Friday, July 27, 2012

ထားဝယ်စီမံကိန်း အစိုးရချင်း သဘော တူညီမှု ထိုင်း အသာ ရဟုဆို


မြန်မာ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သော ထားဝယ်နှင့် ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ လန်ချဘန် ရေနက်ဆိပ်ကမ်းအပါအ၀င် စက်မှုဇုန် စီမံကိန်းများချိတ်ဆက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်မှုများသည် ထိုင်းကို အသာရစေကြောင်း သြစတျေးလျနိုင်ငံ မက္ကိုင်းယားတက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ရှောင်တာနဲက Dawei Watch သို့ ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်၏ သုံးရက်တာ ခရီးစဉ်အတွင်း နည်းပညာပိုင်းဆိုင်ရာ၊ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အပြင် စွမ်းအင်ကဏ္ဍ တို့တွင်လည်း နားလည်မှု စာချွန်လွှာ ထိုးခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ၂၀၁၄ ခု အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရန် အရည်အသွေးမြှင့်တင်ရေး အပါအ၀င် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးအတွက်.........
ကူညီမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်  ယင်လပ် ရှင်နာဝပ်တရာ၏ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။
“ဒီသဘောတူညီချက်ကတော့ ထိုင်းနိုင်ငံအတွက် အသာစီးရမှာပါ။ ရေနက်ဆိပ်ကမ်းတွေနဲ့ တခြားသော စီမံကိန်းတွေက မြန်မာပြည်ထက်စာရင် ထိုင်းရဲ့ ကုန်သွယ်ရေးကို ပိုအကျိုးဖြစ်ထွန်းဖို့ရှိတယ်”ဟု ရှောင်တာနဲက ဆိုသည်။
ထိုင်းအစိုးရအနေနှင့် ရင်းနှီးမြှပ်နှံမှု တန်ဖိုး ကန်ဒေါ်လာ ၈ ဒဿမ ၆ ဘီလီလျံ ရှိ ထားဝယ် ဆိပ်ကမ်း (ဆောက်လုပ်ရေး စီမံကိန်း) ကို အကောင်အထည်ဖော်ရာမှာ ထင်သာမြင်သာရှိသည့် တိုးတက်မှုများ မြင်လိုကြောင်း ထိုင်းဝန်ကြီးချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ဖော်ဆောင်ရန် အီတာလျံ-ထိုင်း ကုမ္ပဏီမှ ဘဏ္ဍာရေး အကြပ်အတည်းများ တွေ့နေချိန်၊ ဂျပန်မှ ချေးငွေများ ရရှိရန် ကြိုးစားနေချိန်နှင့် ပြည်တွင်း မိတ်ဖက်ဖြစ်သော Max-Myanmar မှ စီမံကိန်းမှ တဖြည်းဖြည်း ထွက်ခွာရန် တာစူနေချိန်တွင် ထိုင်းအစိုးရဘက်မှ ယင်း စီမံကိန်းကို အစိုးရအဆင့် စီမံကိန်းအဖြစ် သတ်မှတ်ရန် မြန်မာအစိုးရနှင့် သဘောတူညီချက် ရယူနိုင်ခဲ့သည်။
“ထိုင်းအစိုးရရဲ့ ပါဝင်ပတ်သက်မှုကတော အီတာလျံ-ထိုင်းကုမ္ပဏီအနေနဲ့ ဘဏ္ဍာရေး အခက်အခဲတွေဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေတော့ စိတ်ဝင်စားစရာပါပဲ”ဟု သြစတေးလျနိုင်ငံ အခြေစိုက်  မြန်မာ့စီးပွားရေးစောင့်ကြည်မှု အဖွဲ့၏ အယ်ဒီတာလည်း ဖြစ်သူ ရှောင်တာနဲလ်က ဆိုသည်။
လေးဖင့်နေသော ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ရန်နှင့် ရွေ့ဆိုင်းထားသော ကိစ္စရပ်များ အစီအစဉ်ချရန် နှစ်နိုင်ငံ ၀န်ကြီးများလာမည့် လတွင် တွေ့ဆုံရန်ရှိကြောင်း ထိုင်းဝန်ကြီးချုပ်ကဆိုသည်။
ပို့ကုန်များ ဥရောပသို့တင်ပို့ရာတွင် စင်ကာပူအစား နောက်ထပ် ဆိပ်ကမ်းတစ်ခု လိုအပ်သောကြောင့် ထိုင်းအရှေ့ဘက်ဆိပ်ကမ်းနှင့် ထားဝယ်ကို ချိတ်ဆက်နိုင်မည့် နည်းလမ်းများ အစိုးရကို တင်ပြမည်ဖြစ်ကြောင်း ထိုင်းစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု ဘုတ်အဖွဲ့ (NESDB) က ပြီးခဲ့သည့် သုံးလခန့် ပြောဆိုခဲ့ဖူးသည်။
“ထိုင်းဘက်က ချိတ်ဆက်မယ့်လမ်းက ၂၀၁၅ မှာပြီးမှာ အဲဒီအချိန် ဒီ (ထားဝယ်) ဘက်မှာ အဆင်သင့်မဖြစ်မှာကို NESDB က စိုးရိမ်နေတာ။ ဒါကြောင့် အစိုးရကို ဖိအားပေးထားတာ”ဟု ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DDA) မှ ရန်ကုန်ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင် က သုံးသပ်သည်။
ထိုင်းနိုင်ငံသို့သွားရောက်ခဲ့သော သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နားလည်မှု စာချွန်လွှာသုံးရပ်အပြင် ကယား၊ ကရင်နှင့် တနသာင်္ရီနယ်စပ်တစ်လျှောက်ရှိ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ ဖူနမ်ရွမ်၊ ကန်ချနဘူရီ နယ်စပ်များတွင် နယ်စပ်ဂိတ်သစ်များ ဖွင့်လှစ်ရေး သဘောတူခဲ့သည်။
from Dawei Watch
မူရင်း.. http://www.ddamyanmar.com/?p=519

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls