စာရေး ဆရာ သန်းဆွေတင့် ရေးသားသော ရခိုင်သမိုင်း နောက်ခံ အခြေပြု “ ဘဲငါးရာတောင်ပေါ်က ရတနာသိုက်” ၀တ္ထု စာအုပ်ကို မိုးကျော် စာပေက ထုတ်ဝေ ဖြန့်ချီလိုက်ကြောင်း သတင်း ရရှိသည်။နိရဉ္စရာမှ မိုးကျော် စာပေအား အဆိုပါ စာအုပ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ ဆိုင်တာဝန်ခံမှ အဆိုပါ စာအုပ်နှင့် ပတ်သက်ပြီး ယခုလို ပြောကြားသည်။ " ဟုတ်ကဲ့အကို၊ စာအုပ်က ရခိုင်ဘက်က အကြောင်းကို အခြေခံပြီးရေးသားထားပါတယ်။ စာအုပ်ရောင်းဈေးက ၁၂၀၀ ကျပ်ပါ။ သိပ်အရောင်းရကြီးတော့ မဟုတ်ပါဘူး။ လူတွေက တစ်အုပ်စ နှစ်အုပ်စတော့ လာဝယ် နေကြတယ်။ စာအုပ် ကျေညာက စထွက်လာတုန်းဘဲ ရှိတော့ နောက်ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ မသိရသေးဘူးနော်" ဟု ပြောသည်။
ဘဲငါးရာတောင်ပေါ်က ရတနာသိုက် ၀တ္ထုနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ စာအုပ်စင် ကဏ္ဍက ဖေါ်ပြရာတွင် " အဆိုပါ စာအုပ်သည် ရာဇ၀င်ကို အခြေခံ ရေးသားထားသော ၀တ္ထု ဖြစ်ပြီး သက်တိုင်းရင်းသားတို့၏ မထင်မရှား ပျောက်ကွယ်နေသော ရာဇ၀င် တစ်ပိုင်းတစ်စကို အကြောင်းပြု ဖြစ်ပေါ်လာသော ရှားပါး ၀တ္ထု တစ်ပုဒ်ကား အမှန်ပင် ဖြစ်သည်" ဟု ဖေါ်ပြထားသည်။
ဘဲငါးရာတောင်ပေါ်က ရတနာသိုက် ၀တ္ထုစာအုပ်မှာ ရှေးရခိုင်ဘုရင်များ ဘဲငါးရာတောင်ပေါ်တွင် ၀ှက်ထားခဲ့သော ရတနာသိုက်ကို အခြေခံပြီး ရေးသားထားသော စာအုပ် ဖြစ်သဖြင့် ရတနာသိုက် တည်ရှိမူမှာ သမိုင်းဆိုင်ရာ အရ အချက်အလက်များ ကိုက်ညီမူ ရှိပါသလားဟု သမိုင်းသုတေသီ တစ်ဦး ဖြစ်သူ မြောက်ဦးမြို့မှ ဦးကျော်ထွန်းအောင်အား မေးမြန်းရာ သူက ယခုလို ပြောသည်။
" သမိုင်းအရ ခုနှစ် သက္ကရာဇ်တွေ အကုန်လုံးလွဲနေပါတယ်။ ဗမာ ရာဇ၀င်တွေအအရ ပုဂံက စောမွန်နှစ်နဲ့ ရခိုင်က စုလစန္ဒြားမင်းနောက်ပိုင်း ငမင်းငတုံး မင်းတို့ဟာ ခေတ်ပြိုင် မဟုတ်ဘူး။ နှစ်ပေါင်း ၅၀၀ လောက်ကွာနေပါတယ်။ စောမွန်နှစ်ဆိုတာက ပုဂံ ခေတ် အလယ်ပိုင်းလောက်မှာ ဖြစ်တယ်လို့ ဗမာရာဇ၀င်တွေမှာ ရေးတယ်။ ဒါကြောင့် သမိုင်းအရ ခုနှစ် သက္ကရာဇ်တွေ လွဲနေတာကို တွေ့ရပါတယ်" ဟု ပြောသည်။
သို့သော် အဆိုပါ ရတနာ သိုက်နဲ့ ပတ်သက်ပြီး ဆရာက ယခုလို ဆက်ပြောသည်။
" ရခိုင်မှာ ရှေးရခိုင်ဘုရင်တွေ ၀ှက်ထားခဲ့တဲ့ ရတနာသိုက်တွေ အများကြီးပါ။ ဒါပေမယ့် ဘဲငါးရာတောင်မှာ ၀ှက်ထားခဲ့တဲ့ ရတနာသိုက်ဟာ အမှန်တကယ် ရှိသလား မရှိဘူးလားဆိုတာကိုတော့ မပြောတတ်ဘူး။ ပါးစပ် ရာဇ၀င်မှာတော့ ရှိတယ်။ ဒါပေမယ့် ခုလို ထုတ်ဖေါ် ရေးသားတဲ့ အတွက် ရခိုင် လူမျိုးတွေ အတွက် အကျိုး ရှိမလား၊ မရှိဘူးလားဆိုရင် ဆရာအမြင်က အကျိုးမရှိဘူးလို့ မြင်တယ်။ ဘာကြောင့် အကျိုးမရှိဘူးလို့ ပြောရသလဲ ဆိုရင် အချိန်အခါ အခြေအနေက ဒီလို ကိစ္စတွေကို ထုတ်ဖေါ်ရေးသားဖို့ မသင့်တော်ဘူးလို့ ထင်တဲ့ အတွက်ပါ" ဟု ဆရာက ပြောသည်။
၎င်းပြင် ဆရာက ယခု စာအုပ်အား ဒေသအတွင်းမှ မူလတန်း ကျောင်းအုပ်ကြီး ဆရာတစ်ဦးမှ စတင် ထုတ်ဖေါ်ရေးသားရာမှ ယခုလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားကြောင်း ဆရာက ဆက်ပြောသည်။
"အဲဒီဆရာကြီးက ဒီစာအုပ်ကို ထုတ်ဖေါ်ရမယ်ဆိုတော့ မလုပ်သင့်ဘူးလို့ ကျနော်တို့က ထောက်ပြ ပြောဆိုပေမယ့် မရဘူး။ ဖေါ်ထုတ်ဖို့ လိုတယ်ဆိုပြီး ထုတ်ဖြစ်အောင် ထုတ်တယ်။ အဲဒီနောက်ပိုင်းမှာ ထွန်းကျော်ရီ (စစ်တွေ) က ဘဲငါးရာတောင်က ရတနာသိုက် အကြောင်းကိုရေးတယ်။ အခုတော့ ဆက်ပြီး ဆက်ပြီး ဒီရတနာသိုက်ကို ဖေါ်ထုတ်လာကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။
အဆိုပါ ဘဲငါးရာတောင်ပေါ်က ရတနာသိုက် စာအုပ်ကို မိုးကျော်စာပေ အမှတ် (၃၈၅မျဉ်းစောင်း ၃၈၇)၊ ၂၉ လမ်းနှင့် ရွှေဘုံသာလမ်း (အထက်) ဖုန်း ၇၀၄၂၉၇၊ ၃၈၉၅၅၈၊ ၀၉ ၇၃၀ ၂၉၁ က ဖြန့်ချီလိုက်ကြောင်း သိရသည်။
-------------------------------------------------------------------------------------------------------
ဘဲငါးရာတောင် ရတနာသိုက်နှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနမှ ဖေါ်ပြခဲ့သော သတင်းကို အောက်တွင် ဖတ်ရှု့နိုင်ပါသည်။
ဘဲငါးရာတောင်တွင် ရှေးရခိုင် ဘုရင်များ၏ ၀ှက်ထားခဲ့သော ရတနာသိုက် ရှာတွေ့ပြီ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုက ထုတ်ဖေါ်ရေးသား
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ဘဲငါးရာ တောင်အနီး ရှေးရခိုင် ဘုရင်များ မြှုပ်နှံထားသော ဘုရင့်ရတနာ သိုက်ကို ခေတ်မီ High Tech (NASA-Technology Digital Image)နည်းဖြင့် ရှာဖွေ တွေ့ရှိ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုက ထုတ်ဖေါ် ရေးသားသည်။
မေသဇင်ဆိုသူ သတင်းထောက်ရေးသားသော သတင်းကို ဇွန်လ ၉ ရက်နေ့က ရန်ကုန် မီဒီယာ အုပ်စုက အင်တာနက် စာမျက်နာတွင် ထိုသို့ ထုတ်ဖေါ်ရေးသားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းတွင် ရှေးရခိုင် ဘုရင်များ မြှုပ်နှံထားသော ရတနာသိုက် နေရာကိုံငါ့ High Tech Geology (NASA ထုတ်ထားသော ဂြိုဟ်တု Lan-dsat-7 ETM+(2000) Digital Image Data ရှိ Spectrum လိုင်းများကို အထူးပြုလေ့လာခြင်း ဖြင့် ၎င်းင်းရတနာသိုက်များမြှုပ်နှံထားသည့် နေရာရှစ်နေရာတွေ့ရှိရသည်ဟု Global 9 Education မှသိရကြောင်း ဖေါ်ပြသည်။
ထို့ပြင် ယင်း နေရာများကို ကွင်းဆင်းတိုင်းတာပြီးမှ မြှုပ်နှံ သည့်နေရာကိုအတည် ပြုထားခြင်းဖြစ် ကြောင်း ဖေါ်ပြသည်။
''ဒီရှေးဟောင်းဘုရားတွေမြှုပ် နှံထားတဲ့နေရာကို တရားဝင်တူးဖော်ချင်ရင် နိုင်ငံတော်ကနေ တရားဝင်ခွင့်ပြုမိန့်တောင်း ခံရမယ်။ ပြီးရင် အဲဒီနေရာတွေကို ကွင်းဆင်း အသေးစိတ်တိုင်းထွာပြီးမှ စနစ်တကျ တူးဖော်သင့်ပါတယ်။ ရှေးဘုရင် တွေမြှုပ်နှံထားတဲ့ ရတနာသိုက်တကယ်ရှိပြီ ဆိုတာကိုတော့ အတည်ပြုလို့ရပါပြီ''ဟု ဒဂုံ တက္ကသိုလ်ဘူမိဗေဒဌာနမှအငြိမ်းစား ပါ မောက္ခ ဦးစိုးသိန်းက ပြောကြောင်း ဖေါ်ပြသည်။
ယင်းရတနာသိုက်နေရာအား လွန်ခဲ့သည့်ငါးလလောက်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရဟု ပြောသည်။
ဘဲငါးရာတောင်သည် ရခိုင် ပြည်နယ် ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် ၁၆ မိုင်အကွာ ကုလားတန်မြစ် အနောက် ဘက်ကမ်း ယိုးတရုတ်စံပြကျေးရွာကြီးအနီး စစ်တွေ-ရန်ကုန်ကားလမ်းမကြီး၏ အနောက်ဘက် တစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။ တောင်ထိပ်၏ အမြင့်မှာ ပေ ၁၃၆၀ခန့် မြင့်မားပြီး အရှည် ၅၆၃ ပေ နှင့် အကျယ် ၄၆ပေရှိကာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၏ ဗဟိုချက်မတွင် တည် ရှိကြောင်း သိရသည်။
အဆိုပါတောင်တန်း၏ အနီး ၀န်းကျင်တွင် မြတ်စွာဘုရား၏ဓာတ်တော်၊ မွေတော်များဌာပနာသော သမိုင်းဝင်စေတီ တော်များတည်ရှိကာ ဤဘဲငါးရာတောင် ပေါ်တွင် ဘဲများ နေထိုင် ကျက်စား ခဲ့ဖူးကြောင်း၊ ယင်းကိုအစွဲပြု၍ဘဲငါးရာတောင်ဟုအမည် တွင်လာခြင်းဖြစ်ကြောင်းသိရသည်။ ရှေး ရခိုင်ဘုရင်များသည် စစ်ရှုံး၍ ဘေးလွတ်ရာ သို့ထွက်ပြေးသောအခါ ၎င်းင်းတို့သယ်ဆောင် နိုင်သော အဖိုးတန် ရတနာပစ္စည်းများ ပါတစ် ပါတည်းသယ်၍ ဘေးလွတ်ရာသို့ပြေးလေ့ရှိ သည်ဟု ဆိုသည်။
အေဒီ ၆၃၈ခုနှစ်တွင် နတ် ရွာစံ သောဝေသာလီခေတ်စန္ဒြားမင်းဆက် ကိုးဆက်မြောက် စူလစန္ဒြားမင်း နတ်ရွာစံစဉ် မိဖုရားကြီးစန္ဒာဒေ၀ီ၏သားတော်သက် မင်း ငအောင်လာမှ ထွက်ပြေးတိမ်းရှောင်စဉ်ပါ လာသော နန်းစဉ်ရတနာရွှေ၊ ငွေကျောက် သံပတ္တမြားတို့ကို ရန်သူ၏လက်မှလွတ်ကင်း စေရန် ဘဲငါးရာ တောင်ထိပ်ရှိ အနောက် တောင်ဘက်တွင် ယန္တရားအစီအမံများဖြင့် တွင်းတူးကာ မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အဆိုပါ ရတနာသိုက် မပျက်စီးမဆုံးရှုံးရအောင် ဘဲငါးရာရှင်မနှင့် နတ်ကောင်း နတ်မြတ်တို့အား ကူညီစောင့် ရှောက်ပေးတော်မူပါဟု တိုင်တည်ကာ အဓိ ဋ္ဌာန်ပြုထားခဲ့သည်ဟု ဆိုသည်။
အဆိုပါရတနာသိုက်အား မက် မောသော ပုဂံမင်းစောမွန်နစ်မှာစုံစမ်းရှာ ဖွေရင်း စမ်းမတွိမြို့ကို တိုက်ခိုက်ခဲ့ပြန်သည်။ ဘုရင်သက်မင်းငအောင်လာသည်လည်း မြှုပ် နှံထားခဲ့သည့်ရတနာတို့ကို မယူနိုင်တော့ဘဲ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်၌ပင် နတ်ရွာစံခဲ့သည်ဟု ဆိုသည်။
(စမ်းမတွိ-ကုလားတန်မြစ် လက်တက်တစ်ခုဖြစ်သော စမ်းမတွိချောင်း၊ ထိုနေရာတွင် နန်းမြို့ တည်ခဲ့ခြင်းဖြစ်သည်) ပုဂံမင်း ဘုရင် စောမွန်နစ်မှာလည်း အဆိုပါ ရွှေ၊ ငွေ၊ ရတနာများကို ရှာမတွေ့ခဲ့ဘဲ နောက်ပြန်လှည့်သွားခဲ့ရသည်ဟုဆိုသည်။
ဘဲငါးရာတောင်တွင် ရတနာ သိုက်ရှိသည်ဟု လူအများသိရှိလာသည့် အခါသိုက်တူးသမားများ မကြာခဏ လာ ရောက်ခဲ့ကြပြီး ရတနာသိုက်ရယူရန် ကြိုး စားခဲ့ကြသော်လည်း အကြောင်းတစ်ခုခု ကြောင့် အစီအစဉ်ပျက်သွားတတ်သည်ဟု ဘဲငါးရာတောင်မှ ရှေးလူကြီးများက ပြော ကြသည်။
ထို့ပြင် ဘဲငါးရာတောင်ရိပ်ထိုး သော ပတ်ဝန်းကျင်ကျေးရွာဒေသများတွင် ဘဲမွေးကာ စားသောက်ခြင်း၊ ဘဲဥစားခြင်း မရှိရဆိုသည့် အယူအဆမှာ ၎င်းင်းဒေသရှိ ရှေးဘိုးဘေးစဉ်ဆက်ကပင် ယုံကြည်ကျင့် သုံးလာခဲ့ကြသည်မှာ ဤတောင်၏ထူးခြား ချက်ပင်ဖြစ်ကြောင်းသိရသည်။ ယင်းတောင် တွင် နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့ည ၌ အတ္တလောက၊ ပရလောက သားတို့လာ ရောက်ဆေးပေါင်းလေ့ ရှိသည်ဟု ဒေသခံ များက ယုံကြည်နေကြဆဲပင်ဖြစ်သည်။
''ပြီးခဲ့တဲ့ငါးလလောက်က ဖလား ၀ါးနယူးစ်ဂျာနယ်မှာ အခန်းဆက်ပါခဲ့တဲ့ ဦးထွန်းကျော်ရီ(စစ်တွေ)ရဲ့ ဆောင်းပါးကို ဖတ်ပြီး နှစ်ပတ်အတွင်းမှာပဲ ဒီရှေးဟောင်း ရတနာတွေ မြှုပ်နှံထားတဲ့နေရာကို ရှာခဲ့ တယ်။ အဲဒီနှစ်ပတ်အတွင်းမှာပဲ ရှာတွေ့ခဲ့ တာပါ။ အဲဒီနောက်ပိုင်း သတင်းထုတ်ပြန် ဖို့ တော်တော် လေး စဉ်းစားနေခဲ့ရတယ်။ မတော်လောဘသမားတွေနဲ့ မသမာသူတွေ သိသွားမှာ စိုးတယ်။ သမိုင်းဝင်လဲ ဖြစ်တာ ကြောင့် အစိုးရခွင့်ပြုချက်နဲ့မှ တူးခွင့်ရမှာ မို့လို့ပေါ့'' ဟု ဦးစိုးသိန်းက ဆက်လက်ပြော ပြခဲ့သည်။ အထက်ဖော်ပြပါသတင်းဆောင်း ပါးအား ဦးထွန်းကျော်ရီ(စစ်တွေ)၏ ဖလား ၀ါးနယူးစ် ဂျာနယ်အတွဲ(၆)၊ အမှတ်-၄၉နှင့် ၅၀တို့တွင် နှစ်ပတ်ဆက်တိုက်ဆောင်းပါး အဖြစ်ဖော်ပြခဲ့သည့် ကုလားတန်မြစ်အနောက် ဘက်ကမ်းမှ သမိုင်းဝင်ဘဲငါးရာတောင်နှင့် ထူးခြားသောဖြစ်ရပ်များေ ဆာင်းပါးအား ကိုးကား၍ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါ သည်။
No comments:
Post a Comment