Saturday, February 2, 2013

ထားဝယ်စီးပွားရေးဇုန်ဖော်ဆောင်ရန် ဒီရေတောဧက ၆ဝဝဝ ကျော် ရှင်းလင်းလျှင် မုန်တိုင်းများ ဝင်ရောက်နိုင်ဟု ပညာရှင်များသုံးသပ်

နဘူးလယ်ချောင်းနှင့် မောင်းမကန်ကြားတွင် တည်ရှိသော ဒီရေတောဧက ၆ဝဝဝ ကျော်အား အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ရှင်းလင်းပါက မုန်တိုင်းများ ဝင်ရောက်နိုင်ရုံမျှမက အဘက်ဘက်က ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသဇလဗေဒပညာရှင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက သတိပေးပြောကြားသည်။”ဒီရေတောတွေ ပြုန်းတီးရင် မုန်တိုင်းတွေ ဖြစ်ပေါ်လာနိုင်တယ်။ ကျွန်တော်တို့ နိုင်ငံတင်မကဘူး၊ ကမ်းရိုးတန်းနိုင်ငံတွေဖြစ်တဲ့ အင်ဒို၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း ဒီရေတောတွေရှိတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုရင် ဒီရေတောတွေပြုန်းတီးခဲ့လို့ မုန်တိုင်းတွေ ခဏခဏဝင်ရောက်တယ်။ အခုဆိုရင် ဒီရေတောတွေ ပြန်စိုက်လာလို့ မုန်တိုင်းတွေ သိပ်မဝင်တော့ဘူး။ မုန်တိုင်းတွေ မဝင်လာနိုင်အောင် ဒီရေတောတွေက တားဆီးပေးထားတာပါ။ စီးပွားရေး ဦးစားပေးလုပ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်ရင် လုံးဝသဘော မတူဘူး” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ပြောသည်။
အဆိုပါ ဒီရေတောများသည် ထင်း၊ မီးသွေးနှင့် ဆေးပင်များ ရရှိနိုင်ရုံမျှမက ငါး၊ ပုဇွန်များ ပေါက်ဖွားကျက်စားရာ ဒေသဖြစ်သဖြင့် မဖျက်စီးသင့်ကြောင်း၊ ကမ်းရိုးတန်းတွင် နေထိုင်လျက်ရှိသော ဒေသခံများ၏ လုံခြုံမှု၊ စားဝတ်နေရေး အကုန်လုံးထိခိုက်နိုင်ကြောင်း ၎င်းက ပြောသည်။
စီးပွားရေးအရ ဧက ၁ဝဝဝ ဖျက်လျှင် နောက်ထပ် ဧက ၂ဝဝဝ ပြန်လည် စိုက်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
”ဒီရေတောတွေ ပြန်စိုက်တဲ့အချိန်မှာ ဒီလိုဖျက်ဆီးမှာကို လက်မခံနိုင်ပါဘူး။ တခြားအကျိုးအတွက်လည်း မခုတ်သင့်ဘူး။ ထားဝယ်မှာက မုန်တိုင်းဖြစ်နိုင်တဲ့ အရေအတွက်က နည်းတယ်။ ဒီလိုနည်းတာကလည်း ဒီရေတောတွေရှိလို့ပါ။ ခုတ်မယ်ဆိုရင် အဲဒီဒေသအတွက် အန္တရာယ်ရှိနိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။
ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာန၏ တရားဝင် ထုတ်ပြန်ထားသော စာရင်များအရ ထားဝယ်မြို့နယ်တွင် ဒီရေတော ၁၈၅ ဒသမ ၉ဝ ဧက၊ လောင်းလုံမြို့နယ်တွင် ၃၈၆ဝ ဒသမ ၃၉ ဧက၊ သရက် ချောင်းမြို့နယ်တွင် ၉၉၈၇ ဒသမ ၆၇ ဧကနှင့် ရေဖြူမြို့နယ်တွင် ၄၈၂၇ ဒသမ ဝ၁ ဧက၊ စုစုပေါင်း ၁၈၈၆၂ ဒသမ ၉၇ ဧကရှိကြောင်း သိရသည်။
The Messenger Facebook မှ ကူးယူဖေါ်ပြသည်

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls