Monday, January 16, 2012

( ၇ ) ရက်အတွင်းအမြန်အဆီချနည်း....


စား၇မယ့်အစီအစဉ်တွေက..

အဆီကျဟင်းရည်
ကြက်သွန်နီဥကြီး ခြောက်လုံး
ငရုတ်ပွ အစိမ်းနှစ်တောင့်
ခ၇မ်းချဉ်သီး ခြောက်လုံး
တရုတ်နံနံ တစ်စည်း
ဂေါ်ဖီတစ်ထုတ်

အသီးအရွက်တွေကို အနေတော်တုံးပြီး အိုးထဲရေမြုတ်အောင်ထည့်
အဖုံးဖုံးပြီး ပွက်ပွက်ဆူအနေအထားမှာ ၁၀မိနစ်ထား နောက်မှမီးကို
လျော့ပြီးအသီးအရွက်နူးတဲ့အထိ ချက်၇ပါမယ်...

အဲဒီအရည်တွေကို ၀ိတ်ချတဲ့ တစ်ပတ်လုံးသောက်၇ပါမယ်...
တတ်နိုင်၇င် အ၇ွက်တွေပါစား၇င်ပိုကောင်းတယ်။

ကျွန်တော် ကတော့ အရည်ဘဲစစ်သောက်ဖြစ်တယ်...
ပုံမှန်ဆို တစ်ပတ်ကို ၁၀ ပေါင်ကျပေမယ့် အရွက်တွေမစားတာေ၇ာ
လေ့ကျင့်ခန်းမလုပ်တာရောကြောင့် ၅ ပေါင်ဘဲကျပါတယ်...

အနံ့အရသာ၇ှိစေဖို့ ဆား င၇ုပ်ကောင်း ဟင်းခတ်အမွှေးအကြိုင်တွေထည့်နိုင်ပါတယ်

ပထမနေ့


အဆီကျဟင်းရည်ကို ဗိုက်ဆာတိုင်းသောက်ပါ

တွဲဖက်စားလို့၇တဲ့အစာတွေက လိမော်သီး ပန်းသီး သစ်တော်သီး
မာလကာသီး ကျွဲကောသီး ကျန်တာ ဘာမှစားခွင့်မ၇ှိပါဘူး....
အသီးတွေဘဲစားလို့၇ပါမယ်... ငှက်ပျောသီးမပါ

ဒုတိယနေ့


ပင်တိုင်အဆီကျဟင်းရည်အပြင် ဟင်းသီးဟင်းရွက်အားလုံး အစိမ်းဖြစ်ဖြစ်
ကျက်ပြီးသားဖြစ်ဖြစ် စားခွင့်၇ှိပါတယ် သစ်သီးကို စားခွင့်မရှိပါဘူး
ကင်ထားတဲ့ အာလူးကြီး တစ်လုံး စားခွင့်ပြုပါတယ်

တတိယနေ့


ပထမနေ့နဲ့ ဒုတိယနေ့က ခွင့်ပြုထားတဲ့ အစာတွေအားလုံးစားလို့ရပါတယ်.... 
အာလူးကင်မပါ...

စတုတ္ထနေ့


အဆီကျဟင်းရည်အပြင် တစ်နေ့လုံးအတွက် ငှက်ပျောသီးရှစ်လုံး
အဆီထုတ်ထားတဲ့ နွားနို့ ကြိုက်သလောက်သောက်ခွင့်ရှိပါတယ်...
ငှက်ပျောသီးနဲ့နွားနို့ မဖြစ်မနေသောက်၇ပါမယ်
ကိုယ်ထဲက ပိုတက်ဆီယမ် ပရိုတင်းနဲ့ ကယ်လ်စီယမ်တို့လိုအပ်နေပြီမို့ပါ

ပဉ္စမနေ့


ပင်တိုင်အဆီကျဟင်းရည်အပြင် ၁၀ ၂၀ အောင်စရှိ ငါး သို့မဟုတ်
အမဲသား ဆိတ်သားဆို အဆီမပါ ကြက်သားဆို၇င် အရေပြားဆုတ်ပြီးသား ကို
ဆီမပါတဲ့နည်းနဲ့ ကင်ပြီး စားလို့ရပါတယ် ငံပြာရည် ဆနွင်း ဆား သုံးလို့၇ပါတယ်
ခရမ်းချဉ်သီးခြောက်လုံး အထိတွဲဖက်ပြီး ကြက်သွန်နဲ့သုပ်ပြီးဖြစ်ဖြစ်
သူ့ကြီးဖြစ်ဖြစ်စားလို့၇ပါတယ်...

ကိုယ်ထဲက Uric Acid တွေကို ဆေးချဖို့ ဒီနေ့မှာ ရေ အနည်းဆုံး ရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်

ဆဋ္ဌမနေ့


ပင်တိုင်အဆီကျဟင်းရည်အပြင် အဆီလွတ်အသားများကင်ပြီးဖြစ်ဖြစ်
ဟင်းသီးဟင်းရွက်တွေနဲ့ေ၇ာပြုတ်ပြီးဖြစ်ဖြစ် စားခွင့်ရှိပါတယ်

သတ္တမနေ့


နောက်ဆုံးနေ့မှာ ဆန်လုံးညိုစားခွင့်ပြုပါတယ်
ဝယ်၇ခက်ရင် ပေါင်မုန့်ကြမ်းကို အာသာပြေ၇ုံ စားခွင့်၇ှိပါတယ်
အချိုဓါတ်မပါတဲ့ သစ်သီး ဟင်းသီးဟင်းရွက်တွေ ကြိုက်သလောက်စားခွင့်ပြုပါတယ်
ဟင်းရည်ကိုတော့ သောက်ပေး၇ပါမယ်...

အထူးသတိပြုရန်




ဒီခုနစ်ရက်အတွင်း အရက်လုံးဝသောက်ခွင့်မပြုပါ...
က်ာဖီဆိုရင် သကြားတုနဲ့ ကြိုက်သလောက်သောက်ခွင့်ပြုပါတယ်
လက်ဖက်ရည်ကြမ်း ဆီမပါတဲ့ လက်ဖက်အသားချည်းစားနိုင်ပါတယ်...
Slim Aid တို့လို အမျှင်ဓါတ်ပါတဲ့ဆေးတွေသောက်ခွင့်ရှိပါတယ်....
တခြားပိန်ဆေးတွေ သောက်ခွင့်မ၇ှိပါ...
ဆေးလိပ်သောက်ခွင့်၇ှိပါတယ်...
ဗီတာမင်ဆေးတွေလည်းဖြတ်ဖို့မလိုပါဘူး
ခုနစ်ရက်ပြည့်လို့ သိသိသာသာ ကိုယ်အလေးချိန်ကျလို့ အားတက်ပြီးဆက်မလုပ်ပါနဲ့
တစ်ပတ်လောက်ပုံမှန် ပြန်စားပြီးမှပြန်စပါ
ရည်၇ှည် ဒီနည်းကိုကျင့်သုံး၇င် အဟာရဓါတ်ချို့တဲ့မှုဖြစ်ပွားနိုင်ပါတယ်။

ဒေါက်တာရဲနိုင်၏ ဟောပြောချက်ကိုဆီလျော်အောင်
ခံစားတင်ပြတဲ့....
Min Min (Blue Sky)
http://blueskym2m.blogspot.com
မေမွန်ကျော်

အသေချာဆုံး ပိန်နည်း...



မိန်းကလေးပဲဖြစ်ဖြစ် ယောက်ကျားလေးပဲဖြစ်ဖြစ် ... လှချင်တဲ့သူတွေချည်းပဲနော်.... မလှချင်တဲ့သူတယောက်မှ မရှိဘူး.... ဒီခေတ်မှာ ရွှိုင်းနေအောင် ပြင်လို့ရတဲ့နည်းတွေ မှိုလိုပေါက်နေပြီလေ....
မျက်နှာကို ကြည်လင်အောင် ဂျီးချွတ်မလား....
နုနေအောင် မွိုက်ချာရိုက်ဇာ နေ့တိုင်းလိမ်းမလား....
ဖြူနေအောင် whitening အလှကုန်တွေ လိမ်းချင်လား...
တွန့်နေတာတွေ ပျောက်အောင် Q 10 တို့ Vitermin E တို့ပဲ သုံးမလား...
မျက်နှာတင်မက ခန္ဒာကိုယ် မှာလဲ အရွယ်စုံ ဆိုက်စုံတွေ အတွက် ဒီဇိုင်းစုံနဲ့ ဖုံးအုပ် တန်ဆာဆင်မလား...
လှနည်း အမျိုးမျိုးရှိလာကြပါပြီ....

အဲ... ဒါပေမယ့် ယောက်ကျားမိန်းမမရွေး... အသက်ကဖြိုလာတဲ့ အရာ တခုကို ရင်ဆိုင်ရတာကတော့ "ဝခြင်း" ပါပဲ.....
မျက်နှာလေး သွယ်ရင်ကောင်းမှာပဲတို့... မေးစေ့အောက်က အဆီတွေ ကျချင်တာတို့....
ဗိုက်ခေါက်ကျချင်တာတို့.....
ဂုတ်ပိုးတွေ ထပ်နေပြီတို့... အသက်ကြီးလေ ပိန်ခြင်လေ ဖြစ်လာကြတယ်လေ....

ဒါကြောင့် အပိုတွေ ပြောမနေတော့ပါဘူး... နောက်ဆုံးပေါ် ပိန်နည်းတွေ အင်တာနက်မှာ ဖွထားသမျှ မျှလိုက်မယ်... မထင်ရဘူးနော်....
နည်းတွေကတော့ တော်တော် အူကြောင်ကြောင်တွေပဲ... ဒါပေမယ့် ထိရောက်တယ် ဆိုပဲ... စမ်းကြည့်ကျမယ်.... အဂလားရတာပဲနော့လေ....


1 . Japanese Morning-Banana Diet

ခုဆို ဂျပန်မှာ ငှက်ပျောသီးဝယ်ယူ ရရှိနိုင်ဘို့ မနက်စောစောဈေးပြေးနေရပြီ ဆိုပဲ...
အရင်က လုံးဝ မထင်ရှားသာမာန် ငှက်ပျောသီးဟာ ခုချိန်မှာ ပိန်ရေးအတွက် အရမ်းကို အသုံးဝင်နေတယ်ဆိုတာ သိလာကြပြီးနောက်ပိုင်း... ငှက်ပျောသီးတင်သွင်းတဲ့ကုန်သည်တွေကလဲ... တင်သွင်းလို့ မလောက်နိုင်လောက်အောင် ဈေးကွက်က အရမ်းတောင်းဆိုလာကြတယ်တဲ့...
Hitoshi Watanabe ဆိုသူ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့လူငယ် တယောက်ဟာ ဒီနည်းဟာ အကောင်းဆုံးဆိုတာ ကို ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့ တယ်တဲ့... သူ့ကောင်မလေး Sumiko ဆိုတဲ့မိန်းကလေးက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ အလုပ်လုပ်ရင်း... တရုတ် တိုင်းရင်ဆေး ပညာ သင်ကြားခဲ့ရတာကတော့... ဘာဖိအားမှ ပေးစရာမလိုတဲ့ အရိုးရှင်းဆုံးပိန်နည်းကတော့ မနက်စောစောမှာ ငှက်ပျောသီးစားပြီး ရိုးရိုးရေတခွက်သောက်လို့ရှိရင် ဇီဝချေဖျက်နုန်း အလွန်မြင့်မားပြီး... နေ့လည်စာနဲ့ ညစာ ဘယ်လောက်စားစား..... ပိန်နိုင်ပါတယ်လို့ဆိုပါတယ်....
သူ့ကောင်မလေးပြောတဲ့အတိုင်း စားလိုက်တာ ၆လအတွင်းမှာ ၁၃ ကီလိုဂရမ်တောင်ကျတယ် လို့ဆိုပါတယ်...အဲတာ နဲ့ သူကောင်မလေးSumiko ကိုလက်ထပ်ပြီး ဒီဖြစ်ရပ်ကို MY SPACE ဂျပန်ဗားရှင်း MIXI မှာ ပို့စ်တင်ထားတယ် လို့ဆိုပါတယ်...
ဒီဇာတ်လမ်းလေးဟာ ပထမဆုံး Banana Diet Story အဖြစ်နဲ့ ထင်ရှားကျော်ကြား ခဲ့ပြီး စာအုပ်တောင် ထုပ်ခဲ့ရတယ်... အုပ်ရေ ၆ သိန်းတောင်ရောင်းခဲ့ရပါတယ်..
ဒီအကြောင်းပိုမို လူသိများလာရခြင်းအကြောင်းကတော့... တိုကျို အသံလွှင့်ဌာနက ထုပ်လွှင့်တဲ့ အော်ပရာ အဆိုတော်ဟောင်းကြီးKumiko Mori ကလည်း ငှက်ပျောသီး တန်ခိုးနဲ့ ၇ ကီလိုတောင်ကျတယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်ပြသခဲ့တာလဲပါပါတယ်....

တခြားနည်းတွေနဲ့ ပိန်အောင် ပြုလုပ်ပေးသူတွေ မျက်ခုံးတောင်ပင့်သွားစေလောက်အောင် လွယ်ကူ မြန်ဆန် ပါတယ်တဲ့..... အစားလဲရှောင်စရာမလိုဘူး... အချိန်မှန်လဲ စားစရာမလိုဘူး.... ညဆို မစားပဲလဲနေစရာမလိုဘူး.... ဘာလေ့ကျင့်ခန်းမှလဲ လုပ်စရာမလိုပဲ မပင်ပန်းပဲ လွယ်လွန်းလို့ပါတဲ့....

ကဲကဲ... တို့ဆီမှာ အပေါများဆုံးကလဲ ငှက်ပျောသီး... ဘယ်နားသွားသွားရှိတယ်...ငှက်ပျောသီးစားပြီးရင် ရေရိုးရိုးလေးလဲသောက်ဘို့မမေ့နဲ့နော်....

ပိုးဟပ်ဖြူ ၀က်ဆိုက်မှတစ်ဆင့် share ပေးလိုက်ပါသည်။

Sunday, January 15, 2012

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ကို စည်းရုံးရေးထွက်မည်

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လာမဲ့ ဖေဖေါ်ဝါရီလအတွင်း ထားဝယ်ခရိုင် လောင်းလုံးမြိုဆီ စည်းရုံးရေးခရီး လာဖို့ရှိတယ်လို့သိရပါတယ်။ ဒီနေ့ ထားဝယ်နဲ့လောင်းလုံးမြိုတွေမှာကျင်းပတဲ့ ရွေးကောက် ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်ပွဲအတွင်း တနသာင်္ရီတိုင်း NLD ဥက္ကဌ ဦးလှမင်းက အခုလိုပြောသွား တာဖြစ်တယ် လို့ လောင်းလုံးမြိုနယ် ရုံးဖွင့်ပွဲအခန်းနားကို တက်ရောက်ခဲ့တဲ့ ပါတီဝင်လူငယ်တဦး ကပြောပါတယ်။
















 လောင်းလုံးမြိုနယ် အောင်နိုင်ရေးရုံးဖွင့်ပွဲ
(ဓါတ်ပုံ...NLD-လောင်းလုံး)

ဒီသတင်းနဲ့ပါတ်သက်ပီး ပါတီဗဟိုကတော့ အခုချိန်ထိ ဘာမှထုတ်ပြောခြင်းမရှိသေးပါဘူး။
အဆိုပါ လူငယ်ပြောတဲ့အတိုင်းသာအမှန်ဆိုရင် ဒါဟာ ၁၉၉၀-ရွေးကောက်ပွဲ
အကြို မဲဆွယ်ကာလနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
နှစ် ၂၀-ကျော်အတွင်း ပထမ-ဆုံး ထားဝယ်ခရီးစဉ်ဖြစ် လာနိုင်ပါတယ်။


ရွေးကောက်ပွဲအောင်နိုင်ရေး NLD ပါတီ တနသာင်္ရီတိုင်း တိုင်းရုံးကို ထားဝယ်မြိုမှာ ဒီမနက် ၈-နာရီခွဲက ကျင်းပခဲ့ပြီး ပါတီဝင်တွေအပါဝင် ပရိတ်သတ် ၃၀၀-ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အလား တူ လောင်းလုံးမြိုနယ် အောင်နိုင်ရေးရုံးခန်းကို မနက် ၁၁-နာရီမှာ ဆက်တိုက်ဖွင့်လှစ်ပီး ပရိသတ် ၅၀၀-ကျော်အထိတက်ရောက်တာတွေ့ရတယ်လို့ ပါတီလူငယ်တွေကပြောပါတယ်။


တိုင်းရုံးထက် လောင်းလုံးရုံးမှာ လူပိုများနေခြင်းကတော့ လောင်းလုံးမြိုနယ်ဟာ အခုလာမဲ့ ဧပြီလ ၁-ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်အမတ်နေရာအတွက် NLD ပါတီက အသေချာ ၀င်ပြိုင် ဖို့ပြင်နေတာကြောင့်ဖြစ်တယ်လို့ယူဆရပါတယ်။

လောင်းလုံးမြိုနယ်က ပါတီဝင်တွေနဲ့ အခန်းနားတက်ရောက်လာတဲ့လူထုကို ဒေသခံအာဏာပိုင်တွေက လုံခြုံရေးနဲ့တခြားအကူညီတွေလုပ်ပေးတဲ့အတွက် အခြေနေဟာ အယင်လိုမဟုတ်တော့ဘူး။ ပြောင်းလဲ စပြုနေပြီး။ ဒေသခံလူထုတွေလဲ သူတို့ပါတီကို ပွင့်ပွင့်လင်းလင်းထောက်ခံစပြုလာနေတာတွေ့ရတယ်လို့ ပါတီဝင်လူငယ်တွေကပြောပါတယ်။


NLD လောင်းလုံးမြိုနယ် အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲဆီတက်လာတဲ့ ဒေသခံလူထုတချို့

လောင်းလုံးနဲ့ထားဝယ်ဒေသဆီ ရောက်နေတဲ့ တိုင်းဥက္ကဌ ဦးလှမင်း။ အတွင်းရေးမှုး ဦးအောင်စိုးတို့ပါဝင်တဲ့ အဖွဲ့ဟာ လောင်းလုံးမြိုနယ် အောင်နိုင်ရေးအတွက် အဓိကပြင်ဆင်နေပီး ထားဝယ်။ သရက်ချောင်း။ ရေဖြူ မြိုနယ်တွေက ပါတီဝင်တွေနဲ့လဲ ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။

လောင်းလုံးနဲ့ ထားဝယ်ဒေသ အောင်နိုင်ရေးကိစ္စပြီးရင်တော့ လာမဲ့သတင်းပါတ်အတွင်း ပုလော။ မြိတ်။ ကျွန်းစု။ တနသ်ာရီ။ ဘုတ်ပြင်း။ ကော့သောင်မြိုနယ်တွေဆီ ဆက်လက်ခရီးထွက်မယ်လို့သိရပါတယ်။

လာမဲ့ဧပြီလ ၁-ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၈-နေရာအတွက် NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်နေပိး အဲဒီထဲမှာ လောင်းလုံးနဲ့ ကျွန်းစုမြိုနယ်တွေပါဝင်ပါတယ်။ ရန်ကုန်။ မန္တလေးနဲ့ အထက်ဗမာပြည်ကနေရာတွေအတွက် အမတ်လောင်းစာရင်း ၂၀-ကျော်ကို NLD ပါတီက အခုသတင်းပါတ်အတွင်းစာရင်းထုတ်ပြန်ပီးဖြစ်ပေမဲ့ တနသာင်္ရီတိုင်းအတွက်တော့ မထုတ်ပြန်သေးပါဘူး။

ဒါပေမဲ့ အစောပိုင်းထွက်ပေါ်ခဲ့တဲ့သတင်းတွေအရတော့ လောင်းလုံးမြိုနယ်အတွက် တိုင်းအတွင်းရေးမှုး ဦးအောင်စိုး။ ကျွန်းစုမြိုနယ်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်တဦးဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းတို့ ၀င်ပြိုင်မယ်လို့သိထားရပါတယ်။

ထက်အောင်ကျော်

ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းကို ရှုထောင့် လေးခုမှ မြင်ကြည့်ခြင်း


နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးနှင့် စက်မှုကဏ္ဍ တိုးတက်မှုအတွက် ရေနက်ဆိပ်ကမ်းဟာ ထောက်ပံ့ရေးဗဟိုချက်အဖြစ် အဓိက အခန်းကဏ္ဍကနေပါဝင်ပါတယ်ဆိုတာငြင်းလို့ မရပါဘူး။
စီးပွားရေးဆိုင်ရာ တိုးတက်မှုကို အထောက်အကူ ပြုပေမဲ့၊ ဆိပ်ကမ်းတည်ဆောက်ရာ ကမ်းခြေတလျှောက် ညစ်ညမ်းမှုကို ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်စေတဲ့အပြင် ဇီဝမျိုးစိတ်တွေ ရှင်သန်နေထိုင်ရာပျောက်ဆုံးမှု၊ ဂေဟစနစ်ပျက်စီးမှု စတဲ့ ရလဒ်ဆိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် လာရောက် ရင်းနှီးမြုပ်နှံသူတွေကလည်း ဒေသရှိ သဘာဝသယံဇာတများကို ဒေသခံတွေရဲ့ အကျိုးစီးပွားအတွက်မဟုတ်ဘဲ  သူတို့ ကိုယ်ကျိုးသက်သက် အမြတ်ထုတ်ဖို့ ရှိနေပါတယ်။
သြစတြေးလျအစိုးရရဲ့ ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာတစ်ခုအရ သြစတြေးလျ ရေထုအတွင်း စွန့်ပစ်လိုက်တဲ့ ညစ်ညမ်းရေပမာဏရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဆိပ်ကမ်းရှိ သဘောင်္များနဲ့ ကုန်ပစ္စည်းများမှ လာကြောင်း သိရှိရပါတယ် ။ ဒီညစ်ညမ်းတဲ့ရေထုဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမက ဆိပ်ကမ်း အလုပ်သမားများအပါအ၀င် ကမ်းရိုးတန်းတလျှောက်နေထိုင်ကြသူတွေကို ကျန်းမာရေးထိခိုက်စေတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ် ။
မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံအတွက်တော့ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတည်ဆောက်မှုစီမံကိန်းဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမှာ ဖြစ်သလို အဆိုပါ ပြောင်းလဲမှုများဟာလည်း အချင်းချင်း အပြန်အလှန်ဆက်စပ်လျက် ရှိပါတယ် ။
မြန်မာအစိုးရဟာ ၂၀၁၀ ခုနှစ်မှာ လယ်သမား ဥယျာဉ်သမား စတဲ့ မြေယာပေါ် မှီတင်းရှင်သန်ကြတဲ့ ရွာသူရွာသားတွေ များစွာနေထိုင်တဲ့ ကျေးရွာတွေမှာ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံ စီမံကိန်းကို စတင်ခဲ့တာဖြစ်ပါတယ် ။ အဆိုပါ စ်ီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်ကမ်းရိုးတန်းပေါ်မှာရှိပြီး သာယာလှပတဲ့ ထားဝယ်မြို့မှ ၁၈ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။
ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းလို့ အမည်ရတဲ့ အဆိုပါ စီမံကိန်းဟာ ပထ၀ီအနေအထားအရ မြန်မာနိုင်ငံအတွက်သာ မဟုတ်ဘဲ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အလွန်ပင်အရေးပါလှပါတယ် ။ ကပ္ပလီပင်လယ်အတွင်း တည်ဆောက်မယ့် အဆိုပါဆိပ်ကမ်းဟာ ဥရောပ ၊ အရှေ့အလယ်ပိုင်းနှင့် အင်ဒိုချိုင်းနားတွေကြားမှာ တိုတောင်းလွယ်ကူတဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။
ကီလိုမီတာပေါင်း မြောက်မြားစွားဝေးကွာသည့် မာလက္ကာ ရေလက်ကြားကို ဖြတ်မည့်အစား အဆိုပါလမ်းကြောင်းကို အသုံးပြုခြင်းဖြင့် အချိန်နှင့် လောင်စာကို သက်သာစေတဲ့အပြင် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ် ။
အခုလို စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ရသည့် အတွက် ဖွံဖြိုးတိုးတက်သည်ဟုဆို နိုင်ပါသလား။ အဆိုပါ အကျိုးအမြတ်များကိုရော ဒေသခံ လူထုအပါအ၀င် မြန်မာနိုင်ငံသူနိုင်ငံသားများ ဘယ်လောက် ခံစားခွင့်ရကြပါသလဲ။ ဖွံဖြိုးတိုးတက်မှုဟုဆိုရာတွင် စီးပွားရေးတစ်ခုတည်း ဖွံဖြိုးတိုးတက်ခြင်းကို ဆိုလိုခြင်း မဟုတ်တဲ့ အခြားသော လူမှုရေး၊ နိုင်ငံရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်၊ အကျိုးအမြတ်၊ ထိခိုက်မှု ပြောင်းလဲမှုများကို အသေအချာ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
နိုင်ငံရေးရှုထောင့်
ထားဝယ်ဖွံဖြိုးရေး စီမံကိန်းအနေနဲ့ အရေးကြီးဆုံးနဲ့ အထင်ရှားဆုံး ပြဿနာကတော့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို စီမံဆောင်ရွက်တဲ့နေရာမှာ တိကျတဲ့ဥပဒေ ထုတ်ပြန်နိုင်ခြင်းမရှိသေးတာပါပဲ။ အခုလို ဖွံ့ဖြိုးရေး စီမံကိန်းအကြီးကြီးတွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုမီ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို လေ့လာဆန်းစစ်တဲ့ ထုတ်ပြန်ချက်တွေ၊ လူမှုရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုကို လေ့လာဆန်းစစ်တဲ့ ထုတ်ပြန်ချက်တွေကို အရင်ပြုလုပ်ရမယ်လို့ ဥပဒေကြောင်းအရ ဖော်ပြထားခြင်းမရှိသေးပါဘူး။
ခြုံ၍ပြောရလျှင် ဒေသခံပြည်သူလူထုအတွက် သူတို့မှီတင်းနေထိုင်ရှင်သန်ရာ မြေကိုတောင်မှ ကာကွယ်ပိုင်ခွင့်နှင့် ပိုင်ဆိုင်နိုင်ခွင့်ကို အာမခံနိုင်သည့် ဥပဒေမရှိပါဘူး။ အစိုးရအနေနဲ့ မြေယာတွေကို ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် သိမ်းဆည်းနိုင်ကြောင်းကို ဥပဒေကြောင်းအရ အခွင့်အရေးပေးထားပါတယ်။ ဒါဟာ ဒေသခံလူထုအတွက် တုံးအောက်က ဖားသူငယ်ပမာပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ ဘ၀တွေ လူနေမှုစနစ်တွေကို ပြောင်းပြန်ပြောင်းလဲစေနိုင်တဲ့အပြင် မှီတင်းရာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမယ့် စက်ရုံအကြီးကြီးတွေကို ကော်ပိုရေးရှင်းအကြီးစားတွေ တည်ဆောက်ဖို့ ကြိုးပမ်းလာချိန်မှာ ဒေသခံတွေဟာ သူတို့ရဲ့ဘ၀တွေအတွက် ခုခံပိုင်ခွင့်မရှိပါဘူး ။
ထိုင်းအစိုးရရော မြန်မာအစိုးရပါ အဆိုပါ နောက်ဆက်ထိခိုက်ပျက်စီးမှုတွေကို သိပါလျက်နဲ့ စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းကိုသာကြည့်တာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုတွေကို မသိသလို လျစ်လျူရှုထားကြပါတယ် ။
စီးပွားရေး ရှုထောင့်
မူဝါဒရေးရာနှင့် နိုင်ငံရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုမရှိတာဟာလည်း  အခြားသော နိုင်ငံတွေအတွက် မြန်မာနိုင်ငံဟာ ခေါင်းပုံဖြတ်အမြတ်ထုတ်ရာနေရာ တစ်ခုဖြစ်လာအောင် ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ် ။ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတွေက ဒီအချက်ကို အခွင့်ကောင်းယူပြီးတော့ မြန်မာနိုင်ငံအတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်နေကြပါတယ်။
ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ‘အိုင်တီဒီ’ ဟာ မြန်မာ့ဆိပ်ကမ်းမှာ ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံဖို့ ဆောင်ရွက်နေပါပြီ ။အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံစီမံကိန်းဟာလည်း ထိုင်းနိုင်ငံအတွက် လိုအပ်တဲ့ စွမ်းအင်အပါအ၀င် အခြားစက်မှုကဏ္ဍဆိုင်ရာ အကျိုးအမြတ်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒီလို စီမံကိန်းတွေကို ထိုင်းနိုင်ငံမှာ ဆောင်ရွက်မည်ဆိုလျှင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလေ့လာဆန်းစစ်ချက် အပါအ၀င် လေ့လာဆန်းစစ်ချက်တွေကို စီမံကိန်းမတိုင်မီပြုလုပ်ရပါတယ် ။ လေထု ရေထုညစ်ညမ်းမှုအပါအ၀င် ဒေသခံလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ခိုင်ခိုင်မာမာတင်ပြနိုင်ရင် စီမံကိန်းတွေကို လုပ်ပိုင်ခွင့်မရကြပါဘူး။
အခုဆိုရင် အဆိုပါ ထိုင်းကုမ္ပဏီဟာ သူတို့နိုင်ငံမှာ တည်ဆောက်လို့မရတဲ့ ညစ်ညမ်းတဲ့ စက်ရုံတွေပါတဲ့ စီမံကိန်းတွေကို လွတ်လပ်စွာပြောဆိုခွင့်၊ သဘာဝ အရင်းအမြစ်တွေကို စီမံခန့်ခွဲရာမှာ ဒေသခံလူတွေက ပါဝင်ပြောဆို ဆုံးဖြတ်ခွင့် စတဲ့ အခွင့်အရေးတွေ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ လာရောက်တည်ဆောက်တော့မှာဖြစ်ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အလုပ်အကိုင်အခွင့်အလမ်း မြောက်မြားစွားကို ဖန်တီးပေးမှာမလွဲဧကန် ဖြစ်သလို အဆိုပါဒေသမှာ မှီတင်းနေထိုင်ကြတဲ့ လယ်သမား ဥယျာဉ်သမား ငါးဖမ်းသမားတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို ဖျက်ဆီးပစ်မှာလည်း သေချာနေပါတယ် ။
နိုင်ငံခြားမှ ကျွမ်းကျင်အလုပ်သမားမြောက်မြားစွာ ၀င်ရောက်လာပြီး ဒေသခံတွေအတွက်ကတော့ အလုပ်ကြမ်းနှင့် နေ့စား အလုပ်အကိုင်တွေကို ဈေးပေါပေါနဲ့ လုပ်ကိုင်ကြရပါလိမ့်မယ်။ လိုအပ်တဲ့ စွမ်းရည်နဲ့ အရည်အချင်းမရှိဆိုသော အကြောင်းပြချက်ဖြင့် ဒေသခံများအတွက် အနည်းငယ်သော အလုပ်အကိုင်သာ ရနိုင်ပြီး အများစုအတွက်တော့ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့အခြေချနေထိုင်ရပါလိမ့်မယ်။
လူမှုရေးရှုထောင့်
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် အခုဆိုရင်စီမံကိန်း ဧရိယာအတွင်းနေထိုင်တဲ့ လူတွေပြောင်းရွှေ့နေကြရသလို မကြာမီအချိန်အတွင်းမှာလည်း ထောင်သောင်းချီပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။ ဒေသခံတွေဆီက မြေယာတွေကို အတင်းအဓမ္မသိမ်းယူမှုဟာ ထားဝယ်ဒေသမှဒေသခံထားဝယ်လူမျိုးတွေကို မြန်မာနိုင်ငံအခြားဒေသ (သို့မဟုတ်) ထိုင်း နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ကြအောင် ဖိအားပေးလျက်ရှိပါတယ်။
ဒေသခံတွေရဲ့ သဘောဆန္ဒမပါ လျော်ကြေးတစ်စုံတစ်ရာ ပေးအပ်ခြင်းမရှိတဲ့ မြေယာသိမ်းဆည်းမှု ၊ နေထိုင်မယ့် အိမ်ယာဖန်တီးပေးခြင်းမရှိသေးဘဲ အတင်းအဓမ္မရွှေ့ပြောင်းစေမှုတွေက ဒေသခံတွေကို လူမှုရေးဆိုင်ရာ ပြဿနာတွေကြား နစ်မြုပ်စေပါတယ် ။
မြေယာမဲ့ဖြစ်သွားတဲ့ ဒေသခံတွေအတွက် ရရာအလုပ်အကိုင်ကို လုပ်ခနည်းနည်းဖြင့် ၀င်ရောက်လုပ်ကိုင်ကြရ ပါတော့မယ် ။ ဒါဟာ အစိုးရအတွက် စီမံကိန်းတွေကို ဈေးပေါပေါဖြင့် ပြီးမြောက်အောင် လုပ်ကိုင်လေ့ရှိတဲ့ ဗျူဟာတစ်ခုလည်း ဖြစ်နေပါတယ် ။
အခြားထင်ရှားတဲ့ ဆိုးကျိုးကတော့ စက်မှုဇုံမှ ထွက်ရှိလာတဲ့ ဓာတုပစ္စည်းများကြောင့် ဒေသခံလူထုရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေခြင်းဖြစ်ပါတယ် ။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေက ပြုလုပ်ထားတဲ့ EIA , SIA , HIA မရှိတဲ့အတွက် မကြာမီ ဒီစီမံကိန်းရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဒေသခံ ထားဝယ်လူမျိုးတွေ ခံစားကြရတော့မှာ ဖြစ်ပါတယ် ။
ဥပမာအနေနဲ့ ပြောရရင် ထိုင်းနိုင်ငံရှိ Mab Ta Phut စက်မှုဇုံမှာ စက်ရုံတွေကို လည်ပတ်ပြီး ၁၀ နှစ်အကြာမှာ စက်ရုံက ထုတ်လွှတ်တဲ့ အဆိပ်သင့် ဓာတုပစ္စည်းတွေကြောင့် အဆိုပါဒေသရှိ လေထု၊ ရေထုနှင့် မြေဆီလွှာများ အကြီးအကျယ် ထိခိုက်ပျက်စီးညစ်ညမ်းစေပြီး ဒေသခံများမှာလည်း အသက်ရှုလမ်းကြောင်း ၊ အာရုံကြော ၊မျိုးပွားမှု ၊ ကြွက်သားစနစ်စ တာတွေနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို ခံစားနေရပါတယ် ။ အဆိုးဆုံးကတော့ ကင်ဆာဖြစ်ပွားမှုနှုန်းနှင့် စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ပွားသည့်နှုန်း အလွန်သိသာစွာ တိုးပွားလာခြင်းပဲ ဖြစ်ပါတယ် ။
သဘာဝပတ်ဝန်းကျင်ရှုထောင့်
စီးပွားရေး တိုးတက်မှုကို ရှေးရှုရင်းဖြစ်ပေါ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ မရှိသေးတာဟာ မြန်မာနိုင်ငံအတွက် ၀မ်းနည်းစရာကောင်းလှပါတယ် ။ အခုလို ဥပဒေတွေမရှိတဲ့အတွက် ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတည်ဆောက်မှုဟာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေကို အဆမတန် တိုးပွားစေမှာ ဖြစ်ပါတယ်။
ဆိပ်ကမ်းတည်ဆောက်ရာ သန့်ရှင်းလှပတဲ့ ကမ်းရိုးတန်းတလျှောက်ဟာ အကျည်းတန်ညစ်ညမ်းသွားပါလိမ့်မယ်။ လယ်သမားတွေနဲ့ ငါးဖမ်းသမားတွေ မှီတင်းရာ ဂေဟစနစ်ဟာလည်း ပျက်စီးပါလိမ့်မယ်။ သဘာဝအတိုင်းတည်ရှိနေတဲ့ သန့်စင်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဟာ ညစ်ညမ်းတဲ့ လေတွေထုတ်လွှတ်တဲ့ လောင်စာသန့်စင်တဲ့ စက်ရုံ၊ ကျောက်မီးသွေးစက်ရုံတွေနဲ့ အစားထိုးခံရပါလိမ့်မယ်။
စီမံကိန်း ဧရိယာအတွင်းသာမက ထိုင်းနိုင်ငံသို့ ဖောက်လုပ်နေသော လမ်းတလျှောက် သစ်ပင်အကြီးအကျယ် ခုတ်လှဲခံရပြီး သစ်တောပြုန်းတီးမှုကို အများကြီးဖြစ်ပေါ်စေပါမယ်။ ဒီသစ်တောတွေဟာ ဒေသခံတွေအတွက်သာမက တစ်ကမ္ဘာလုံးအတွက် အလွန်ကို အရေးပါလှပါတယ်။ သစ်တောတွေက မြေဆီလွှာကို ထိန်းသိမ်းပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး လူတွေအတွက် အသုံးဝင်လှတဲ့ အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးပါတယ်။ ရာသီဥတုကို ထိန်းညှိပေးပြီး ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချစေနိုင်ပါတယ်။
Rayong ခရိုင်ရှိ Mab Ta Phut ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကိုလေ့လာကြည့်ရင် ထားဝယ်မှာလည်း အလားတူ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာမယ်ဆိုတာ သေချာနေပါတယ် ။ စက်ရုံတွေကတရားမ၀င် ထုတ်လွှတ်တဲ့ အညစ်အကြေးတွေကြောင့် မြေဆီလွှာတွေ သုံးလို့မရအောင်ပျက်စီးရသလို ရေတွေလည်း သုံးလို့မရအောင် ညစ်ညမ်းကုန်ပါတယ်။
ဒီရေတွေဟာ မြောင်းတွေ ရေကန်တွေမှတဆင့် မြစ်ချောင်းစနစ်ထဲသို့ ရောက်ရှိပြီး စက်မှုဇုံ ဧရိယာအတွင်း နေထိုင်တဲ့ဒေသခံတွေအတွက် အဆိပ်သင့်ရေတွေ ဖြစ်သွားစေပါတယ် ။ ဒါကြောင့် ဒေသခံတွေဟာ သန့်ရှင်းသောရေကို ဈေးကြီးပေးဝယ်သုံးရပါတယ်။ စက်ရုံတွေက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ အလွန်မြင့်မားမှုကြောင့် အက်ဆစ်မိုးများရွာသွန်းသည့်အပြင် သီးနှံများလည်း စားလို့မရ ရောင်းလို့မရဖြစ်အောင် ပျက်စီးသွားပါတယ်။
ဒါကြောင့် အဆိပ်သင့်စက်မှုဇုံစီမံကိန်းဟာ အခုမျိုးဆက်ကိုသာမက နောက်မျိုးဆက်တွေအတွက်ပါ အဖိုးတန်လှတဲ့ ဂေဟစနစ်ကြီးကို ဖျက်ဆီးလျက်ရှိပါတယ် ။
အချုပ်ဆိုရလျှင် ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းဟာ အစိုးရအတွက် အရေးပါတဲ့ ခြေတစ်လှမ်း ဖြစ်ပါတယ်။ ဒေါ်လာသန်းချီတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ နိုင်ငံရဲ့ဖွံဖြိုးတိုးတက်မှုအတွက် အထောက်အပံ့တစ်ခု ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
သို့သော်ငြားလည်း အစိုးရရဲ့မူဝါဒရေးရာ အားနည်းမှု၊ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းများကို လျစ်လျူရှုမှု၊ ပွင့်လင်းမြင်သာမှု မရှိမှု၊ တာဝန်ယူမှု တာဝန်ခံမှုအားနည်းမှု နဲ့  ၀န်ထမ်းတွေရဲ့ အဂတိလိုက်စားမှုတို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်ပျက်စီးမှုဆိုးကျိုးများဟာ ကောင်းကျိုးထက် ပိုမိုများပြားနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံစီမံကိန်းဟာ ရေရှည်ဖွံဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မယ့် အစိမ်းရောင် ဖွံဖြိုးရေး စီမံကိန်းတစ်ခု ဖြစ်စေဖို့ အစိုးရအနေနဲ့  ဒေသခံ လူထုအပါအ၀င် အရပ်ဘက်လူ့အဖွဲ့အစည်းများ ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ ၊ ပညာရှင်များရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အသေအချာလေ့လာသုံးသပ်ပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်ရန် သင့်မသင့် ဆုံးဖြတ်စေလိုပါတယ်။
သုခသခင်

သားတို့ဘက်မှာအမေတို့ရှိနေတယ်

 ရင်ထဲခံစားမိသော ဓာတ်ပုံလေးတပုံ....

 ဒီဓာတ်ပုံလေးကတော့ ညီငယ်သတင်းထောက်တဦး မှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့ရဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မြောက်တဲ့နေ့ သရက်မြို့ပေါ်က ဓာတ်ပုံမှတ်တမ်းပါ..။ သရက်မြို့ခံ အဘွားအိုတဦးမှ ကိုမင်းကိုနိုင်ကို ဆိုက်ကားနဲ့ အမှီလိုက်ကာ လှိုက်လံနှုတ်ဆက်ပြီး၊ လက်ဆောင်ထုတ်ကလေး ပေးတဲ့ မျက်ရည်ဝဲဖွယ် မြင်ကွင်းလေးကို မှတ်တမ်းတင်ထားပါ...။ နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်က မြင်ကွင်းတွေ အဓိပ္ပါယ်တွေ ရသတွေ အများကြီး ဖော်ဆောင်နေပါတယ်...။ အမေအိုရဲ့ ကိုမင်းကိုနိုင်အပေါ် ထားတဲ့ မေတ္တာနဲ့ ချစ်ခင်အားကိုးမှုတွေကို မျက်ဝန်းမှာ မြင်နိုင်ပါတယ်ဗျာ...။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရမယ် ဆိုတာကတော့ အမေ့အိုရဲ့ အသွင်အပြင်ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်...။ သားရယ် အမေတို့ရဲ့ ဘဝအမောတွေကို ကယ်တင်ပေးပါလို့ ဆိုနေသလား၊ ငါ့သားလေးကို အားကိုးပါတယ်လို့ ဆိုလေမလား၊ အများအကျိုးအတွက် အနစ်နာခံ၊ စတေးခံ လုပ်ဆောင်ပေးတဲ့ ငါ့သားလေး ကျန်းမာ၊ ချမ်းသာပါစေလို့ ဆိုနေသလား...။ အမေတွေနဲ့ ဝေးနေရတဲ့ ကျွန်တော်တို့တွေအတွက် ခံစားချက်တွေနဲ့အတူ လားပေါင်းများစွာ မေးခွန်းတွေပေးနေတဲ့ ဓာတ်ပုံလေးပါ။ မုန့်ထုပ်လေးဟာ တန်ဘိုးမရှိလှပေမယ့် အမေအိုရဲ့ မေတ္တာမျက်ဝန်းကတော့ အင်မတန်မှ တန်ဘိုးကြီးမားလှပါတယ်..။ အမိမြန်မာပြည် အနှံအပြားက ဒီလိုအမေအိုတွေရဲ့ ဘဝအမောတွေ အေးချမ်းစေချင်ပါပြီ..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့ သောကြာနေ့ဟာ မြန်မာပြည်သူတွေ ပျော်မဆုံးဖြစ်ခဲ့ရတဲ့ နတ်၊ လူသာဓုခေါ်မယ့် နေ့ဆိုလည်း မမှားပါဘူး...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးသိန်းစိန် အစိုးရကြား ညှိနှိုင်း ဆွေးနွေးမှုတွေက ရရှိထွက်ပေါ်လာတဲ့ ရလာဒ်တခုပါပဲ...။ ၁၉၈၈ခုနှစ်ကနေ ယနေ့အထိ ၂၄နှစ်တာ ကာလအတွင်း မမြင်မတွေ့နိုင်ခဲ့ရတဲ့ လက်ရှိမြန်မာပြည်ရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျဉ်းတွေပါပဲ...။ ၂၄နှစ်တာ ကာလပတ်လုံး လူထုခေါင်းဆောင်နဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ တဦးနဲ့တဦး အဆက်အသွယ် ဖြတ်ထားခြင်းခံရပြီး အထဲဝင်၊ အပြင်ထွက် လွဲနေ၊ တမင်လွဲအောင် စံနစ်တကျ လုပ်ထား ခံခဲ့ရတာတွေဟာ ယခုတော့ အားလုံး အတူတကွ မြင်တွေ့ရတော့မှာပါ..။

ညအမှောင်မိုက်ထဲက လငပုပ်ဖမ်းထားခံနေရတဲ့ အဖြစ်တွေကနေ ကနေ့မှာတော့ ကျွန်တော်တို့ တိုင်းပြည်မှာ လပြည့်ဝန်းကြီးနဲ့ ကြယ်တွေစုံပြီး တောက်ပ လင်းလက်တဲ့ အနာဂတ်  ကောင်းကင်ကို မြင်တွေ့ရတော့မယ့် ကြယ်တွေစုံတဲ့ညလို့ တင်စားပါရစေ...။ အနှစ်နှစ်အလလ ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်တွေ၊ ဘဝတွေ၊ အချိန်တွေကို စတေးခံခဲ့ရတဲ့ သူရဲကောင်းတွေပေါတဲ့ ကျွန်တော်တို့ တိုင်းပြည်ပါ...။

လာမယ့်အနာဂတ် နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကျွန်တော်တို့အားလုံး လက်တွဲ လုပ်ဆောင် ကြရတော့မယ့် အချိန်ရောက်ရှိနေပါပြီ.။ တမြေတည်းနေ၊ တရေတည်းသောက် တိုင်းရင်းသားအချင်းချင်း အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံး နိုင်ငံသားကောင်းတွေ၊ ဘဏ္ဍာတွေ ဆုံးရှူံးနေရတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ နေထိုင်ရာဒေသက စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဘို့ လိုအပ်နေပါပြီ။ အိမ်ကြက်ချင်း ခွပ်နေရတဲ့ အခြေအနေကို တာဝန်ရှိပြီး တာဝန်ယူ ဖြေရှင်းပေးနိုင်တဲ့ နိုင်ငံတော် အစိုးရမှ အမြန်ဆုံး ရပ်တန့်အောင် ဖော်ဆောင် ပေးစေလိုပါတယ်..။ အကျဉ်းထောင်တွင်းမှာ နိုင်ငံရဲ့လုပ်အားတွေ ဆုံးရှုံးနေရတဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် လွှတ်ပေးစေလိုပါတယ်..။ ယခုလို ပြည်သူအများ မျှော်လင့်တောင့်တ နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အမိန့် ထုတ်ပြန်ပေးခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်အားလည်း ကျေးဇူးတင်ပါတယ်..။

အထက်က အမေအိုတို့လို ပြည်သူ၊ ပြည်သားတွေရဲ့ ဘဝအမောတွေ ဖြေဖျောက်ပေးနိုင်ဖို့ စိတ်ကောင်း၊ စေတနာကောင်းနဲ့ ပြည်သူ့အကျိုးအတွက် ဆက်လက် ဆောင်ရွက်ပေးပါလို့ သမ္မတကြီးအား မေတ္တာရပ်ခံ အပ်ပါတယ်..။ အိမ်နီးချင်းနိုင်ငံတွေကို အမှီလိုက်နိုင်ဖို့ ကျွန်တော်တို့ အားလုံး ကျရာကဏ္ဍကနေ အားသွန်ခွန်ဆိုက် ကြိုးစားကြ ရပါတော့မယ်..။ ကြယ်တွေစုံတော့မယ့် အနာဂတ် မိုးကောင်းကင်မှာ အားလုံး နိုင်ငံအကျိုးအတွက် ဝိုင်းဝန်း၊ ဆွေးနွေးတိုင်ပင် အဖြေရှာကြရအောင်ဗျာ..။ မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်း သာယာပါစေ..။

ဒီမိုဝေယံ
ဓာတ်ပုံ ပိုင်ရှင်ကတော့ ညီငယ်လေး Jpaingပါ...။

Monday, January 9, 2012

ထားဝယ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီ

ထားဝယ်ရေနက်စီမံကိန်းတွင်ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 'အမှန်အတိုင်းပြောရရင် ကျွန်တော်တို့လည်း မီဒီယာတွေရဲ့ စကားကို နားထောင်တယ်။ လေ့လာတယ်။ သတင်းဂျာနယ်အားလုံးက ကျောက်မီးသွေးလုပ်ရင် ဘာဖြစ်မယ်ဆိုတာ ဖော်ပြကြတယ်။ ဒါတွေအကုန်လုံးဖတ်ပြီးတော့ ဒီလိုဆိုလို့ရှိရင် ကျောက်မီးသွေးမလုပ်သင့်ဘူး။ ၄၀၀ မဂ္ဂါဝပ်ထွက်မယ့် စက်ရုံကိုတော့ ပြန်ဆွေးနွေး၊ ၄၀၀၀ မဂ္ဂါဝပ်ကိုတော့ မလုပ်တော့ဘူးလို့ အားလုံးဝိုင်းပြီး ဆုံးဖြတ်လိုက်တာပါ' ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး အဖွဲ့အစည်းအဝေးခန်းမတွင် ဇန်န၀ါရီလ ၉ ရက်နေ့ နံနက်ပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထားဝယ်ခရိုင်အတွင်း ပြုလုပ်မည့် ထားဝယ်ရေနက်စီမံကိန်းနှင့် အထူးစက်မှုဇုန် အကောင်အထည်ဖော်ရာတွင် ကျောက်မီးသွေးသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ရပ်ဆိုင်းခြင်းနှင့် မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ခြင်းဖြစ် ပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့ကို တည်ဆောက်ရန် စီစဉ်မှုများရှိခဲ့သော်လည်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်သဖြင့်  အဆိုပါစီမံကိန်းများကိုလည်း ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
EMG

Wednesday, January 4, 2012

ထား​ဝယ်​ကျောက်မီး​သွေး​စက်ရုံအ​ကြောင်း​ ​မောင်း​မကန်တွင် ​ဒေသခံကို အသိ​ပေး​ပွဲလုပ်

ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာပါဝင်တဲ့​ ​ကျောက်မီး​သွေး​စက်ရုံနဲ့​ ပတ်သက်ပြီး​ ​ဒေသခံပြည်သူ​တွေကို အသိ​ပေး​တဲ့​ လှုပ်ရှား​မှုတခု ဇန်နဝါရီ ၄ ရက် လွတ်လပ်​ရေး​နေ့​မှာ ပြုလုပ်ခဲ့​ပါတယ်။
ဒေသခံတွေကို အသိပေး လှုပ်ရှားမှု ပြုလုပ်စဉ်
ထား​ဝယ်​ဒေသက နာမည်​ကျော် ​မောင်း​မကန်ကမ်း​ခြေမှာ ဒီ​နေ့​ မနက်ပိုင်း​က ပြုလုပ်ခဲ့​တာဖြစ်ပြီး​ ​ဒေသခံ ၂၀၀ ​ကျော် တက်​ရောက်ခဲ့​ကြတယ်လို့​ လှုပ်ရှား​မှုကို ဦး​ဆောင်ပြုလုပ်တဲ့​ ထား​ဝယ်​ဒေသဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က တာဝန်ရှိသူတဦး​က ​ပြောပါတယ်။
သူတို့​အဖွဲ့​ရဲ့​ ဒီ​နေ့​လုပ်​ဆောင်မှုနဲ့​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို သူက ခုလို ​ပြောပါတယ်။
“​ကျောက်မီး​ သွေး​စက်ရုံ လာလုပ်မယ်။ သူတို့​ အဲဒါ လုပ်မယ့်​အ​ကြောင်း​၊​ ပြီး​ရင် ​ကျောက်မီး​သွေး​စက်ရုံက​နေပြီး​တော့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေ ဘယ်လို ရှိတယ်။ သိသင့်​တဲ့​ဟာ​တွေ​ပေါ့​ဗျာ။ အဲဒါကို ကျ​နော်တို့​ လူ​တွေကို သူတို့​ သိသင့်​သိထိုက်တဲ့​ message (သတင်း​) ​တွေ​ပေါ့​။ သူတို့​အ​နေနဲ့​ ပြန်စဉ်း​စား​ပေါ့​။ အဲဒါကို လက်ခံသင့်​ကြောင်း​၊​ လက်မခံသင့်​ကြောင်း​ အဲဒီအတွက် ကျ​နော်တို့​ ​ပေး​တယ်။ ပြီး​ရင် အဲဒါနဲ့​ ပတ်သက်ပြီး​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို လက်မှတ်ထိုး​ လှုပ်ရှား​မှု လုပ်ပြီး​ ပြန်ပြီး​တော့​ ယူတယ်။ အခု သူတို့​က အဲဒါကို တကယ်လာမှာလား​ပေါ့​၊​ တကယ်လာရင် ငါတို့​က ဘယ်လိုလက်ခံရမလဲဆိုပြီး​ စိတ်ထဲက​တော့​ နည်း​နည်း​ ​ရှော့​ဖြစ်သွား​တာ​ပေါ့​။”
ဒေသခံပြည်သူများ​ လက်မှတ်​ရေး​ထိုး​နေကြစဉ်
ကျောက်မီး​ သွေး​စက်ရုံ တည်​ဆောက်ဖို့​ဖြစ်လာတဲ့​ အ​ကြောင်း​ရင်း​တွေ၊​ တည်​ဆောက်ဖြစ်ရင် ဖြစ်​ပေါ်လာနိုင်တဲ့​ ဆိုး​ကျိုး​တွေကို အဖွဲ့​ဝင်အချင်း​ချင်း​ မျှ​ဝေ​ပြောပြတာနဲ့​ လက်ကမ်း​စာ​စောင်​တွေ ဖြန့်​ချိတာ​တွေလည်း​ လုပ်​ဆောင်ခဲ့​ကြတယ်လို့​ ​ပြောပါတယ်။
ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က ဦး​ဆောင်ပြီး​ ပြီး​ခဲ့​တဲ့​ဒီဇင်ဘာထဲမှာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​အ​ပေါ် ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို ရန်ကုန်မှာ သတင်း​စာရှင်း​လင်း​ပွဲ လုပ်ခဲ့​ပါ​သေး​တယ်။
အဲ့​ဒီသတင်း​ စာရှင်း​လင်း​ပွဲ ပြီး​တဲ့​နောက်မှာလည်း​ ထိုင်း​နိုင်ငံက မက်တဖွတ် (Map Ta Phut) စက်မှုဇုန်ကို သွား​ရောက် ​လေ့​လာခဲ့​ကြပြီး​ အဲ့​ဒီက​တွေ့​ရှိလာတဲ့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေကိုလည်း​ ဒီ​နေ့​မှာ တဆင့်​ မျှ​ဝေခဲ့​ကြပါတယ်။
ထား​ဝယ်​ဒေသခံ ​တွေရဲ့​ သ​ဘောထား​တွေ ​ဖော်ထုတ် သိရှိပြီး​ရင်​တော့​ သက်ဆိုင်ရာ တိုင်း​အစိုး​ရအဖွဲ့​နဲ့​ သမ္မတထံ စာ​ရေး​တင်ပြဖို့​ ရှိတယ်လို့​ သိရပါတယ်။
ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​ စီမံကိန်း​မှာပါဝင်တဲ့​ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံဟာ ကာဗွန်ထုတ်လွှတ်မှု တနှစ် တန်သန်း​ ၃၀ ရှိနိုင်ပြီး​ ထိုင်း​တနိုင်ငံလုံး​ ထုတ်လွှတ်မှုရဲ့​ ထက်ဝက်ရှိလာမှာဖြစ်ပါတယ်။
ဒါ့​အပြင် စက်ရုံက ထွက်ရှိလာမယ့်​ ဓာတ်​ငွေ့​တွေ​ကြောင့်​လည်း​ လူနဲ့​ ပတ်ဝန်း​ကျင်တို့​ ထိခိုက်ပျက်စီး​နိုင်တယ်လို့​ ​လေ့​လာမှု စစ်တမ်း​တခုအရ သိရ​ကြောင်း​ ပြီး​ခဲ့​တဲ့​အပတ်ထုတ် ဝီး​ကလီအဲလဗင်း​ဂျာနယ်မှာ ​ဖော်ပြထား​ပါတယ်။

Tuesday, January 3, 2012

လေယဉ်မောင်းလိုင်စင်ရခဲ့တဲ့ လက်မရှိသောမိန်းကလေး






Oxford နဲ့ Cambridge ကနေပြီးသူတို့ရဲ့ အဘိဓါတ်တွေကနေ မဖြစ်နိုင်ဘူးဆိုတဲ့ Can't / Impossible ဆိုတဲ့ ဝေါ ဟာရတွေကို ဖြုတ်ချဖို့ ပြင်ဆင်နေကြပါပြီ ။

Jessica Cox ဟာ အသက် ၂၅ နှစ်ရှိတဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီးမွေးကတည်းက လက်တွေမပါရှိခဲ့ပါဘူး ။ Arizona မှ Tucson မြို့မှာနေထိုင်ပြီး ပထမဆုံးခြေထောက်နဲ့မောင်းတဲ့ လေယဉ်မှူးလိုင်စင်လက်မှတ်ကို ထူး ထူးခြားခြား ရရှိခဲ့သူလေးဖြစ်ပါတယ် ။



သူမမှာ လက်တွေမရှိခဲ့ဘူး ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတဲ့ စကားစုဟာ သူမရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ ယုံကြည် ချက်တွေကို မရပ်တန့်စေနိုင်ခဲ့ဘူး ။



သူမဟာ ပထမဆုံးခြေထောက်နဲ့လေယဉ်မောင်းဖို့ကြိုးစားခဲ့တုန်းက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြပေမယ့် အဲဒီစကား စုကို သူမကြိုးပမ်းအားထုတ်မှုတွေက ဖယ်ထုတ်ခဲ့တယ် ။




ခြေထောက်တွေနဲ့တင် စတီယာရင်ထိမ်းခြင်း နဲ့ ကျွမ်းကျင်သေသပ်စွာ မောင်းနှင်နိုင်ခြင်းတွေက သူမကို ဒီလက် မှတ်ရရှိစေခဲ့တယ် ။ ပေတစ်သောင်းအထက်ကနေ လေယဉ်နဲပျံသန်းပြခဲ့တဲ့ သူမကို တကမ္ဘာလုံးက အံ့သြမင် သက်ငေးမောခဲ့ရပါတယ် ။

“ သူဟာ တကယ့်ကို ကျွမ်းကျင်တဲ့ပိုင်းလော့တစ်ယောက်ပါ သူ့စိတ်ဓါတ်ဟာ ကျောက်စိုင်တွေလို မာကျောတယ် ” လို့ အသက် ၄၂ နှစ်အရွယ်ရှိတဲ့ San Manuel's Ray Blair Airport မှ လေယဉ်မောင်းညွှန်ကြားသူ Parrish Traweek က ပြောဆိုခဲ့ပါတယ် ။ Parrish Traweek ဟာ လေယဉ် ထိမ်းသိမ်းရေး နဲ့ ပတ်သတ်ပြီး ပိုင်းလော့ပေါင်းများစွာကို လေ့ကျင့်ပေးခဲ့သူပါ ။




“ သူကားမောင်းတာ မြင်ပြီးတဲ့အခါ လေယဉ်ကိုပါ ဘာပြဿနာမှ မရှိပဲမောင်းနှင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ” လို့ Traweek က ပြောခဲ့တယ် ။









ဆရာဝန်တွေက သူမ ဘာကြောင့်လက်တွေမပါပဲ မွေးလာခဲ့ရတယ်ဆိုတာ မဖြေမထုတ်ပေးနိုင်ခဲ့ပေမယ့် သူမ ကတော့ လက်အတုတပ်ပြီးဘ၀ကို ဖြတ်သန်းဖို့ကို ရဲရဲ ၀ံ့ဝံ့ ငြင်းဆန်ခဲ့တယ် ။




လက်တွေမရှိဘူး ဒါပေမယ့် ဘ၀ကို ကြိုးစားဖြတ်သန်းပြီး မဖြစ်နိုင်ဘူးဆိုတဲ့အရာကို ခြေဖျက်ပြခဲ့တယ် ။ ကျွန်တော် တို့မှာ လက်တွေရောခြေထောက်တွေရော အစုံရှိကြတယ် ဒါပေမယ့်ပါးစပ်ကနေ မဖြစ်နိုင်ဘူးလို့ တစ်ခုခု ကို ပြုလုပ်ဖို့ကြံတိုင်း ညည်းတွားနေလေ့ရှိကြတယ် ။ သူမကို အတုယူလို့ ကျွန်တော်တို့ လောကကြီးထဲ ဖြတ်သန်း ပျံဝဲဖို့ ကြိုးစားကြပါစို့လား ။

သက်တန့်ချို
3/1/2012

ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည်

ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွင်း အများပြည်သူ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ဆောင် မှုပေးသည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ ”နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာပါ။ ဒီနှုန်းနဲ့ ဖုန်းသုံးစွဲနိုင်ဖို့ အတွက် နိုင်ငံတော် သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပေးတာပါ။ အဓိက ကတော့ ဝင်ငွေနည်းတဲ့ ပြည်သူ တွေနဲ့ အခြေခံလူတန်းစားတွေ ဖုန်း သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး နိုင်ငံ တော် သမ္မတကြီးက ဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဖုန်းလိုင်းအား ၅ နှစ်အတွင်း ဖုန်းလိုင်း သန်း ၃ဝ ထုတ်လုပ်ဖြန့်ချိပေးသွားမည် ဖြစ် ပြီး ယခုနှစ်အတွင်း ဖုန်းလိုင်း ၁ သန်း ထုတ်လုပ်ဖြန့်ချိပေးမည် ဖြစ် ကြောင်း သိရသည်။ ”မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်မှု မရှိပါဘူး။ အထွက်ခေါ်ဆိုနှုန်း မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃ဝ ကျပ်နဲ့ ကောက်ခံသွားမှာပါ။ ဖုန်းကတ် တွေကိုလည်း ဖုန်းဆိုင်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ ဝယ်နိုင်မှာပါ။ ဘယ် တော့ဖုန်းတွေ ချထားပေးမလဲ ဆိုတာကတော့ လာမယ့် မတ်လ မှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်   ပြောသည်။ ၄င်းဖုန်းများအား စတင် သုံးစွဲခွင့်ရပါက တစ်ခါသုံးဖုန်းကတ်များ ကဲ့သို့ နံပါတ်ပြောင်းလဲသွားမည် မဟုတ်ဘဲ နံပါတ်အသေ ဖုန်းများ ဖြစ်ကြောင်း၊ 3 G ကွန်ရက်စနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ဖုန်းဘေလ်ကြို တင်ငွေဖြည့်ကတ် စနစ်ဖြင့် အသုံး ပြုရမည် ဖြစ်ကြောင်း နံပါတ်မှာ ဝ၉-၁ ဖြင့် စတင်သွားမည် ဖြစ် ကြောင်း၊ အင်တာနက်သုံးစွဲမှုမှာ မြန် နှုန်းအပေါ် မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ”ဖုန်းကတော့ GSM ဖုန်း အမျိုးအစားပါ။ ပြည်တွင်းခေါ်ဆိုမှု သာမက အာဆီယံနဲ့ အာရှနိုင်ငံ များကိုပါ ဖုန်းခေါ်ဆိုနိုင်မှာပါ။ နှုန်း ထားကတော့ လက်ရှိအသုံးပြုနေ တဲ့ နှုန်းအတိုင်း ကတ်ထဲက နုတ် ယူသွားမှာပါ။ ပထမနှစ် ဖုန်း ၁သန်းမှာတော့ ရန်ကုန် တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂ ခုပဲ သုံးစွဲနိုင်မှာပါ။ နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည် တော်တိုင်းဒေသကြီးတို့ အပြင် တစ်နိုင်ငံလုံး သုံးစွဲနိုင်   အောင် ဆောင်ရွက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။ အဆိုပါ ဖုန်းများအား နိုင်ငံ တော် အစိုးရမှ ၄ဝ ရာခိုင်နှုန်း၊ ရွှေပြည်တံခွန် ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်း နှင့် သုံးစွဲသူများမှ ဝင်ရောက် ရှယ် ယာဝင်မည်ဆိုပါက ၃ဝ ရာခိုင်နှုန်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ ဖုန်း လိုင်း သန်း ၃ဝ အတွက် ဒေါ်လာ သန်း ၇၇ဝ ကုန်ကျမည်ဖြစ်ပြီး ရှယ် ယာဝင်မည်ဆိုပါက ပထမနှစ် ဖုန်းလိုင်း ၁သန်းအတွက် ငွေကျပ် အနည်းဆုံး ၂ သိန်းခန့် သတ်မှတ်သွားမည် ဖြစ်ပြီး ရှယ်ယာဝင်ခွင့်များအား စီမံကိန်းစတင်ပြီး ၃ လနှင့် ၆ လအတွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများအတွက် ကြို တင်ငွေဖြည့်ကတ်များမှာ ကျပ် ငါးထောင်တန်ကတ်၊ ကျပ်တစ်သောင်းကတ်နှင့် ကျပ်ငါးသောင်း ကတ်များ ဟူ၍ သုံးမျိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
 အောင်ဇော် (ပေါ်ပျူလာ ဂျာနယ်)

Monday, January 2, 2012

ကျွန်မရောက်ခဲ့တဲ့ ထားဝယ်မြို့ (နိုင်းနိုင်း စနေ)

တစ်ပတ်ကျော်ကြာ ကျွန်မနေခဲ့တဲ့ ထားဝယ်မြို့အကြောင်း ကျွန်မသိမြင်ကြားခဲ့ရသမျှကို မျှဝေချင်ပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း ထားဝယ်မြို့က မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီကမ်းရိုးတန်းပေါ်မှာ တည်ရှိတဲ့ မြို့လေးတစ်မြို့ဖြစ်ပြီး အရင်က တနသာင်္ရီတိုင်းရဲ့မြို့တော်ဖြစ်ခဲ့ဖူးပါတယ်။ (အခုတော့ မြိတ်မြို့က မြို့တော်ဖြစ်သွားပြီလို့ ဆိုပါတယ်) ထားဝယ်မြို့ကို တောင်တွေနဲ့ လေးဖက်လေးတန် ဝန်းရံထားတယ်ဆိုပေမယ့် အပူပိုင်းဒေသ၊ ပင်လယ်ကမ်းခြေနဲ့ နီးတဲ့အတွက် ရာသီဥတုက ပူအိုက်စွတ်စိုပါတယ်။ ကျွန်မရောက်ခဲ့တဲ့ နိုဝင်ဘာလမှာတောင် ထားဝယ်က ရန်ကုန်နီးနီး ပူနေဆဲဖြစ်တယ်။

ပင်လယ်နဲ့နီးတာမို့ ထားဝယ်မြို့က ဆောင်းဝင်ရင် အရှေ့လေအရမ်းတိုက်တယ်လို့ ဆိုပါတယ်။ လေတော်တော်ကြမ်းတဲ့အတွက် ဆောင်းရောက်ရင် (ကျွန်မတို့ဖက်က နွေရာသီလို) မီးဘေးအန္တရာယ် အမြဲ ကြုံရတယ်လို့ဆိုတယ်။ ဒါကြောင့် ချက်ပြုတ်ပြီး မီးကြွင်းမီးကျန်မထားဖို့၊ မီးဘေးအန္တရာယ်ကာကွယ်ဖို့ ညနေညခင်းတွေမှာ လော်စပီကာနဲ့ ဆော်သြနေတာကို တွေ့ခဲ့ရတယ်။

ထားဝယ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသား၊ လူမျိုးကွဲတွေအားလုံး ထားဝယ်စကားကိုပဲ သုံးနှုန်းပြောဆိုကြတာ တွေ့ခဲ့တယ်။ ဗမာစကားကိုတော့ လိုအပ်မှပြောကြတယ်။ ထားဝယ်မှာပဲ ကြီးပြင်းခဲ့သူတွေပြောတဲ့ ဗမာစကားက တော်တော်လေးဝဲတာကို တွေ့ခဲ့တယ်။ ထားဝယ်စကားက အင်းသားစကားနဲ့ တော်တော်ဆင်တာမို့ ကျွန်မအတွက် သိပ်ပြဿနာ မရှိခဲ့ပါဘူး။
ပင်လယ်နဲ့နီးတဲ့အတွက် ဆားငန်ရည်နဲ့ အပူပိုင်းဒေသကိုကြိုက်တဲ့ အုန်းပင်၊ ထန်းပင်၊ ဂွမ်းပင်နဲ့ ဓနိပင်တွေကို ထားဝယ်မြို့ ပတ်ဝန်းကျင်အနှံ့မှာ တွေ့ခဲ့ရတယ်။ ဒါ့အပြင် သီဟိုပင်၊ ကြက်ပေါင်ပင်တွေကိုလည်း တွေ့ခဲ့တယ်။ "ထားဝယ်မြို့သည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သည်" ဆိုတဲ့ ဆိုင်းပုဒ်ကိုလည်း လမ်းဘေးတစ်နေရာမှာ တွေ့ခဲ့ပါတယ်။
ထားဝယ်မှာ မြို့မဈေးနဲ့ ကမ်းနားဈေးဆိုပြီး ဈေးနှစ်ဈေးရှိပါတယ်။ မြို့မဈေးက မြို့လယ်မှာရှိပြီး ကမ်းနားဈေးက ထားဝယ်မြစ်ဘေးမှာရှိပါတယ်။ ကမ်းနားဈေးက ရေထွက်ပစ္စည်းတွေဖြစ်တဲ့ ငါး၊ ပုစွန်တွေကို အဓိကထား ဖြန့်ဖြူးရောင်းချတဲ့ နေရာဖြစ်တယ်။
ကမ်းနားဈေးမှာ ကျွန်မမမြင်ဖူးတဲ့ အမည်မသိငါးကြီးတွေအပြင် ငါးခြောက်၊ ပုစွန်ခြောက်၊ ထားဝယ်ငါးချဉ်တွေကို ဈေးနှုန်းချိုချိုသာသာနဲ့ ဝယ်ယူနိုင်ပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံပီပီ ထားဝယ်မြို့နဲ့ အနီးဝန်းကျင်မှာ ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်း တော်တော်များများကို တွေ့ခဲ့ရတယ်။ ကျွန်မတို့ရောက်တဲ့အချိန် ထားဝယ်မြို့မှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ အနှစ်(၁ဝဝ)ပြည့် ကျင်းပတဲ့အချိန်ဖြစ်တယ်။
နေ့ဖက်မှာ နှစ်ဆယ့်ရှစ်ဆူသော ဘုရားတွေကို ကျောင်းဝင်းတစ်ခုထဲမှာထားပြီး ဘုရားပွဲကျင်းပပါတယ်။ လပြည့်ညရောက်မှ ဘုရားနှစ်ဆယ့်ရှစ်ဆူကို အလှယာဉ်ပေါ်တင်ပြီး အပေါ်အောက် အဖြူရောင် ဝတ်ဆင်ထားကြတဲ့ ကျောင်းသား၊ အရပ်သားတွေနဲ့ ထားဝယ်တစ်မြို့လုံးကို ညလုံးပေါက် လမ်းလျှောက်လှည့်လည် ပူဇော်ကြပါတယ်။ ဘုရားကြွရာ လမ်းဘေးဝဲယာတွေမှာ ယုံကြည်ကိုးကွယ်သူတွေနဲ့ စည်ကားသိုက်မြိုက်ခဲ့ပါတယ်။ အနီးပတ်ဝန်းကျင်မြို့ရွာက ဘုရားဖူးသူတွေနဲ့ လပြည့်ညမှာ နှစ်ကျိပ်ရှစ်ဆူ အနှစ်(၁ဝဝ)ပြည့် ဘုရားပွဲက ကျိတ်ကျိတ်တိုး စည်ကားခဲ့ပါတယ်။
ရှေးဟောင်းသမိုင်းဝင် ဘုရားတွေက ထားဝယ်မြို့ ပတ်ဝန်းကျင်မှာ အများအပြားရှိနေခဲ့ပါတယ်။ ပုံထဲက ဘုရားတော်တော်များများကို ကျွန်မတို့ သွားရောက်ဖူးမြော်ခွင့်ရခဲ့တယ်။
ထားဝယ်မြို့ရဲ့ နာမည်ကြီးဘုရားတစ်ဆူဖြစ်တဲ့ ရှင်မုထ္တီးဘုရားဖြစ်ပါတယ်။ ဘုရားကျောင်း တော်တော်များများမှာ ဘုရားရာဇဝင်တွေကို ပုံနှင့်တကွ ရေးသားမှတ်တမ်းတင်ထားတာကို တွေ့ခဲ့ရတယ်။ ပုံမှာတွေ့ရတာက ရူးသွပ်ခြင်းကို ပျောက်စေတဲ့ သစ္စာတော်ဆေးအိုးဖြစ်ပါတယ်။
ထားဝယ်မှာနေထိုင်ကြသူအများက ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်ယုံကြည်ကြသလို တရုတ် နတ်ဘုရားတွေကိုလည်း ကိုးကွယ်ကြတယ်။ ကျွန်မတို့ရောက်တုန်းက ထားဝယ်မှာရှိတဲ့ စောစီကုန်းပူဇော်ပသပွဲနဲ့ ဘုရားကျောင်းဖွင့်ပွဲ ကြုံခဲ့ပါတယ်။
ပထမဦးဆုံး စောစီကုန်းကျောင်းထဲမှာရှိတဲ့ ခြင်္သေ့နဲ့နဂါးကို မျက်စိဖွင့်ပွဲ ပြုလုပ်ပြီး ခြင်္သေ့အက၊ နဂါးအကနဲ့ စောစီကုန်းနတ်မင်းတွေကို ပူဇော်ခဲ့ကြတယ်။
နတ်ဘုရားတွေကို ထမ်းစင်နဲ့ထမ်းပြီး တစ်မြို့လုံး လှည့်လည်အပူဇော်ခံခဲ့ပါတယ်။ နတ်ဘုရားရုပ်တု ထည့်ထားတဲ့ထမ်းစင်က လှည့်လည်အပူဇော်ခံရာမှာ တစ်လမ်းလုံး ဘယ်ညာယိမ်းခါနေတာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ပါတယ်။ နတ်တွေက အရမ်းတန်ခိုးကြီးတယ်လို့ ဆိုပါတယ်။ နတ်အသီးသီးက လူကိုယ်ခန္ဓာထဲ ဝင်ပူးပြီး ရောဂါရှိသူ၊ မကျန်းမာသူတွေကို ဆေးကုသပေးတယ်လို့ ဆိုတယ်။

တစ်မူးရှိလို့ တစ်ပဲလှူတဲ့... ရှမ်းတောင်သူတွေမှ မဟုတ်ပါဘူး။ မြန်မာလူမျိုးတိုင်းက ရောက်ရာအရပ်မှာ အလှူရေစက် လက်နဲ့မခွါခဲ့ကြပါဘူး။ အခုလည်း အမေရိကန်ရောက် ထားဝယ်လူငယ်တွေရဲ့ အလှူတစ်ခုကို အလှူရှင်တွေကိုယ်စား မိဘအုပ်ထိန်းသူတွေက သီလရှင်ကျောင်းတစ်ကျောင်းမှာ (ကျောင်းနာမည်မေ့နေတယ်) ပြုလုပ်ပေးခဲ့သလို ဆောက်လက်စ အာယုဒါန ဆေးရုံတော်မှာလည်း ပြုလုပ်ခဲ့ပါတယ်။ (သီလရှင်ကျောင်းမှာ လုပ်တဲ့အလှူက ထားဝယ်လူငယ်တွေရဲ့ (၆)ကြိမ်မြောက်အလှူ ဖြစ်ပါတယ်)
မောင်းမကန်သွားတဲ့ဖက် မြို့ပြင်တစ်နေရာမှာ ထားဝယ်တက္ကသိုလ်တည်ရှိပါတယ်။ ခါးကျော်ကျော် မြက်ရိုင်းတွေကြားမှာ တက္ကသိုလ်ကို ခမ်းနားထည်ဝါအောင် ဆောက်ထားပေမယ့် (ကျောင်းပိတ်ရက်မို့ထင်) လူတစ်ဦးတစ်ယောက်မှ မတွေ့ခဲ့မိပါဘူး။
ထားဝယ်မှာ ရှင်မတောင်သနပ်ခါးတုံးနဲ့ သနပ်ခါးသွေးလိမ်းကြတာ နည်းပါတယ်။ ကသစ်ဖုတွေသာ သွေးလိမ်းကြတာကြောင့် ဈေးထဲမှာ ကသစ်ဖုတွေ ဒီလိုပုံရောင်းနေတာ တွေ့ခဲ့တယ်။ ဆေးဖက်ဝင် ကသစ်ဖုပဲ လိမ်းကြလို့လား၊ ရေမြေကောင်းလို့ပဲလားမသိ ထားဝယ်သူတွေရဲ့ အသားအရည်က အိစက်ချောမွတ် လှပနေပါတယ်။

ထားဝယ်မြို့က ဖုန်တစ်ထောင်းထောင်း လမ်းဆိုးတွေနဲ့ ပူပြင်းလှပတယ်ဆိုပေမယ့် အစားပုပ်သူပီသတဲ့ကျွန်မ ထားဝယ်အစားအစာကို စိတ်အဝင်စားဆုံးဖြစ်ခဲ့တယ်။ ဒေသကွဲတွေမှာ သူ့ဒေသအလိုက် ရိုးရာအစားအစာတွေက ရှိစမြဲဖြစ်တယ်။

ထားဝယ်မြို့ရဲ့ နာမည်ကြီး ရိုးရာအစားအစာတစ်ခုက မုန့်လက်သုပ်လို့ ဆိုပါတယ်။ မုန့်လက်သုပ်ဆိုလို့ အသုပ်လို့တော့ မထင်လိုက်ပါနဲ့... ကျွန်မတို့ စားနေကြ အာပူလျှာပူလို ပုံစံဖြစ်တယ်။ မုန့်လက်သုပ်က ဓနိရည်နဲ့ချက်ထားကြောင့် ချဉ်စပ်စပ် အရသာရှိတယ်။ ငါးအသား၊ ငါးဥတွေနဲ့ ရှမ်းနံနံနိုင်နိုင်ထည့်ပြီး စားရတဲ့ မုန့်လက်သုပ်ကို တစ်ခြားအစာတွေထက် ကျွန်မပိုကြိုက်မိပါတယ်။

ထားဝယ်မှာ ထားဝယ်မုန့်ဟင်းခါးနဲ့ ရန်ကုန်မုန့်ဟင်းခါးဆိုပြီး မုန့်ဟင်းခါးနှစ်မျိုးရှိပါတယ်။ ထားဝယ်မုန့်ဟင်းခါးက မုန့်ဖတ်များပြီး ဟင်းရည်နည်းနည်းနဲ့ စားကြသလို မုန့်ဟင်းခါးထဲ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ထည့်ပြီး စားကြပါသေးတယ်။ မုန့်ဟင်းခါးထဲထည့်တဲ့ ငှက်ပျောအူကို နုတဲ့ငှက်ပျောခေါက်ကိုမယူဘဲ အလယ်အူတိုင်ကိုပဲ ဆီပြန်ဟင်းလို ချက်ထားပါတယ်။ မုန့်ဖတ်ထည့်၊ ဟင်းရည်နည်းနည်းထည့်ပြီး ငှက်ပျောအူတိုင်ဆီချက်ကို အပေါ်မှာထည့်ပေးပါတယ်။ ထားဝယ်မုန့်ဟင်းခါးထဲမှာ ဘာအကြော်မှ ထည့်မစားကြပါဘူး။ ဟင်းရည်နည်းတဲ့အတွက် အသုပ်နဲ့တူနေပါတယ်။ နဂိုကတည်းက မုန့်ဟင်းခါးသိပ်မကြိုက်တဲ့ ကျွန်မအတွက် ထားဝယ်မုန့်ဟင်းခါးကို စားဖူးရုံပဲ စားခဲ့ပါတယ်။ (ပုံရိုက်ဖို့တောင် မေ့သွားတယ်)
ထားဝယ်ရိုးရာမုန့်တချို့ကို ဘုရားဖူးအသွားမှာ စားခဲ့ရတယ်။ ပုံထဲမြင်ရတာက မုန့်သပေါင်းလို့ခေါ်တဲ့ မုန့်ဖြစ်တယ်။ ကောက်ညှင်းမှုန့်ကို နှမ်း၊ အုန်းနို့နဲ့နယ် ဓနိဖက်နဲ့ထုပ်ပြီး ဖုတ်ထားတာဖြစ်တယ်။ ဓနိနံ့သင်းသင်းလေးနဲ့ စားလို့တော်တော်ကောင်းပါတယ်။ လတ်လတ်ဆတ်ဆတ် နွားနို့စစ်စစ်နဲ့ အင်မတန် လိုက်ဖက်ပါတယ်။
ဒါက မုန့်ဆီကြော်(ထားဝယ်အခေါ် ဒိုခွါ)နဲ့ ကောက်ညှင်းဆနွင်းမကင်းလို့ ဆိုပါတယ်။ မုန့်ဆီကြော်ထဲမှာ အုန်းသီးတွေထည့်ထားပါတယ်။ ဆီတွေရွဲနေတာမို့ ကျွန်မ မစားခဲ့ပါဘူး။ အုန်းပင်တွေ ပေါတဲ့အတွက်ကြောင့်လား ထားဝယ်မုန့်တော်တော်များများမှာ အုန်းသီးတွေပါနေတတ်တယ်။ အပူများတဲ့အတွက် အုန်းသီး၊ အုန်းနို့ပါတဲ့ တစ်ခြားရိုးရာမုန့်တွေကို ကျွန်မ မစားခဲ့ရပါဘူး။
ပင်လယ်နဲ့နီးတာမို့ ထားဝယ်မြို့မှာ ပင်လယ်စာကို လတ်လတ်ဆတ်ဆတ် ဈေးနှုန်းချိုချိုနဲ့ ဝယ်စားနိုင်ပေမယ့် ဟင်းသီးဟင်းရွက် ရှားပါတယ်။ ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းပေမယ့် စုံစုံလင်လင် မတွေ့ခဲ့ရပါဘူး။ ဒေသထွက် ကန်စွန်း၊ချဉ်ပေါင်နဲ့ ပဲတောင့်ရှည်တွေပဲ တွေ့ခဲ့ရတယ်။ ပင်လယ်နဲ့နီးလို့လား မသိပါဘူး... ထားဝယ်အစားအစာတွေက ရှမ်းပြည်သူကျွန်မအတွက် တော်တော်လေး ငန်ပါတယ်။

ဘာပဲဖြစ်ဖြစ် မရောက်ဖူးတဲ့ဒေသ၊ မစားဖူးတဲ့ အစားအစာတွေနဲ့ မကြားမမြင်ဖူးတာတွေကို ကြားသိခံစားခဲ့ရတဲ့ ထားဝယ်မြို့ကို ဒီနေရာမှာချရေးပြီး ကျွန်မလို မရောက်ခဲ့ဖူးသူတွေအတွက် ဝေမျှရင်း အမှတ်တရ သိမ်းထားလိုက်ပါတယ်။

နိုင်းနိုင်းစနေ

ကျပ်သိန်း ၉၀ နဲ့ သတ်ခိုင်းခဲ့

ဓါတ်ပုံ(ပေါ်ပျူလာ)
မျက်နှာဖုံးစွပ်ထားသူများအပါအ၀င် လူအုပ်စုတစ်စုက အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ် ဦးအား ဓားများဖြင့် ၀ိုင်းဝန်းခုတ်ထိုးသတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သည့် အဓိကတရားခံတစ်ဦးအပြင် စုစုပေါင်း ၂၀ ဦးကိုဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ ၆ လမ်းအနီးအနားတွင် အသက် ၃၀ အရွယ်ရှိ ကိုကျော်မင်းကို မျက်နှာဖုံးစွပ်သူများအပါအ၀င် လူအုပ်စုတစ်စုက ရက်စက်စွာ ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့အထိဖြစ်စဉ်မှ ပါဝင်ကျူးလွန်ခဲ့သူ ၁၄ ဦးကိုဖမ်းဆီးထားနိုင်ခဲ့ကြောင်း အဓိကပါဝင်ခဲ့သူတစ်ဦးကိုလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အ ထိ တရားခံများကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။ ပါဝင်ကျူးလွန်ခဲ့သူများထဲမှ အဓိကကျူးလွန်ခဲ့သူကို ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ဒုစရိုက်နှိမ်နှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက " ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ပြီး တော့ ခုတ်သတ်ခဲ့တဲ့ ဖြစ်စဉ်မှာ အဓိကပါဝင်ကျူးလွန်သူတစ်ဦးဖြစ်တဲ့ မြှားလေး(ခ)ကောင်းမြတ်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီတရားခံက အဓိကတရားခံဖြစ်ပါတယ်။ သူ့ကိုပိုက်ဆံပေးပြီးတော့ ဦးစီး ပြီးသတ်ခိုင်းတာပါ။ ကျပ်သိန်း ၉၀ နဲ့ သတ်ခိုင်းခဲ့တာပါ။ တရားခံက စရံ ၂၅ သိန်းရထားတယ်။ သတ်ပြီးတဲ့နေ့ မှာ ကျပ်သိန်း ၂၀ ထပ်ရပါတယ်။ ကျပ် ၄၅ သိန်းကိုတော့မရသေးပါဘူး။ သူ့ကိုငှားပြီးတော့ သတ်ခိုင်းတဲ့သူတွေ ကို အကုန်လုံးကို ဖမ်းဆီးထားပြီးသွားပါပြီ။ အဓိကတရားခံကို စစ်ဆေးမေးမြန်းဆဲကနေ ပြီးတော့ အခြားတရား ခံငါးဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ပြေးနေတဲ့ ၁၆ ဦးကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်" ဖမ်းဆီးရမိခြင်း နှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်။

၎င်းဖြစ်စဉ်ကို မြောက်ဥက္ကလာပရဲစခန်းမှ (ပ)၅၂၄/၂၀၁၁၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
EMG

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls