Thursday, July 26, 2012
တိုးချဲ့ခွင့်သာ ရမယ်ဆိုရင် ထားဝယ်မှာသဘာဝနေရာတွေအများကြီး
မျှော်ရစ်ကမ်းခြေ တစ်နေရာ
photo : ကိုနဂါး
ထားဝယ်ကို နောက်ထပ် ကမ္ဘာလှည့် ခရီးသွားများ အခြေ ချရာ နေရာ တစ်ခုဖြစ်လာ မလား ဟု စောကျော သူများ ရှိသည်။ မြန်မာနိုင်ငံတောင်ဘက်ပိုင်း ထားဝယ်သည် သဘာဝ ပတ်ဝန်းကျင် အလှတွေ၊ သယံဇာတ အလှတွေ ရှိသော်ငြား အကြောင်းကြောင်းကြောင့် ပွင့်လင်း မြင်သာမှု မရှိခဲ့။
ယခုမူ ထားဝယ် စီမံကိန်း ကဲ့သို့သော အခင်းအကျင်း အသစ်များကြောင့် ခရီးသွား ဧည့်သည်များ ၀င်လာမစဲ ဖြစ်လာသည်။ ထို့ကြောင့် စီးပွားရေး ကြောင့်ပင်ဖြစ်စေ၊ သဘာဝ ပတ်ဝန်းကျင် အလှကြောင့် ပင်ဖြစ်စေ၊ ခရီးသွား ဧည့်သည်တွေ လာခဲ့လျှင် ထိုခရီးသည်တွေ အတွက် မိမိတို့ ထားဝယ်ဒေသ သည် အဆင်သင့် ဖြစ်ပြီလား ။ အမှန်တကယ် ခရီးသွားများ အခြေချ သင့်သောနေရာ ဖြစ်ပါသလား။ ဘာကြောင့်နည်း။ ဘာတွေ ပြင်ဆင်ထားဖို့လိုအပ်သနည်း၊......
စသည်တို့ကို သိရှိနိုင်ရန် ၂၀၁၂ ခုနှစ်တွင်  ရန်ကုန် တက္ကသိုလ်တွင် ထားဝယ် ဒေသတွင် ဖြစ်နိုင်ချေ ခရီးသွား နေရာများကို သုတေသန ပြုထားသော “Geopraghical Assessment On the Potential Ecotourism Sites in Dawei District,Tanintharyi Region” ကျမ်းဖြင့် ပါရဂူဘွဲ့ကို ရရှိခဲ့ ပြီး ထားဝယ် ဒေသခရီးသွား လုပ်ငန်းနှင့် ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေသည့် ထားဝယ် တက္ကသိုလ်၊ ပထ၀ီဝင် ဌာနမှ ဒေါက်တာကျော်နိုင်အား မေးမြန်း ထားပါသည်။
Dawei Watch  – ဆရာရေ ထားဝယ် ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကျမ်းပြု ထားတယ်လို့ သိရပါတယ်။ ဒီတော့ ဆရာ ထားဝယ် ဒေသရဲ့ လက်ရှိ ခရီးသွား လုပ်ငန်း အနေအထား လေးကို သုံးသပ် ပေးပါခင်ဗျား။
Dr. Kyaw Naing  - အများကြီးကို တိုးတက် ပြောင်းလဲ လာတယ်လို့ ပြောရမှာပေါ့ဗျာ..။ အရင်တုန်းက ဒီကို လာရောက် လည်ပတ်သူ တော်တော် နည်းတယ်။ ၂၀၁၀-၁၁ မှာနိုင်ငံခြားသား အရေအတွက် ၅၈၁၄ ဦးကနေ ၂၀၁၁-၁၂ မှာတော့ နိုင်ငံခြားသား ၁၀၄၅၉ ဦး လာခဲ့တယ်။ တိုးတက် လာတယ်ပေါ့။ ပြည်တွင်း ခရီးသွားလည်း သိသိသာသာ တိုးတက်လာတာ တွေ့ရပါတယ်။
DW – ဘာကြောင့်အခုလို တိုးတက်လာတာလဲ ခင်ဗျား ။
Dr. KN – ၂၀၀၉-၂၀၁၀ နောက်ပိုင်း ခရီးသွား တွေပိုလာကြတာက ထားဝယ် ရေနက် ဆိပ်ကမ်း ကြောင့်လည်းပါတယ်။ ပြည်တွင်း ခရီးသွားတွေ ကတော့ တစ်ခြား နေရာတွေ သူတို့သွားလည် နေရတာ ထပ်နေပြီ။ ဒါကြောင့် နေရာ အသစ်ဖြစ်တဲ့ ထားဝယ် ကိုရွေးချယ် လာတာ။ နောက်တစ်ချက်က ဒေသတွင်း တည်ငြိမ် အေးချမ်း လာတာ ကြောင့်လည်းပါတယ်။
 DW – ထားဝယ် ဒေသ ခရီးသွား လုပ်ငန်း တိုးတက်ဖို့ အတွက် အကြီးမားဆုံး စိန်ခေါ်မှု တွေက ဘာတွေ ဖြစ်မလဲ ခင်ဗျား ။
Dr. KN - ခရီးသွား လုပ်ငန်း တိုးတက်ဖို့အတွက် အကြီးမားဆုံး စိန်ခေါ်မှု ကတော့ Infrastructure နဲ့ Services ကောင်းကောင်း ရှိဖို့လိုတယ်။ ထားဝယ် ဒေသအနေနဲ့ ဒီကဏ္ဍတွေက အများကြီး လိုသေးတယ်။ အဓိက ကတော့  လမ်းပန်း ဆက်သွယ်ရေးနဲ့ ခရီးစဉ် လုံခြုံမှုရှိရေး၊ အဆင့်မီ ဟိုတယ် အခန်း အရေအတွက်၊ လွယ်ကူ မြန်ဆန်တဲ့ ဗီဇာ စနစ်၊ မဖြစ်မနေ ဆက်ဆံ ရမယ့်ဌာန တွေရဲ့ လုပ်ထုံး လုပ်နည်းနဲ့ စီမံခန့်ခွဲမှု ပုံစံ၊ စားသောက်ဆိုင်တွေ၊ လမ်းခရီးမှာ သန့်ရှင်းသပ်ရပ် စနစ်ကျတဲ့ သန့်စင်ခန်း ဒါတွေ လိုအပ်တယ်။ အချို့ဧည့်သည် တွေက အရည်အသွေး မြင့်မားတာကို အဓိက ထားပေမယ့် လက်ခံ နိုင်လောက်တဲ့ အနေအထားရှိတဲ့ စားသောက်ဆိုင် တွေ လိုအပ်ပါတယ်။ ပြန်ချုပ်ရင်တော့ အခြေခံ အဆောက်အဦး ဖြစ်တဲ့ လမ်းပန်း ဆက်သွယ်ရေး နဲ့ ၀န်ဆောင်မှုပေါ့။
DW – အစိုးရ အနေနဲ့ ဒါတွေ ကျော်လွှားနိုင်မယ် လို့ထင်လား ဆရာ ။
Dr. KN – ကျော်လွှားနိုင်မှာပါ။ အရင်က အရိပ်မည်း ကြီးကြောင့် မတိုးတက် ခဲ့ဘူး။ အခု နိုင်ငံတော် အစိုးရ လက်ထက် တင်းကျပ်တဲ့ ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေ၊ မူဝါဒတွေ မရှိတော့ဘူး။ ဒေသ တွင်းမှာလည်း ငြိမ်းချမ်းရေး ရလာတယ်။ ခုလို internet,social networks,websites တွေက တစ်ဆင့် ထားဝယ် ဒေသမှာ ရှိတဲ့ မပျက်စီး သေးတဲ့ သဘာဝ အလှအပ တွေကို ခုထက် ပိုသိအောင် ဆောင်ရွက် ရမယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ အတွက်လည်း မီဒီယာတွေ၊ public relation တွေ၊ ကြော်ငြာတွေ၊ လက်ကမ်း  စာစောင်တွေ ကတစ်ဆင့် ဖြန့်ဝေတာ တွေလုပ်ရင် ပိုတိုးတက် လာမယ်။ နောက် ထားဝယ် မှာလည်း မကြာခင် အဆင့်မီ ဟိုတယ်တွေ ပေါ်လာမှာပဲ။ ခုတောင် ဆောက်နေကြတာ တော်တော် ပြီးနေပြီ။ ဟိုတယ် ခရီးကလည်း ဒီလာပြီး သင်တန်းတွေ ပို့ချ ထားတာ ရှိတယ်လေ။ အပြင်နဲ့ ထိတွေ့ ဆက်ဆံမှု များလာရင်တော့ လည်း ဌာနဆိုင်ရာတွေ အနေနဲ့ သူတို့ တာဝန်ပိုင်းတွေကို သဘောပေါက် လာမှာပါ။
DW – ဘယ်လို အစီအမံ တွေရှိသင့် သလဲဆရာ။ အစိုးရပိုင်း ကရော၊ ပုဂ္ဂလိကပိုင်း ကရောပေါ့။
Dr. KN – ခရီးသွား ဧည့်သည်တွေ ပိုရောက် လာဖို့ ခရီးစဉ် အသစ်တွေ ဖော်ထုတ် ရမယ်။ ဟိုတယ်ဇုန်တွေ တိုးချဲ့ တည်ဆောက်ရမယ်။ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေအောင် ဆောင်ရွက်ရမယ်။ ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်ပြီး သင်တန်း ဖွင့်တာတို့ လုပ်ရမယ်။ အစိုးရရဲ့ အားပေးကူညီမှုနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေ အပါအ၀င် ဒေသခံ တွေနဲ့ NGO အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်း ဆောင်ရွက်ရင် တိုးတက် လာပါလိမ့်မယ်။`
DW – ထားဝယ် ဒေသ ခရီးသွား လုပ်ငန်းအတွက် အခြေခံ အဆောက်အဦး တွေ ပြည့်စုံပြီလား ဆရာ။
Dr. KN – Infrastructure အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် လုံးဝမပြည့်စုံ သေးပါဘူး။ ၂၀၁၁-၁၂ ခရီးသည် အရေအတွက်နဲ့ တောင် အခက်အခဲရှိခဲ့တယ်။ ခရီးသည် အ၀င်များလာပြီဆိုရင် လုံလောက်တဲ့ ၀န်ဆောင်မှု ပေးနိုင်မယ် မဟုတ်ဘူး။ ထားဝယ်မှာ လက်ရှိ အနေအထား အရ ဟိုတယ်(၃)လုံးနဲ့ တည်းခိုခန်း (၂၆)ခု ရှိတယ်။ ဟိုတယ်အခန်း အရေအတွက်ဆိုရင် (၆၁)ခန်းပဲရှိသေးတယ်။ အဓိကကတော့ Infrastructure တွေပဲ။ လမ်းပန်း ဆက်သွယ်ရေး ကောင်းဖို့လိုမယ်။ ဟိုတယ်တွေ လုံလုံလောက်လောက် ရှိရမယ်။ နောက်ထပ် အရေးကြီး တာက ခရီးစဉ် ဒေသရဲ့လြုံခုံရေး ပါပဲ။
DW – လက်ရှိသွားလာနေတဲ့နေရာတွေအပြင်ဘာတွေတိုးချဲ့နိုင်မလဲ ဆရာ။
Dr. KN – ထားဝယ်မှာ ခရီးစဉ် တိုးချဲ့စရာတွေ အများကြီးပဲ။ ဘုရားဖူး၊ အပန်းဖြေခြင်း အပြင် သဘာဝ အခြေခံ ခရီးသွား လုပ်ငန်း (Ecotourism Sites) နေရာတွေ အများကြီး ရှိပါတယ်။
DW – Ecotourism နဲ့   ဘာတွေ ကွာခြားမှု ရှိသလဲ။ Ecotourism ရဲ့ အားသာချက်၊ အားနည်းချက် တွေက ဘာတွေလဲ ဆရာ ။
Dr. KN – Tourism industry ဆိုတာက သဘာဝ ဒေသတွေကို သွားရောက် လေ့လာ ကြည့်ရှုရုံ ဖြစ်ပြီးတော့ Ecotourism က သဘာဝ ဒေသတွေကို လေ့လာရုံ မကတော့ဘဲ ဒေသခံ တွေရဲ့ ပတ်ဝန်းကျင်၊ အသက်ရှင်သန် ရပ်တည်မှု ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို လေ့လာတာ..။ လောက သဘောအရ တော့ဗျာ တစ်ဖက်မှာ တိုးတက်မယ် တစ်ဖက်မှာ ဆုတ်ယုတ် တတ်တာပဲဗျ။ အရှိန်နဲ့ တိုးတက်နေတဲ့ Econtourism ကြောင့် Impacts တွေ ဖြစ်လာ နိုင်တယ်။ ကောင်းကျိုး အနေနဲ့တော့ သဘာဝ ရေမြေ တောတောင်ကို ထိန်းသိမ်းတဲ့ အလေ့အထ ကိုရမယ်။ ရိုးရာ ယဉ်ကျေးမှုနဲ့ စာပေကို ထိန်းသိမ်း တတ်လာမယ်။ နိုင်ငံတော် အတွက် နိုင်ငံခြား ၀င်ငွေရရုံ မကဘဲ ဒေသတွင်း ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက် လာမယ်။ ဒါတွေကတော့ အကျိုးတွေပေါ့။ ဆိုးကျိုး ကတော့ သဘာဝ သစ်တော ထိန်းသိမ်းမှုက ပျက်စီးစေ နိုင်တယ်။ စွန့်ပစ် ပစ္စည်းတွေ ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် စေနိုင်တယ်။ ဒေသခံ ပြည်သူတွေရဲ့ အမူအကျင့် ပြောင်းနိုင်တယ်။ အတု ခိုးမှားတာ မျိုးပေါ့။ နိုင်ငံခြားသား ဧည့်သည် တွေဆီက ၀င်ငွေ ရလို့ဒေသခံ ကျောင်းသားအရွယ် ကလေးတွေ ကျောင်း ပညာရေးမှာ အားလျော့ လာနိုင်တယ်။ ဒါတွေက ဆိုးကျိုးတွေ။ အားနည်းချက် ပေါ့ဗျာ။
DW – ထားဝယ်မှာ ပင်လယ်ကမ်းခြေအနေနဲ့ ဘာတွေရှိမလဲ..ဆရာ။
Dr. KN - အများအားဖြင့် ခရီးသွားတွေက မောင်းမကန်၊ မျှော်ရစ် ကမ်းခြေတွေ လောက်ပဲ သွားတာ များတယ်။ ဒီကမ်းခြေ တွေထက် သဘာဝ ပတ်ဝန်းကျင် အရရော ၊ရေ အရည်အသွေး၊ ကမ်းခြေ အနေအထား ကောင်းတာတွေ အများကြီး ရှိပါတယ်။ ထားဝယ် ဒေသမှာ သဘာဝ အတိုင်း လှပ နေသေးတဲ့ ကမ်းခြေပေါင်း (၃၀) ကျော်ရှိတယ်။
 ဥပမာ…    စမ်းလှမ်း ကမ်းခြေ၊
 မြင်းခွာအော် ကမ်းခြေ၊
ကတွဲ၊
 ကျောက်ခမောက် ကမ်းခြေ၊
မယင်းကြီး ကမ်းခြေ စသဖြင့် ပေါ့ဗျာ…။
DW – တခြားလေ့လာဖို့ ကောင်းတဲ့နေရာတွေ ညွှန်းပါဦးဆရာ။
Dr. KN –  ဟုတ်ကဲ့။ တခြား လေ့လာဖို့ ကောင်းတဲ့နေရာတွေ အများကြီးပဲ။ ထားဝယ် ဒေသဟာ ပင်လယ် ကမ်းရိုးတန်း ဒေသဖြစ်လို့ ခရီးသွားလုပ်ငန်း အကွက်အကွင်းတွေ ဖော်ထုတ်သင့်တယ်။ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နိုင်တဲ့ နေရာတွေက နွားလဘို့တောင်(၁၅၄၁.၉၈ မီတာ)၊ ကျောက်သေတ္တာတောင် (၁၀၈၀.၅၂ မီတာ)၊ စပါးတောင်(၄၄၉.၅၈ မီတာ)၊ ဖိုးခေါင်းတောင်(၁၀၃၈.၇၆ မီတာ)၊ တောမိုးတောင်(၄၇၅.၁၈ မီတာ) တို့ပဲ။ သဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ် ထားတာက(၂)နေရာ။ ဧရိယာ၄၉.၁၈ စတုရန်း ကီလိုမီတာရှိတဲ့ “မော့စကော့ကျွန်း” ဘေးမဲ့ တောရယ် ၊ တနင်္သာရီ သဘာဝ သစ်တော ကြိုးဝိုင်း ဘေးမဲ့တောရယ် နှစ်နေရာပေါ့ ။
ကျန်းမာရေး အတွက် အနားယူ အပန်းဖြေနိုင်တဲ့ နေရာ..Spa (ရေပူစမ်းတွေပေါ့လေ..)က
 မောင်းမကန် ရေပူစမ်း
 ပဲရေပူစမ်း၊
သရက်ငုတ် ရေပူစမ်း တို့ပါ။
 နောက်…မိုးရာသီမှာတော့ ရေတံခွန် တွေပေါ့..။
ဝဇွမ်းချောင်း ရေတံခွန်၊
သင်္ကန်းတုံး ရေတံခွန်၊
 ပခပ် ရေတံခွန်၊
 ဆင်ကိုးရပ် ရေတံခွန်၊
သရက်ချောင်း ရေတံခွန်၊ ၀င်းဝ ရေတံခွန်၊
သိမ်ကုန်း ရေတံခွန် တို့ရှိပါတယ်။
အသစ်တွေ ဖော်ချင်ရင်တော့ ထားဝယ် မြစ်အတွင်းမှာ အပျော်စီး လှေလေးတွေနဲ့ ဒီရေတော တွေရဲ့ ဂေဟစနစ်ကို လေ့လာနိုင် ပါသေးတယ်။
DW – ကျွန်တော် တို့နိုင်ငံမှာ ဒီလို နေရာတွေ အများကြီး ရှိတာပဲ။ ဘာကြောင့် ထားဝယ်ကို ခရီးသွားတွေ
စိတ်ဝင်စား မှာလဲ ခင်ဗျား ။
Dr. KN – ဒီမှာက အများနဲ့ မတူတဲ့ ထူးခြားချက်တွေ ရှိပါတယ်။ ထားဝယ် ဒေသဟာ ရာသီဥတု အနေနဲ့ ပျမ်းမျှအပူချိန် ၂၇  ဒီဂရီ စင်တီဂရိတ်၊ ပျမ်းမျှ မိုးရေချိန် ၅၀၀၀ မီလီမီတာ ကျော်ရပြီး အလွန် ထူးခြားတဲ့ ပထ၀ီ အနေအထား ရှိပါတယ်။ ထားဝယ်ရဲ့ အရှေ့ဘက်မှာ ၅၀၅၉ ပေ လောက်မြင့်တဲ့ နွားလဘို့တောင် ဟာ ဆယ့်နှစ်လ ရာသီစလုံး နှင်းတွေရှိတယ်။ ဖုံးနေတယ်။ ဧပြီလ မှာတောင် အလွန်အေးတာ။ နွားလဘို့ တောင်ရဲ့ ပတ်ဝန်းကျင်မှာ သမပိုင်း ရာသီဥတု ရရှိတဲ့ဒေသမှာ ပေါက်ရောက်တဲံ ထင်းရှုးတော တွေ၊ ဆားငန်သီး ပင်တွေ ထူးထူးခြားခြား ပေါက်နေတယ်။
မြင်းခွာအော် လိုကမ်းခြေမျိုး မှာတခြားကမ်းခြေ တွေနဲ့မတူဘဲ ရေအနက် ၄ ပေအထိ ကိုယ့်ခြေဖမိုး ကိုယ် မြင်နိုင်တယ်။ ရေတော်တော် ကြည်တယ်ဗျ။ ရေပူစမ်း ဆိုရင် အင်းလေး ခေါင်တိုင် ရေပူစမ်းက အပူချိန် ၉၄ ဒီဂရီ ဖာရင်ဟိုက် ထက် အများကြီး ပိုပူပြီး သဘာဝ အလျောက်အပူချိန် ၂၁၂ ဒီဂရီဖာရင်ဟိုက် ကနေ၂၁၉ ဒီဂရီ ဖာရင်ဟိုက် ရှိတဲ့ ပဲရေပူစမ်း၊ ချောင်းသာ ကမ်းခြေ ၁.၃ မိုင်ထက် ရှည်တဲ့ မောင်းမကန် က ၃.၇ မိုင် အရှည်ကမ်းခြေ.. ဒါတွေက ထူးခြားချက်တွေ ခရီးသွားတွေ စိတ်ဝင်စားမှာပါ။
DW – ဒီလို သဘာဝ အလှတွေ ပြည့်နေတဲ့ နေရာမှာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည် ဖော်မှု အပေါ် ဆရာဘယ်လို သုံးသပ်မလဲ။
Dr. KN -  တစ်ဖက် ကကြည့်ရင်တော့…စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူနေမှု ဘ၀ မြှင့်တင်ရေး အတွက် လုပ်ဆောင်ရင်း နဲ့တစ်ဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်ကို ညစ်နွမ်း စေနိုင်တဲ့အတွက် တိုးတက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဒွန်တွဲပြီး အစဉ်အမြဲ လုပ်ဆောင်သွားဖို့ သတိပြု သင့်ပါတယ်။ စက်မှုနည်း ပညာဖွံ့ဖြိုးမှုနဲ့ အတူသဘာဝ ပတ်ဝန်းကျင် အရည်အသွေး ပျက်စီးပြီး ကျဆင်းလာ နိုင်တာမို့ ထိန်းသိမ်း ဆောင်ရွက်ဖို့ တော်တော် လိုပါတယ်။ စွန့်ပစ် ပစ္စည်းကိစ္စ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု တွေကြောင့် ကျန်းမာရေး မထိခိုက်ဖို့၊ စက်ရုံတွေ စတင် တည်ဆောက်ချိန် ကစပြီး နိုင်ငံတကာ စံချိန် စံညွှန်း သတ်မှတ်ချက်တွေ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေရဲ့ ထိန်းချုပ်ရေး စီမံချက် တွေအတိုင်း လိုက်နာဖို့ လိုပါတယ်။ ဒါတွေ စနစ်တကျ မလုပ်ဘူး ဆိုရင်တော့ ထားဝယ် ရေနက်ဆိပ်ကမ်းရဲ့ တောင်ဘက်ရှိတဲ့ ကမ်းခြေတွေရဲ့ ဂေဟ စနစ်ကိုထိခိုက်လာ နိုင်ပါတယ်။ သက်ဆိုင်ရာ နယ်ပယ် Community ရဲ့ အကျိုးစီးပွား မပျက်စေဖို့ ဘောင်တို့၊ မူဝါဒ တို့နဲ့ စနစ်တကျ ထိန်းသိမ်းဖို့ လိုပါတယ်။ ဒါ…ကျွန်တော့် အမြင်ပေါ့နော်။
DW – ခရီးသွား လုပ်ငန်း တိုးတက်အောင် လုပ်ရာမှာ Sex tourism လို မျိုးမဖြစ်အောင် မူဝါဒ ချမှတ်သူတွေ အနေနဲ့ ဘယ်လို အစီအမံတွေ ရှိသင့်လဲ။
Dr. KN – ခရီးသွား လုပ်ငန်းနဲ့ စီးပွား ဖြစ်ထွန်းတဲ့ နိုင်ငံတွေ ရှိသလိုပဲ ဒီလို တိုးတက်ခြင်းကြောင့် သဘာဝ ပျက်စီးတာလည်း ရှိတာပဲ။ အမျိုးသား ယဉ်ကျေးမှု ပျောက်ကွယ်လု ဖြစ်မယ် ။ လူမှု ရောဂါတွေ ဖြစ်ပေါ် ခံစားမယ်။  အမှုအခင်း ပေါများပြီး စာရိတ္တ ယိုယွင်းမယ်။ ခုနပြောတဲ့ Sex tourism ကိစ္စ၊ မူးယစ်ဆေးဝါး ကိစ္စ၊ လက်နက်ပုန်း ကိစ္စ၊ လောင်းကစားဝိုင်း ကိစ္စ၊ (Girls, Ganja, Guns, Gambling) ပေါ့ ။ သယ်ဆောင် ကူးစက်ခြင်း မဖြစ်အောင် တင်းတင်းကျပ်ကျပ် ထိန်းသိမ်းဖို့ လိုမယ်။ ရာဇ၀တ်မှု ဖြစ်တတ်တဲ့ နေရာတွေကို မသွားနိုင်အောင် ကန့်သတ် ထိန်းချုပ်ခြင်းတွေ၊ မူဝါဒတွေကို အခါအား လျော်စွာပြုပြင်တာမျိုး  လုပ်နိုင်ရမယ်။ နောက် ဒေသတွင်းမှာ ဆင်းရဲမွဲတေမှု လျော့ပါး နေရမယ်။ ပြီးတော့ ပညာတတ်မြောက်မှု မြင့်မား နေရမယ်။ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ ဖွံ့ဖြိုး နေရမယ်။
DW – ထားဝယ် ဒေသရဲ့ ခရီးသွား လုပ်ငန်းရှေ့ အလားအလာ ကိုလည်း သုံးသပ် ပေးပါဦး ဆရာ ။
Dr. KN – ထားဝယ် ဒေသဟာ အခြား ဒေသတွေနဲ့ နှိုင်းယှဉ်ရင် ခရီးသွား လုပ်ငန်း လွတ်လပ်စွာ ခွင့်ပြုထားတဲ့ ဒေသ မဟုတ်လို့ တိုးချဲ့ခွင့် ရမယ်ဆိုရင် နေရာတွေ အများကြီးပါ။ ဒီမှာတောတောင် ရေမြေ သဘာဝ အတိုင်း ရှိနေသေးတယ်။ မြစ်၊ ချောင်းတွေ လည်း ဒီအတိုင်းပဲ။ လမ်းပန်း ဆက်သွယ်ရေးသာ ဒီ့ထက် ပိုကောင်းရင် နိုင်ငံခြားသား ခရီးသည်တွေ တော်တော် စိတ်ဝင်စား မယ့်နေရာ။ ယဉ်ကျေးမှု အနု လက်ရာတွေ လေ့လာ နိုင်တဲ့နေရာတွေလည်း ရှိသေးတယ်။ ခရီးသွား လုပ်ငန်းသာ တိုးတက် လာမယ် ဆိုရင် ဆက်စပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေပါ တိုးတက် လာနိုင်ပါတယ်။ခရီးသည် တွေများရင် Direct Suppliers တွေဖြစ်တဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ လေကြောင်းလမ်း၊ ကားလမ်းတွေ ကောင်းလာနိုင်မှာပေါ့။ ခုဆို ထားဝယ်မှာ ဟိုတယ်တွေ တိုးချဲ့ ဆောက်နေတာ မျက်မြင်ပဲလေ..။ နောက် Indirect Suppliers တွေ ဖြစ်တဲ့ ဟိုတယ်ကို ပစ္စည်း တင်သွင်းသူတွေ..၊ သယ်ယူပို့ ဆောင် ရေးလုပ်ငန်းတွေ၊ အခွင့်အလမ်း ရမယ့်အပြင် local people လို့ ခေါ်တဲ့ခရီးစဉ် နေပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိလာမယ်။ ဒေသတွင်း အကျိုးဖြစ်ထွန်း လာမှာပါ။
DW – ကျေးဇူးပါဆရာ…။
မူရင်းဆိုဒ် 
မှာလဲသွားဖတ်နိုင်ပါတယ်
No comments:
Post a Comment
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls