Sunday, July 22, 2012

မောင်းမကန်အနီး ကမ်းခြေမြေနေရာ ပိုင်ဆိုင်မှု အငြင်းပွား


ထားဝယ် စီမံကိန်းနှင့် ဆက်စပ် လျှက်ရှိသည့် မောင်းမကန် ကမ်းခြေတစ်လျှောက် ပြင်ကြီး ကျေးရွာ ကမ်းခြေတွင် ကျေးရွာ လူထုနှင့် လုပ်ငန်းရှင် များ ဧက တစ်ရာ နီးပါးရှိ ချဉ်ပေါင်ခင်း မြေယာ ပိုင်ဆိုင်မှု အငြင်းပွား လျှက်ရှိကြောင်း ဒေသခံ များထံမှ သိရသည်။
ထားဝယ် စီမံကိန်းနှင့် အခြား လျာထားဆက်စပ် စီမံကိန်းများကြောင့် ကမ်းခြေ တစ်လျှောက် မြေယာများ တန်ဖိုးမြင့်မား လာချိန် ၂၀၁၂ ခုနှစ် အစောပိုင်း မှစတင်၍ ယင်း ကျေးရွာပိုင် ကမ်းခြေနေရာ များကို အရောင်း အ၀ယ်ပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင် များက ယင်း ဧရိယာ အတွင်းတွင် နှစ်ရှည် ပင်များကို စတင် စိုက်ပျိုးခြင်း၊ ခြံစည်းရိုး သတ်မှတ်ခြင်း များ တပြိုင်နက်တည်း....
လုပ်ဆောင် လာခဲ့ကြောင်း ချဉ်ပေါင် စိုက်ပျိုးသူ များက ပြောဆိုသည်။
ဒေသခံ များအပါ အ၀င် ချဉ်ပေါင်စိုက်ပျိုးသူ ၂၂၈ ဦးက ၈၈ ဧကရှိ ယင်းမြေနေရာတွင် ပြန်လည် လုပ်ကိုင် ခွင့်ရရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးသို့ ဇွန်လ ၂၂ ရက်နေ့ရက်စွဲဖြင့် တတိယ အကြိမ်မြောက် လက်မှတ် ရေးထိုးတောင်းဆို လိုက်သည်။
ယင်းမတိုင်ခင် တိုင်းဒေသကြီး အစိုးရသို့ တိုင်ကြားမှု နှစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် တတိယ အကြိမ်မြောက် တိုင်ကြား ရခြင်းဖြစ်သည်ဟု ယင်းတောင်းဆို စာတွင်ဖော်ပြသည်။
အဆိုပါ စားကျက်မြေ၌ လွန်ခဲ့သော နှစ် ၄၀ ခန့်ကပင် ဒေသခံများက ချဉ်ပေါင် စိုက်ပျိုးကာ အသက်မွေး ၀မ်းကျောင်းပြု နေခဲ့ကြောင်း ကာယကံ ရှင်များက ဆိုထားပြီး ယခုလက်ရှိ ချဉ်ပေါင် စိုက်ပျိုးသူ ဦးရေ ၄၀ ကျော်ရှိသည်။
မိရိုးဖလာ ချဉ်ပေါင် စိုက်ပျိုးသည့်နေရာဖြစ် သည့်အတွက် ယင်းမြေနေရာအား ကျေးရွာ ပိုင်မြေအဖြစ် ရှိစေလိုပြီး  အခိုင်အမာ အဆောက် အဦတည်ဆောက်ခြင်း ၀င်းခြံခတ် ခြင်းများကို မလိုလားကြောင်း ယင်းမြေယာ အငြင်းပွားမှုကို အနီးကပ် စောင့်ကြည့်နေသည့် ပြင်ကြီးရွှာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဇော်မျိုးဦးနှင့် ဒေသခံများက ပြောဆိုသည်။
“ရွာသားတွေ လွတ်လွတ် လပ်လပ်နဲ့ နှစ်စဉ် လုပ်ကိုင် စားသောက်နေရတာပဲ လိုချင်တယ်” ဟု ဦးဇော်မျိုးဦး က ပြောသည်။
လုပ်ငန်းရှင် များအနေနှင့်လည်း ဒေသခံများက ၎င်းတို့ ပိုင်ဆိုင်သည့် မြေယာများ အတွင်း ကျူးကျော် ၀င်ရောက်ကာ စိုက်ပျိုး လာခြင်းဖြစ်ပြီး  နှစ်စဉ် ဖျက်ဆီးနှောက်ယှက် ခြင်းများကို ကြုံရကြောင်း လုပ်ငန်းရှင် ဦးတင်မောင်ထွေးက တုံ့ပြန် ပြောဆိုသည်။
“နှစ်တိုင်း ခြံထဲကို အုပ်စုဖွဲ့ ကျူးကျော် တာမျိုးကို လက်မခံနိုင်ဘူး”ဟု ၎င်းက ဆိုသည်။
၎င်းအနေနှင့် ၂၀၀၆ နှစ်လည်ပိုင်း ကတည်းက မြေစာရင်း ဦးစီးဌာနမှ ပုံစံ ၁၀၅ (မြေပုံပါသည့် မြေစာရင်း ပုံစံ) ကို ရယူခဲ့ပြီး  ၂၀၀၉ ခုနှစ် တွင် စုစုပေါင်း မြေဧက ၂၄ ဧက ကျော်အထိ ထပ်မံ တိုးချဲ့ခဲ့ပြီး ရေရှည် အတွက် စိုက်ပျိုးနေခြင်းဖြစ် သည်ဟု ဆိုသည်။
ခြံပိုင်ရှင်ဟု ဆိုသူက ယင်းမြေအား ၀ယ်ယူထား ပြီးပြီဟုဆိုကာ ချဉ်ပေါင်မစိုက်ရ တားမြစ်ခံ ရသည်ဟု ကမ်းခြေနေရာ ပေ ၁၂၀ ပတ်လည်ခန့်တွင် ချဉ်ပေါင် စိုက်ပျိုးသူ အသက် ၅၆ နှစ် အရွယ် ဒေါ်မိသန်းက ရှင်းပြသည်။
“ ချဉ်ပေါင် ၁၅ ရက် သားမှာ သူတို့ (ဥယျာဉ်ခြံ ပိုင်ရှင်ဟု ဆိုသူများ) က သီဟိုဌ်ပင်တွေ လာစိုက်တော့ ချဉ်ပေါင်ပင်တွေ ထိသွားတယ်” ဟု ဒေါ်မိသန်းက ဆိုသည်။
ပြင်ကြီးကျေးရွာ ရှိ ဒေသခံများသည် နွေရာသီတွင် ငါးဖမ်း လုပ်ငန်းဖြင့် အသက် မွေးပြီး မိုးရာသီ တွင် အများစုမှာ ချဉ်ပေါင်ပင် စိုက်ပျိုးခြင်းဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းကြ သည်ကြောင်း ဒေသခံ များက ရှင်းပြသည်။
မိုးရာသီတွင် ချဉ်ပေါင်စိုက်ပျိုး အသက်မွေး နေရပြီး နောင်တွင် ဆက်လက် စိုက်ပျိုးလုပ်ကိုင်ခွင့် ရလိုကြောင်း ပေ ၁၃၀ ပတ်လည်ခန့်ရှိ ချဉ်ပေါင်ခင်းတွင် စိုက်ပျိုးနေသူ အသက် ၆၀ အရွယ် ဒေါ်အင်ပွာက ယင်း၏ ဆန္ဒကို ထုတ်ဖော်သည်။
“ ဒီ နေရာကို ရွာပိုင်ပဲ ဖြစ်ချင်တယ်။ ဒါမှ ရွာက လူတွေ စိုက်စားလို့ရှာမှာ” ဟု အသက် ၅၃ နှစ်အရွယ် ချဉ်ပေါင် စိုက်ပျိုးသူ ဒေါ်ငွေသန်းက ဆိုသည်။
ချဉ်ပေါင် စိုက်ပျိုးသူများသည် တစ်ရာသီတွင် ၀င်ငွေ ပျမ်းမျှ ငါးသိန်းခန့်ရရှိကြောင်း ဦးဇော်မျိုးဦးက ရှင်းပြသည်။
ထားဝယ် တွင် ထားဝယ်စီမံကိန်ုး အပါအ၀င် အခြား စီမံကိန်းများနှင့် ဆက်စပ်ပြီး မြေယာ အငြင်းပွားမူ များကို ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
လယ်ယာေ မြေဥပဒေနှင့် မြေလွတ် မြေလပ် နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေများကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် အတည်ပြု  ပြဌာန်း လိုက်သော်လည်း နည်းဥပဒေ များထွက်ရှိလာခြင်း မရှိသေးပေ။
“နည်း ဥပဒေတွေ မထွက်လာ သေးရင် အခုဖြစ်နေတဲ့ ပြဿနာ တွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ မလွယ်ဘူး” ဟု အသက် ၆၀ ကျော် အရွယ်ရှိ အငြိမ်းစား တရား လွှတ်တော် ရှေ့နေတစ်ဦးက မှတ်ချက်ပြုသည်။
Dawei Watch

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls