရဲဝံ့မှု၊ ရိုးသားမှု၊ သန့်ရှင်းမှု။ လွတ်လပ်မှု လုံးဝ မရှိတဲ့ အရပ်မှာ ရဲဝံ့ခြင်းဟာ ရှားပါး ရတနာပါ။ အထူးသဖြင့် သူမရဲ့အကျဉ်းစံ ပထမနှစ် မှာပေါ့။ အရွယ်မရောက်သေးတဲ့ သားတွေနဲ့ ဝေးကွာ၊ တစ်ကိုယ်ထဲ အထီးကျန်စွာ၊ အပြည့်အဝ မရသေးတဲ့ ဗုဒ္ဓဘာသာ တရားအရိပ် အောက်မှာ၊ အခက်ခဲ ကာလပေါ့။ ဒါပေမယ့် သူမသုံးတဲ့ ဝိတိုရိယ အင်္ဂလိပ် ဟန်နဲ့ "ကျမမှာ ခေါင်းမာတတ်တဲ့ အကျင့် ရှိတယ်" လို့ ဆိုရမှာပါ။
သုံး - ဒါက လူတွေ သိပ် အမှတ်မထားမိတဲ့ သူမရဲ့ အလုပ် နဲ့ ဘဝ ကို ကျနော့်ကို လက်တို့ ပြလိုက်သလိုပါ။ အဲဒါ အရှေ့ အနောက် ပေါင်းစပ်ထားမှု။ ဥပမာ နိုဘယ်လ်ဆု ယူစဉ် မိန့်ခွန်းပြောတော့ စာအုပ်ကြီးတွေထဲက အင်္ဂလိပ် စကားလုံး အဟောင်းတွေ၊ အင်္ဂလိကန် ဝေါဟာရ လို့ဆိုရမလောက် သုံးပြသွားတယ်။ "other reaches of the earth" "some of our warriors fell at their post" "perfect peace is not of this earth" စတာတွေပါ။ နောက်ပြီး ဗုဒ္ဓဘာသာက ပြောတဲ့ ဒုက္ခ ခြောက်မျိုးကို (ဒုက္ခ ကို suffering လို့ မပြည့်မစုံ ဘာသာပြန်တယ်) သူမရဲ့ ကိုယ်ပိုင်ဘဝ နဲ့ နိုင်ငံရေး ကိစ္စတွေထဲမှာပါ လက်တွေ့သုံးသပ်ပြသွားတယ်။ ဒီ ယဉ်ကျေးမှု နှစ်ခု ကို တစ်ဖက်စီမှာ ထားတာတောင် မဟုတ်ပဲ ဟန်ချက်ညီညီ ပေါင်းစပ် ပြလိုက်တယ်။
အောက်စဖို့ တက္ကသိုလ် ပတ်ဘလစ် အော်ရေတာက သူမရဲ့ ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ ချီးမြှင့်ရာမှာ အနောက်ရဲ့ သမိုင်းဝင် လက်တင်လို မိန့်ခွန်း ချွေတော့ သူမကို အရှေ့က ကြယ်တာရာ (praesento stellam orientalem) လို့ ညွှန်းဆို လိုက်တယ်။ ဒါပေမယ် သူမ ဆိုသလို ဆိုရမယ် ဆိုရင် တက္ကသိုလ်တွေဟာ လူ့ယဉ်ကျေးမှု ကို အထွတ် အမြတ် လေးစားကြဖို့ သင်ကြားပေးကြတာပါ၊ ဒီ ယဉ်ကျေးမှု တွေကတော့ ကမ္ဘာ့ နေရာစုံကနေ စီးဝင်လာခဲ့တာပါ တဲ့။
ယိုယွင်းစ ပြုလာတဲ့ အနောက်ရွာဟာ တက်သစ်စ အရှေ့ဆီက သင်ယူစရာ အလှည့် အပြောင်း တစ်ခေတ် ရောက် လာနေပြီ ဆိုတာ ကျယ်ကျယ် လောင်လောင် သတိပေးထားခဲ့လေရဲ့။ သူမ အကြိုက်ဆုံး နာမည်ကျော် အင်္ဂလိပ် စာရေးဆရာ တွေထဲက တစ်ယောက်ဖြစ်တဲ့ Rudyard Kipling က လှလှပပ သမိုင်းဝင် နေရအောင် ဒီလိုပြောခဲ့တယ် " But there is neither East nor West .....when two strong men stand face to face." တဲ့။
ဒီ.... လေဒီ နဲ့ ပတ်သက်လို့ သူ့ စကားကိုပဲ ငှားပြီး ပြောရရင်
"And there is both East and West ,when one strong woman faces generals and the world."
(The writer is a professor of European studies at Oxford and senior fellow at the Hoover Institution, Stanford University.)
ကမ်းလက်
Four lives of Aung San Suu Kyi
By: Timothy Garton Ash
S.T. 22, June, 2012.
ခံစားပြန်ဆိုသူ: ဇင်ဝေသော်
No comments:
Post a Comment