Sunday, July 22, 2012

ထားဝယ်တွင်သဘာဝဓါတ်ငွေ့ဖြင့်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမည်


ကမ္ဘာကျော် စွမ်းအင်ကုမ္ပဏီများ အခြေစိုက် သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရောင်းချလျက်ရှိသော တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ဒေသကို သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းဒေသ တွင် ဖြန့်ဖြူးရောင်းချမည့် ဓါတ်ငွေ့များကို ထိုင်းနိုင်ငံ အခြေစိုက် PTTEP warn   စွမ်းအင် ကုမ္ပဏီက ပြန်လည်ရောင်းချသွားမည်ဖြစ်ပြီး ပထမ အဆင့်တွင် မဂ္ဂါဝပ် ၂၀ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ၊ ဒုတိယ အဆင့်တွင် မဂ္ဂါဝပ် ၃၀ သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံတို့ တည်ဆောက်၍ ဓါတ်အားဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း ယင်း တာဝန်ရှိသူက ပြောဆိုသည်......

၁၉၉၀ ပြည့်နှစ် များတွင် တနင်္သာရီ ကမ်းလွန်တွင် သဘာဓါတ်ငွေ့တွေ့ရှိပြီး အနှစ် ၂၀ ကျော်အကြာ ထားဝယ် ဒေသတွင် သဘာဝဓါတ်ငွေ့ဖြင့် ပထမဆုံး လျှပ်စစ်ဓါတ်အား ရရှိတော့မည်ဖြစ်သည်။
TOTAL စွမ်းအင် ကုမ္ပဏီက ယင်းနှစ်ပိုင်းအတွင်း ထားဝယ်ဒေသကို ဓါတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပျက်ပြယ်ခဲ့သည်။
လျာထား တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၁၀၀ ခန့်ရှိမည် ဆိုသော ယင်းစီမံကိန်းကို လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေး၊ လက်ရှိ မီတာ တစ်ယူနစ် ဈေးနှုန်း ကျပ် ၂၅၀ သို့ လျှော့ချနိုင်ရေး၊   ကုန်ထုတ် လုပ်ငန်းများ တိုးတက်လာပြီး ညစ်ညမ်းမှု လျှော့ချနိုင်ရန် အဓိက ရည်ရွယ်ကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
ဒီဇယ် လောင်စာ စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ ဖြင့်လည်ပတ်၍ ဓါတ်အားဖြန့်ဖြူး လျက်ရှိသော ထားဝယ် ဒေသတွင် မီတာခ ဈေးနှုန်းမှာ တစ်ယူနစ် ကျပ် ၄၅၀ မှ ၅၀၀ အထိရှိသဖြင့် ဈေးနှုန်း ထက်ဝက် သက်သာလာ မည်ဖြစ်ပြီး လျှပ်စစ်ပိုမိုသုံးစွဲလာနိုင်မည် ဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။
“၀မ်းသာတယ် ။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းတွေ ပိုရလာမယ်။ ကျွန်တော် လုပ်ချင်တဲ့ လျှပ်စစ် ပစ္စည်းလုပ်ငန်းနဲ့ အဲယားကွန်း လုပ်ငန်းက ထားဝယ်မီတာခနဲ့  မဖြစ်ဘူးလို့ လူတိုင်းပြောကြတယ်”ဟု ထားဝယ်မြို့တွင် လုပ်ငန်း စတင် ထူထောင်ရန် ကြိုးစားနေသူ ဦးအောင်အောင်က ဆိုသည်။
တနင်္သာရီ ကမ်းလွန်ဓါတ်ငွေ့ဖြင့် လျှပ်စစ်ဖြန့်ဖြူးနေသော ထိုင်းနိုင်ငံတွင် မီတာ တစ်ယူနစ်ဈေးနှုန်းမှာ မြန်မာငွေကျပ် ၈၀ မှ ၂၀၀ အထိ သာရှိရာ ထားဝယ် တွင့် ဖြန့်ဖြူးရောင်းချမည့် ဈေးနှုန်းမှာ များပြား သည်ဟုဆိုနိုင်ကြောင်း သုံးသပ်သော မြို့ခံများလည်းရှိသည်။
“လာမယ် ဆိုတာက ဘယ်အချိန် လာမယ်မှန်းမှမသိတာ။ မီတာခ ၂၀၀ နဲ့ ၂၅၀ ၀န်းကျင် ဆိုတာကလည်း များနေသေးတယ်။ မီးသုံးပြီး လုပ်ရတဲ့ သူတွေ အတွက်ကတော့ အဆင်ပြေတာပေါ့”ဟု မြို့ခံ ရာဘာပွဲရုံ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ထားဝယ် မှ ကံပေါက် သို့ ၁၀၅ ကီလိုမီတာ အရှည်ရှိ  မဟာ ဓာတ်အားလိုင်း တည်ဆောက်သွားမည်ဖြစ်ပြိး ယင်းလုပ်ငန်းကို Dawei Power and Utility Co., Ltd က ယခုနှစ် ပိုင်းအတွင်း အကောင်အထည် ဖော်ရန်ရှိကြောင်း အစိုးရ အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Dawei Watch

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls