ထားဝယ် ရေအလှူ
ထားဝယ် တွင် နှစ်စဉ် မေလလောက်ဆို ကားများ ထွေလာဂျီ များပေါ် ရေစည်
ပိုင်းပြတ်များ၊ ပလတ်စတစ် ပုံးကြီး၊ ပုံးငယ်များ တင်လာသည့် လူအုပ်စုတို့
မြို့အထွက် ရွာတွေဆီသို့ အသီးသီး သွားကြသည်။
တစ်ချို့ လူစုများသည် ကားပေါ် အသံချဲ့စက် တင်၍ သီချင်း အကျယ်ကြီး ဖွင့်သွားသည်မှာ သင်္ကြန်ပွဲကဲ့သို့ပင်။
“ ရေရှားနေပြီ ထင်တယ် “ ဟုတစ်ယောက်က လှမ်းကြည့်ရင်း ပြောသည်။
ရေလှုထွက်သည့် ကားများမှာ တစ်နေ့ တစ်နေ့ ကား လေး ငါးဆယ်စီးမက ။ စနေ၊
တနင်္ဂနွေနေ....့များတွင် ပိုစည်သည်။ မြို့ပေါ်နှင့် ၅ မိုင်ကွာ၊ ၁၀ မိုင်ကွာ ရွာများသို့ သွားလေ့ရှိသည်။ ထိုထက် ဝေးသည်ကိုလည်း သွားတတ်သည်။
ရွာတွေမှာ ရေရှားသည်ဟု သတင်း ရပြီဆို အိမ်နီးချင်း တစ်သိုက် ပိုက်ဆံစုကြသည်။
ကလေး ဘ၀တုန်းက လူကြီးများ ရေလှုထွက်ရန် စီစဉ်ပြီးလျှင် သိပ်ပျော်သည်။ လူကြီးတွေ နားကပ်၍ ဘယ်ရွာ သွားမည်ကို သေချာအောင် မေးရသည်။ ထိုနောက် ရွာခံများက ရေလှုလာ သူတို့ကို ကျွေးတတ်သည့် မင်းဂွတ်သီး၊ နာနတ်သီး တို့ကို တစ်နေ့လုံး စိတ်ကူးယဉ် နေတော့သည်။
တစ်ချို့ဆို ရေလှုရင်းပင် လူချင်း ခင်မင်သွားကာ နှစ်တိုင်း ရေရှားချိန်ရောက်တိုင်း လူစု၊ ရေသယ်ကာ ထိုရွာများမှ မိတ်ဆွေကြီး တို့ထံ အပြေးအလွား သွားလေသည်။ လူမှု အရင်းအနှီးများ ( Social Capital) သည် ချစ်ခင်ဖွယ် ရိုးရာဓလေ့ များမှပင် အလိုအလျှောက် ပေါ်ပေါက်ပြီး ဖြစ်သည်။
လင်းနိုင်
ထားဝယ် ရေကား
ရေရှား သည့် အချိန် တွင်သာ ထားဝယ်သားတို့ သိုက်ဝန်း ကြသည် မဟုတ်ပဲ မီးဘေး ဖြစ်ချိန်တွင်လည်း ထိုဓလေ့မျိုး တွေ့ရပြန်သည်။
မြို့တွင်း တစ်နေရာမှာ မီးလောင်ပြီဟု ကြားသည်နှင့် စက်သံ တဖုန်းဖုန်းညံသည့် ထော်လာဂျီများ နီးရာ နေရာမှ အမြန်လာလေ့ ရှိသည်။ မည်သူမှ ခေါ်ရန် မလို။ သူ့ထက်ငါ အပြေးအလွှား လာကာ မီးသတ် ကြတော့သည်။
ပုံမှန် အချိန်တွင် မြို့တွင်း ရပ်ကွက်များသို့ ရေလိုက်ရောင်းနေသော ရေသယ် ထော်လာဂျီ များမှာ မီးလောင်သည့် အခါတွင်တော့ ဇာတ်လိုက် များပင်။ အစဦးဆုံး ထော်လာဂျီဖြင့် ရေရောင်းလုပ်ငန်းကို စွဲ၍ မောင်ရေချမ်းများ ဟု သူတို့ကို ခေါ်ကြသည်။
မီးသတ် ကားများမှာ လမ်းကျဉ်းလျှင် အ၀င်ခက်၍ ရေလည်းအကုန်မြန်ကာ နှစ်စီးထက် ပိုမလာနိုင်။ ထော်လာဂျီများမှာ လမ်းကျဉ်း၊ လမ်းကျယ် မှုစရာမလို တစ်ထိုးတည်း ၀င်သွားနိုင်သည်။ အုပ်စု တောင့်သဖြင့် တစ်စီး ပြီးတစ်စီး ရေအလျှဉ်မပြတ်။
ပိုက်လုံးကြီးကြီး အားကောင်းဖြင့် ရေဖြန်းနေသော မီးသတ်ကားထံ ထော်လဂျီများက ရေဖြည့် ပေးနေသော မြင်ကွင်းမျိုးမှာ ထားဝယ်တွင် မဆန်းတော့။
ရေပို့သည့် ထော်လာဂျီများ ပေါ်လာပြီး မီးလောင်မှုဖြစ်လျှင် လျင်လျင်မြန်မြန် ငြိမ်းသတ်နိုင်ခဲ့သည့် ထားဝယ်တွင် ပုဂ္ဂလိက ၂၄ နာရီ လျှပ်စစ်မီးရပြီးနောက် အကြီးအကျယ် မီးလောင်မှုများ ယခင်ထက် သိသာစွာ လျှော့သွားသည်ဟု ထားဝယ်သားများက ဆိုသည်။
ထားဝယ်သည် မိုးများ ရေများသော အရပ်ဖြစ်သည် ကပင် ရေနှင့် ပက်သက်၍ ဓလေ့ထူးများ ရှိစေဟန်တူသည်။
“ ရေလည်မှာ မိကျောသား အော့အဲသားနာ့ တူစာ့မား၊ ကမ်းနားမှာ သန်းဖောဆိုက် မယ်အေး လန်နော့လိုက်”
ထားဝယ်သားတို့ ငယ်စဉ်က ဆိုမိဆိုရာ အော်လေ့ရှိသည့် သီချင်းမှာပင် ရေကအစပြုသည်မဟုတ်ပါလား။

ထားဝယ်နှင့် ခုနှစ်တွင်းရေ
“ ရေလေး နည်းနည်း ခပ်ခိုင်း ပါရှင် “ ဟု ခွင့်တောင်းသံကို ငယ်စဉ်က မကြာ ခဏ ကြားရတတ်သည်။ အိမ်နီး တစ်ဝိုက် ရေတွင်း များမှ ခုနစ်တွင်း ရေလိုက်စု နေခြင်းပင်။
ခုနစ် တွင်းရေ ဆိုသည်မှာ အခိုက် အဟန့်များ ပပျောက် ကံပွင့် သည်ဟု ယုံကြည် ကာ ရေတွင်း ခုနစ် တွင်းမှ ရေဖြင့် ခေါင်းလျှော်၊ ရေချိုး ပြုခြင်း ဓလေ့ ဖြစ်သည်။ ဘုရား ရုပ်ပွားတော် အားလည်း ရေသပ္ပါယ်သည်။
သင်္ကြန် အလွန် နှစ်ဆန်း တစ်ရက်နေ့ အိမ်ရှိ ဘုရား ရုပ်ပွားတော်အား ရေသပ္ပါယ် ရာတွင် မျက်နှာသုတ် ပ၀ါကြီးကိုင် ကာ အဖေ့ဘေးမှ ရပ်နေရ သည်ကိုပင် ကိုယ်ကိုကိုယ် လူကြီး ဖြစ်ပြီ ထင်မိသေးသည်။ မျက်နှာ ပင်ချီလို့။
အိမ်သစ်တက် မင်္ဂလာတွင် မင်္ဂလာ ရေအဖြစ် ခုနှစ်တွင်း ရေကို သုံးကာ အိမ်ကို ဆေးကြောသည်။ ယုံကြည် သလို ပင် အသုံး များလှသည်။
“ ခုဆို မြို့မှာ ဒီလို လာတောင်းတာမျိုး သိပ် မတွေ့ရ တော့ဘူး၊ “ဟု ထားဝယ် လူငယ်တစ်ယောက်က ဆိုသည်။
ပြောင်းလဲ လာသော လူနေမှု ပုံစံ ရေစီးသည် ရိုးရာ ဓလေ့များအား တိုက်စား သွားဟန်တူသည်။
လင်းနိုင် (Watch Watch)

No comments:
Post a Comment