Saturday, February 2, 2013

စက်မှုထွန်းကားမှုကြောင့် ဒေသခံတွေ နှစ်ခါပြန် ကိုလိုနီဘဝကို ခံစားရဟု Green Bike အဖွဲ့ဆို


GreenBikeTripToDawei18Green Bike (အစိမ်းရောင်စက်ဘီးစီး) ၁၄ ဦးအဖွဲ့သည် သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေး ခရီးစဉ်တခုအနေဖြင့် ရန်ကုန်မှ ထားဝယ်သို့ ဇန်န၀ါရီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ (၅) ရက်ကြာ ခရီးစဉ်တခု သွားခဲ့သည်။
ရေဖြူမြို့နယ်၊ ရေပုံးရွာတွင် ထမင်းစားအနားယူနေစဉ်
ခရီးစဉ်၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး အဖွဲ့ဝင်တဦးဖြစ်သူ ကိုသက်နိုင်က “ထားဝယ်မှာရှိတဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ဒေသခံပြည်သူတွေကို အားပေးချင်လို့နဲ့ သူတို့နှင့်အတူ ရှိနေတယ်ဆိုတာကို ပြချင်တယ်။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး အရေးကြီးတယ်ဆိုတာကို လူထုတွေကို အသိပေးချင်တယ်။ ပြီးတော့ ဒေသခံတွေရဲ့ ရင်ဖွင့်သံတွေကို နားထောင်ချင်တယ်” ဟု ရှင်းပြခဲ့သည်။
၎င်းက ဆက်လက်ပြီး “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ လူတိုင်းမှာ တာဝန်ရှိတယ်။ နောက်တစ်ခုက ကျနော်တို့ မျိုးဆက်သစ်တွေအတွက် ထားခဲ့မလား၊ ဖြုန်းခဲ့မလားဆိုတာ သီလ၊ သိက္ခာ၊ သမာဓိရှိရှိနဲ့ တာဝန်ယူလုပ်ဆောင်ရမှာ ဖြစ်တယ်။ နောက်ဆုံးတစ်ခုအနေနဲ့ ကျနော်ပြောချင်တာက စက်မှုထွန်းကားလာလို့ ကုန်ကြမ်းထုတ်လုပ်မှုတွေ များလာတယ်။ လိုအပ်ချက်တွေလည်း များလာတယ်။ အဲဒါကြောင့် ဒေသခံတွေအနေနဲ့ ကိုလိုနီလက်အောက်ကို နှစ်ခါပြန်ရောက်နေရသလိုမျိုး ခံစားနေရတယ်” ဟု ထားဝယ်လူထုအသံကို ရှင်းပြခဲ့သည်။

ဒေသခံတွေရဲ့အခြေအနေမှာ ကျေးရွာလူနေမှုအပိုင်းတွင် ရှုပ်ထွေးနေတာတွေ တွေ့ရပြီး အထူးသဖြင့် မြေအရောင်းအဝယ်ကိစ္စ၊ လျော်ကြေးငွေ အဆင်မပြေမှုကိစ္စတွေ တွေ့ရသည်။ ထိုကြောင့် ဒေသခံတွေအနေနဲ့လည်း စိုးရိမ်ကြောင့်ကျမှုတွေ ရှိနေကြသည်။
အစိမ်းရောင်စက်ဘီးစီးအဖွဲ့တွင် ထားဝယ်သူ အမျိုးသမီးတစ်ဦးသူ မမြတ်အိသွယ်လည်း ပါဝင်ခဲ့ပြီး ခရီးစဉ်နှင့်ပတ်သက်ပြီး သူမက “ကျမအနေနဲ့ ခရီးစဉ်တစ်လျှောက်လေ့လာရသမျှ ဒေသခံတွေကို ခြိမ်းခြောက်တာတွေ လျော်ကြေးမပေးတာတွေ တွေ့ရတယ်။ အရင်တုန်းက သတင်းတွေမှာ ဖတ်ရတာတွေက မမှန်ကန်ဘူးလို့ ကျမ သံသယဖြစ်မိခဲ့တယ်။ ဒါပေမယ့် အခုကျတော့ တကယ့်အဖြစ်မှန်တွေကို တွေ့ခဲ့ရတယ်။ နောက်ပြီး ဒေသခံတွေကို ပြောချင်တာကတော့ လူငယ်တွေ စာများများဖတ်ဖို့ လိုတယ်။ သတင်းစာပဲဖြစ်ဖြစ်၊ ဂျာနယ်ပဲဖြစ်ဖြစ် စာပေမှန်သမျှ အကုန်ဖတ်ဖို့ တိုက်တွန်းချင်တယ်။ ကိုယ့်ဒေသမှာ ဘာတွေ ဖြစ်နေလဲဆိုတာတွေကို လေ့လာပါ။ စူးစမ်းပါ။ မသိတာတွေ ပြန်မေးပါ။ ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့အစည်းရောက်နေပြီပဲ ကျမတို့တတွေမှာ လုပ်ပိုင်ခွင့်တွေ အများကြီးရှိပါတယ်” ဟု ထားဝယ်လူထုအသံကို ရှင်းပြခဲ့သည်။
အစိမ်းရောင် စက်ဘီးစီးအဖွဲ့အား ဒေသခံတွေက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပြီး ဒေသခံများရင်ဖွင့်သံနှင့် ပြဿနာများကို နားထောင်သွားခဲ့သည်။
ထားဝယ်ခရီးစဉ်တွင် ကလုံးထာတွင် တစ်ညအိပ်ပြီး နဘုလယ်ဒေသကို ခရီးဆက်ခဲ့သည်။ မယင်းကြီးရွာမှ တစ်ဆင့် ဘဝါရွာနေရာချထားရေးစခန်းကို သွားရောက်လေ့လာခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်နေမှာ မောင်းမကန်ကို ခရီးဆက်ပြီး ၂ ရက်နေ့မှာ ထားဝယ်မြို့တွင် ခရီးစဉ်အဆုံးသတ်မည် ဖြစ်သည်။
အစိမ်းရောင်စက်ဘီးစီးအဖွဲ့ကို ၂၀၀၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ရန်ကုန်-ပဲခူးနှင့် ရန်ကုန်-ဧရာဝတီတိုင်းတွေကို သဘာဝပတ်ဝန်းကျင် စက်ဘီးစီးခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်လည်း ပြည်မြို့သို့ စက်ဘီးစီးခဲ့သည်။ ရှေ့ဆက်ပြီး တိုင်းနှင့်ပြည်နယ်များမှ အခြားအဖွဲ့အစည်းများနှင့် ဆက်စပ်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အခုလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်ဘီးစီးခရီးစဉ်များ လုပ်သွားဖို့ ကြိုးစားသွားမည်ဟုလည်း သိရသည်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls