Monday, December 24, 2012

လူထုခေါင်းဆောင်ရဲ့မြိတ်တွင်ပြောသောစကားများ

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ဒီမိုကရေစီကို မမျှော်လင့်သော် လည်း ရအောင်လုပ်ယူမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြောကြား...............
၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိရေးနှင့် ဒီမိုကရေစီရရှိရေးကို
မမျှော်လင့်သော်လည်းရအောင်လုပ်ယူမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ကော့သောင်း-မြိတ် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၂၂ ရက်တွင် မြိတ်မြို့ ဦးစိန်ဂျက် ခန်းမ၀န်းအတွင်း၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ပြည်သူများထံမှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိရန် မျှော်လင့်ပါသလားဟူသော မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။...

“မျှော်လင့်တယ်ဆိုတာဟာ ကိုယ်မကြိုးစားရင် အလကားပဲ။ စိတ်ကူးယဉ်အိပ်မက်ပဲ။ အဲဒီတော့ ရွေးကောက်ပွဲအနိုင်ရဖို့ မျှော်လင့်လားဆိုရင် မမျှော်လင့်ဘူး။ လုပ်ယူမယ်။ ဒီမိုကရေစီရဖို့ မျှော်လင့်လားဆိုရင် မမျှော်လင့်ဘူး။ ရအောင်လုပ်ယူမယ်။ အဲဒီလို ဒီမိုကရေစီရဖို့ လုပ်ယူမယ့် လုပ်ငန်းတွေမှာ ပြည်သူတွေက အားလုံး ၀ိုင်းဝန်းပြီးတော့ ပါဝင်ကူညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တကယ်ဖြစ်ပြီလားဟူသော မေးခွန်းကို “မဖြစ်သေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် လက်ရှိနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးနှင့် တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ ပြုပြင်ရန် လိုအပ်နေသေးသည်ဟုလည်း မိန့်ခွန်းတွင် ဝေဖန်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်တွင်း၌ခရီးစဉ်များ သွားလာနေရခြင်းမှာ ပြည်သူများ၏ အခြေအနေကို သိရှိရန်နှင့် မိမိ၏အတွေးအခေါ် အယူအဆများကို ပြည်သူများသို့ သိရှိစေရန် ရည်ရွယ်၍ သွားလာခြင်း ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထိုမှသာ ပြည်သူများနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ထောက်ခံသင့်၊ မထောက်ခံသင့်ကို စဉ်းစားဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတွင် ပြဿနာတစ်ခု ပေါ်ပေါက်လာပါက စဉ်းစဉ်းစားစားနှင့် ချဉ်းကပ်ရန် လိုအပ်ကြောင်းနှင့် ယင်းပြဿနာမှာ တစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားများနှင့် သက်ဆိုင်သည်ကို မမေ့ရန်အတွက်လည်း ပြောကြားခဲ့သည်။

ပြည်သူများ ဖြစ်စဉ်များအပေါ် သုံးသပ်နိုင်ရန်အတွက်လည်း “ဦးနှောက်ကို စပြီးလှုပ်ရှားရမယ်။ ဒီနိုင်ငံမှာ ကိစ္စတစ်ခု ဖြစ်ပေါ်ပြီဆိုရင် ဦးနှောက်လှုပ်ရှားပြီးတော့ သုံးသပ်ပါ။ ပြောတိုင်းလည်း မယုံပါနဲ့၊ သတင်းစာဖတ်တိုင်းလည်း မယုံပါနဲ့။ တခြားဆောင်းပါးတွေ ဖတ်တိုင်းလည်း မယုံပါနဲ့။ အဲဒါတွေကို ဆင်ခြင်ပိုင်ခွင့်ရှိတယ်။ ဒီဟာ ဓမ္မဓိဋ္ဌာန်ကျရဲ့လား။ မျှတရဲ့လား။ နိုင်ငံရဲ့ အများအကျိုးနဲ့ သက်ဆိုင်ရဲ့လားဆိုတာကို ပြည်သူတွေက သုံးသပ်တဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင်ရလိမ့်မယ်။ ဒီလိုမျိုး အရိုးစွဲသွားမှ အစိုးရလုပ်တဲ့ သူတွေက ပြည်သူရဲ့အကျိုးကို မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်” ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုမှ မေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls