Thursday, August 16, 2012

သတ္တုတွင်း စွန့်ပစ်မြေကြောင့် ချောင်းကောမှု တိုင်းအစိုရထံ ဒေသခံများ စာပို့


တနင်္သာရီတိုင်း  ဒေသကြီး၊ ထားဝယ်မြို့၏ အရှေ့ဖက်ရှိ ဟိန္ဒား သတ္တုတွင်း နယ်မြေအတွင်း မြန်မာ ပွန်ပီပက် ကုမ္ပဏီ (MPC) မှ မြေစာ စွန့်ပစ်မှုကြောင့် မြောင်းပြိုရွာမှ ဒေသခံများ ရင်ဆိုင် ရသည့် ပြဿနာများကို ကူညီဖြေရှင်း ပေးပါရန် အချက် သုံးချက်ပါ အိတ်ဖွင့်ပေးစာကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးသို့ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ ခဲ့သည်။
စွန့်ပစ်မြေစာ များကြောင့် တိမ်ကောနေ သည့် မြောင်းပြိုချောင်း အား ရေစီးရေလာ ကောင်းမွန်အောင် ပြုပြင် ပေးရန်၊ သဲနှုံးမြေ ဖုံးလွှမ်း သွားသည့် သောက်သုံး ရေတွင်းများ၊ နေအိမ်များ၊ ရွာလမ်းများ၊ လယ်ယာ ဥယျာဉ်ခြံ မြေ များနှင့် သီးပင်စား ပင်များအတွက် ထိုက်တန်သည့် လျှော်ကြေးပေးရန်၊ မိမိ နေအိမ်များမှ မည်သည့် နေရာကိုမှ မပြောင်းရွှေ့စေရန် အချက်သုံးချက်ကို တောင်းဆိုသည်။

MPC မှ စွန့်ပစ်သည့် မြေစာ များကြောင့် မြောင်းပြိုချောင်း တဖြည်းဖြည်း တိမ်ကော လာပြီး ၂၀၀၈ မိုးရာသီမှ စတင်၍ ချောင်းရေ လျှံခြင်းကို ရင်ဆိုင် ကြရကြောင်း၊  ၂၀၁၂ ခုနှစ်မိုးရာသီ တွင် သဲနှုန်းများ ရေနှင့်အတူ မျောပါလာကာ ကျေးရွှာ အတွင်းရှိ သောက်ရေတွင်း၊ နေအိမ်၊ လယ်ယာ ဥယျာဉ်ခြံမြေများ၊ သီးပင် စားပင်များနှင့် အိမ်မွေး တိရစ္ဆာန်များ ပါ မကျန် ပျက်စီး ဆုံးရှုံးရ သည်ဟု ဒေသခံ များ၏ အိတ်ဖွင့် ပေးစာတွင် ဖော်ပြသည်။
လက်ရှိ အချိန်တွင် MPC အနေဖြင့် ရေလမ်း ဖောက်လုပ် ပေးနေသော်လည်း မိုးများ သည့်အတွက် ပြန်လည် ပြိုဆင်းသွားသဖြင့် အခက်တွေ့နေပြီး ကားလမ်းမ အားလည်း မြှင့်ပေး ရန်လိုကြောင်း MPC မှ အထွေထွေ မန်နေဂျာ ဦးခိုင်စွမ် ကပြောဆိုသည်။
မြောင်းပြို ကျေးရွာ သည် ယခုနှစ်အတွင်းတွင် ဒုတိယ အကြိမ် ရေလွှမ်း ဒဏ်ခံ ရခြင်းဖြစ်သည်။ ပြီးခဲ့သည့် လပိုင်းက ရေလွှမ်းမိုး မှုကြောင့် အိမ်ထောင်စု ၁၂ ခု ရေလွှမ်း ခံရကြောင်း ကျေးရွှာ အုပ်ချူပ်ရေး မှု အဖွဲ့ဝင် ဦးထွန်းအေးက ပြောသည်။
မြေဖုံး သွားသည့်  သီးပင်၊ လယ်ယာ ဥယျာဉ်ခြံနှင့်  ပတ်သက်သည့် နစ်နာကြေးကို ထောက်ပံ့ငွေသာ ပေးပြီး တန်ရာ တန်ကြေး မပေးသည့်အတွက် ဒေသခံများက  မကျေမနပ် ဖြစ်နေသည်ဟု မြောင်းပြိုရွာ အုပ်ချူပ်ရေး မှုးဟောင်း ဦးစိုးအောင် ကပြောဆိုသည်။
“ အရင် တခါကလည်း ကရုဏာ ကြေးပေးပြီးပြီး။ ဒီတခါလည်း  ထိခိုက်တဲ့ သူတွေကို သိန်းငါးဆယ် ထပ်ပေးမယ် ” ဟု ဦးခိုင်စွမ်က ဆိုသည်။
မြောင်းပြိုရွာ လမ်းမကြီးတွင် ရေ ၂ ပေ ကျော်အထိ လွှမ်းပြီး စီးဆင်းလာသည့် ရေတွင် သဲနှုံးမြေများနှင့် ကျောက်များပါလာ သည်ဟု အသက် ၄၀ ကျော်အရွယ် ရွာခံ ဦးစုစု က ရှင်းပြသည်။
“ရေစီးက ကြမ်းတယ်။ ကားတွေ သွားလို့မရဘူး။ လူတောင် ဖြတ်ဖို့ ခက်ခဲနေတယ် ” ဟု ဦးစုစုက ဆိုသည်။
မြောင်းပြို ကျေးရွာသည် အိမ်ခြေ ၁၀၀၊ လူဦးရေ  ၅၀၀ ခန့်ရှိပြီး ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။
ဟိန္ဒား သတ္တုတွင်း နယ်မြေတွင် ခဲမဖြူ သတ္တုလုပ်ငန်း အမှတ် ( ၂ ) သတ္တုတွင်း ၀န်ကြီး ဌာနနှင့် မြန်မာ ပွန်ပီပက် (MPC) တို့ ၁၉၉၀ ခုနှစ်တွင် စတင်ကာ ဖက်စပ် လုပ်ကိုင်ခွင့် ၁၀ နှစ်ရရှိခဲ့ပြီး နောက်ထပ် သက်တမ်း ၅ နှစ် လုပ်ခွင့် ထပ် ရထားသည်။ 

Dawei Watch

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls