Saturday, January 5, 2013

တောင်ပိုင်းဒေသအတွက် တာဝန်

 
 “ဟက်ပီး” လို့ မြန်မာလို ထင်ထင်ရှားရှားရေး ထားသည့် ထိုင်းနိုင်ငံထုတ် ဖုန်းလိုင်း ကတ်ပေါ်မှ ပါးနှစ်ဖက်မှာ သနပ်ခါးနှင့် အားပါးတရ ပြုံးနေသည့် အမျိုးသမီးငယ်လေး ဖုန်းပြောနေပုံမှာ ဆွဲဆောင်မှုရှိလှသည်။ သူ့ထက် ပိုပြီးဆွဲဆောင် မှုရှိသည်မှာ သူကြော်ငြာပေးနေသည့် ထိုင်းနိုင်ငံထုတ် ဖုန်းကတ်ဈေးနှုန်း ပင်ဖြစ်သည်။

“ဒီမှာ (ကော့သောင်း) မြန်မာငွေ ၁၅၀၀ လောက်ပေးရင် ဖုန်းတစ်လုံး ကိုယ်ပိုင်ရတယ်။ ခင်ဗျားတို့ ရန်ကုန်လို ဆန္ဒပြနေစရာမလိုဘူး။ ဂျာနယ်ထဲမှာ ထည့်ပြောစရာ မလိုဘူး” ဟု ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တစ်စီးနှင့် ကယ်ရီဆွဲရင်း အသက်မွေးဝမ်းကျောင်းပြုနေသူ ကော့သောင်းမြို့နေ ဦးကျော်လှိုင် က ပြောသည်။

“ဖုန်းကြာကြာပြောသူ စိတ်ကျေနပ်နှစ်သက်စရာ” လို့ မြန်မာလို ရေးထားသည့် ထိုင်းဆက်သွယ်ရေး ကွန်ရက်သုံး ဖုန်းများ၏ ဈေးနှုန်းကြောင့် မြန်မာပြည်တောင်ဘက် အစွန်ဆုံးပိုင်းတွင် တည်ရှိသည့် ကော့သောင်းမြို့တွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းများ အသုံးပြုနိုင်ကြောင်း.........

ဦးကျော်လှိုင်က ပြောသည်။ သူပြောနေသည့် လက်ကိုင်ဖုန်း၊ သူမောင်းနေသည့် ဆိုင်ကယ် သာမက သူဝတ်နေသည့် အ၀တ်အစားပါမကျန် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ထုတ်ကုန်များကိုသာ အားထားနေရသည်။

“ရှမ်း(ထိုင်း)ကိုပဲ အားကိုးနေရတယ် စီးပွားရေးက။ ရှမ်းပြည်မှာ စီးပွားရေးကောင်းပါစေလို့ ဆုတောင်းနေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြားသူများသည်လည်း ဦးကျော်လှိုင်လိုပင် အိမ်နီးချင်း ထိုင်းနိုင်ငံ၏ အပေါ်သာ အဓိကအားထား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေရသည်။ စီးပွားရေး ဖွံ့ဖြိုးဖို့ လုံလောက်တဲ့ သဘာဝအရင်းအမြစ်များ ပေါသည့် တနင်္သာရီဒေသခံများသည် ဘေးချင်းကပ်လျက်ရှိသည့် ထိုင်းနိုင်ငံကိုသာ စီးပွားရေးအတွက် မှီခိုနေရသည်။

သဘာဝဓာတ်ငွေ့ ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ရွှေစသည့် သဘာဝ သယံဇာတများပေါများရာ၊ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျွန်းစုများ ပေါများရာ၊ ဒေသတွင်းနိုင်ငံများအား အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့် အနောက်နိုင်ငံ ဈေးကွက်သို့ ဆက်သွယ်ပေးနိုင်သည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည့် တနင်္သာရီဒေသသည် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ပိုင်ဆိုင်နေသည်။

ယင်းကဲ့သို့ သဘာဝကပေးသည့် အခြေအနေကောင်းများစွာ ရှိနေသော်လည်း မြန်မာနိုင်ငံ တောင်ပိုင်း စီးပွားရေးအခြေအနေသည် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ ညံ့ဖျင်းလှသည့် စီမံခန့်ခွဲမှုများ၏ သားကောင်ဖြစ်နေရသည်။ အဓိကဖောက်သည်ဖြစ်သည့် အိမ်နီးချင်းထိုင်းနိုင်ငံ၏ ငါးဈေးကွက်ကို တင်ပို့နိုင်ရန်အတွက် တနင်္သာရီကမ်းရိုးတန်းတစ် လျှောက်တွင် ဒေသခံများက သက်စွန့်ဆံဖျား ငါးဖမ်းခြင်းက ယင်းဒေသ၏ အဓိကစီးပွားရေးတစ်ခုဖြစ်သည်။

၎င်းတို့ဖမ်းဆီးသော ပင်လယ်ပြင်မှ ငါး၊ ပုစွန်များသည် လုပ်ခနည်း မြန်မာအလုပ်သမား အများအပြား လုပ်ကိုင်ရာ ထိုင်းနိုင်ငံအတွင်းရှိ အအေးခန်းစက်ရုံများ၊ အရှေ့တောင်အာရှ၏ အဓိကငါးဈေးကွက်တစ်ခုဖြစ်သော ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ ပင်လယ်ထွက်ပစ္စည်းရောင်းချသည့် ဈေးများ၏ အဓိကသွင်းကုန် ဖြစ်သည်။

“ထိုင်းနိုင်ငံရေထွက်ပစ္စည်း ကုန်ကြမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က မြန်မာပြည်တောင်ပိုင်းက လာတာတွေ။ အဲဒီ ငါးတွေကို ကုန်ချောထုတ်တဲ့နေရာမှာ လုပ်တဲ့ သူတွေကလည်း မြန်မာတွေပဲ။ ပြီးတော့ ကုန်ချောကျတော့ မြန်မာနိုင်ငံက ဈေးကြီးပေးပြီး ပြန်ဝယ်စားရတယ်” ဟု ထားဝယ်လူ့အခွင့်အရေးစောင့်ကြည့်ရေးကွန်ရက်မှ ဦးသန်းဝင်းက ပြောသည်။

အခြေအနေကောင်းများ ပိုင်ဆိုင်သော်လည်း စီမံခန့်ခွဲမှုအလွဲများကြောင့် ဒေသဖွံ့ဖြိုးမှု အားနည်းခြင်းသည် မြန်မာ့ပင်လယ် သယံဇာတများသာမက လူသားအရင်းအမြစ်များပါ တိုင်းပြည်အပြင်သို့ လွယ်လွယ်ကူကူ ရောက်သွားစေခဲ့သည်။

သိန်းပေါင်းများစွာသော မြန်မာနိုင်ငံ၏ လုပ်အား အကောင်းဆုံးဖြစ်သော လူရွယ်လူငယ်များသည် မြန်မာပြည်တောင်ပိုင်း ထွက်ပေါက်မှတစ်ဆင့် ထွက်ခွာသွားပြီး အိမ်နီးချင်းထိုင်းနိုင်ငံတွင် ခက်ခဲစွာ ရုန်းကန်နေရသည်။ ဆိုင်ကယ်၊
ကယ်ရီသမား ဦးကျော်လှိုင်၏ သားနှစ်ဦးမှာလည်း ထိုင်းနိုင်ငံအတွင်းရှိ ရေထွက်ပစ္စည်းကုန်ချော ထုတ်လုပ်သည့် စက်ရုံများ၌ အလုပ်လုပ်ကိုင်နေသည်ဟုဆိုသည်။

“လူလည်း သက်သာတယ်။ ပိုက်ဆံလည်း ပိုရတယ်ဆိုတော့ ကလေးတွေက ဒီမှာ မလုပ်ချင်တော့ဘူး။ အရွယ်ရောက်ရင် ဟိုဘက်ကမ်းပဲ ကူးချင်ကြတော့တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံနှင့် နှစ်စဉ်ကုန်သွယ်မှုတွင် ကန်ဒေါ်လာ သန်းရာနှင့်ချီပြီး အလုပ်ဖြစ်သည့် နယ်စပ်ကုန်သွယ်ရေးစခန်းများ တည်ရှိသော်လည်း ယင်းဒေသခံများသည် အလုပ်အကိုင်ရှားပါးလျက်ရှိသည်။ ဒေသလက်ငုတ်လက်ရင်း အလုပ်အကိုင်များကလည်း ထိုင်းနိုင်ငံတွင် ရရှိသည့်လုပ်ခလစာနှင့် မယှဉ်နိုင်သောကြောင့် ဒေသခံ
များကို မဆွဲဆောင်နိုင်ဘဲဖြစ်လျက်ရှိသည်။

ဦးကျော်လှိုင်၏ သားနှစ်ဦးလို ပိုမိုသက်သောင့်သက်သာရှိသော ဘ၀အတွက် ထိုင်းနိုင်ငံသို့သွားရန် စိတ်ဝင်စားသူများ တစ်နေ့တခြား များပြားလာသလို ထိုင်းနိုင်ငံကလည်း ၎င်းတို့၏ အနောက်ဘက် ပင်လယ်ထွက်ပေါက်ဖြစ်သော တနင်္သာရီ ကမ်းရိုးတန်းဒေသသို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် စိတ်ဝင်စားမှုများ တစ်နေ့တခြား များပြားလာခဲ့သည်။

လက်တွေ့အားဖြင့်လည်း မြန်မာနိုင်ငံထားဝယ်မှတစ်ဆင့် ဆိပ်ကမ်းသစ်တစ်ခုဖန်တီးရန် အစိုးရချင်း နီးနီးကပ်ကပ်ဆောင် ရွက်နေသည်။ အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့် အနောက်နိုင်ငံဈေးကွက်သို့သွားရန် အခွင့်အလမ်းရှိလာစေမည့် ယင်းဆိပ်ကမ်းအတွက် ဘီလီယံနှင့်ချီသော အမေရိကန်ဒေါ်လာငွေများ ရင်းနှီးမြှုပ်နှံရန်လည်း ဆွေးနွေးလျက်ရှိသည်။

မြန်မာပြည်တောင်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရန်မှာ စီးပွားရေး အကျိုးအမြတ်အတွက် အရေးကြီးသည့်ကိစ္စ တစ်ခုဖြစ်ခြင်းကြောင့် ထိုင်းနိုင်ငံကဲ့သို့ မြန်မာအစိုးရသည်လည်း အာရုံစိုက်ကာ လုပ်ဆောင်လာခဲ့သည်။

မြန်မာနိုင်ငံတောင်ဘက်ပိုင်း ဒေသဖြစ်သော အဆိုပါ ကမ်းရိုးတန်းဒေသကြီးသည် ပထ၀ီအနေအထားအရ မျက်နှာသာပေးမှုများရှိနေပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ပိုင်ဆိုင်နေသည်။ အဆိုပါဒေသသည် အနာဂတ်တွင် အရှေ့တောင်အာရှ နှင့် ဒေသတွင်းနိုင်ငံများအတွက် အရေးပါသည့် ဆက်သွယ်ရေး လမ်းကြောင်းသစ်တစ်ခု ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။ စင်ကာပူဆိပ်ကမ်းနေရာကို လက်လွှဲရယူနိုင်မည့် နေရာဟုပင် တင်စားကြသည့် ယင်းဒေသအမှန်တကယ် ဖွံ့ဖြိုးလာပါက ဆင်းရဲသည့် နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲရာတွင် အထောက်အကူဖြစ်မည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်လာနိုင်သည်ဟုပင် ၎င်းတို့က ရှုမြင်ကြသည်။

“မြန်မာနိုင်ငံရဲ့ တောင်ပိုင်းဒေသကို အာရုံစိုက်ခြင်းဟာ အာဆီယံဒေသတစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်ဖို့ကို အာရုံစိုက်တယ်လို့ ပြောလို့ရပါတယ်” ဟု နိုင်ငံရေး ဆောင်းပါးများရေးသားသည့် နေသန်မောင်က ပြောသည်။

မြန်မာသမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စစ်ရင်လပ်ရှင်နာဝပ်တို့သည် ၎င်းတို့ အစိုးရအဖွဲ့များမှ အဆင့်မြင့်အရာရှိများကို ခေါ်ဆောင်လာပြီး ဒီဇင်ဘာ ၁၇ ရက်က ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘူးလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ခေါင်းဆောင်များက အဆိုပါတွေ့ဆုံပွဲအတွင်း ယင်းစီမံကိန်းသည် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အရေးပါသည့် စီမံကိန်းဟု တင်စား လိုက်ကြပြီး စီမံကိန်းအောင်မြင်ရေးအတွက် စိတ်ဆန္ဒပြင်းပြကြကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ “အရှေ့တောင်အာရှကရော အာရှတိုက်တစ်ခုလုံးရဲ့
နောက်ဆုံးအာရုံစိုက်မှုက အိန္ဒိယ သမုဒရာဖြစ်လာတယ်။ အာရှက စီးပွားရေးအရ ပြန်ပြီးခေါင်းထောင်လာဖို့ဆိုရင် အိန္ဒိယသမုဒ္ဒရာက အင်မတန်အရေးပါတယ်။ အရေးပါတဲ့ အထဲမှာမှထားဝယ် ရေနက်ဆိပ်ကမ်းနဲ့အထူးစီးပွားရေးဇုန်က နံပါတ်တစ်လောက် ဖြစ်နေတယ်” ဟု ပထ၀ီနိုင်ငံရေး အခြေအနေများ လေ့လာသူစာရေးဆရာ နေသန်မောင်က ပြောသည်။

ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်းအထိ ကြုံတွေ့နေရသော မြန်မာနိုင်ငံတွင် အစိုးရအနေဖြင့် တောင်ပိုင်းဒေသကိုသာ အမှန် တကယ်ဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်ပါက နိုင်ငံအတွင်း ကြုံတွေ့နေရသည့် စီးပွားရေးချွတ်ခြုံကျမှုနှင့် တိုင်းပြည်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် အလုပ်လက်မဲ့ ဖြစ်နေသည့် ပြဿနာများနှင့် တိုင်းပြည်မှ ထွက်ခွာသွားပြီး ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်နေသည့် နိုင်ငံသားများ သုံးသန်းခန့် ပြန်လည်ရောက်ရှိရေးတို့အတွက် အတိုင်း အတာတစ်ခုအထိ အထောက်အကူပြုမည်ဖြစ်သည်။

သို့သော်လည်း တောင်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများလည်း ကြုံတွေ့နေရသည်။ ယင်းတို့မှာ လူ့အခွင့်အရေးနှင့် သဘာ ၀ပတ်ဝန်းကျင်အရေးတို့ပင်ဖြစ်သည်။

ဒေသတွင်း နိုင်ငံများအတွက် ရေကြောင်းခရီးတွင် မလေးကျွန်းဆွယ်ကို ဖြတ်ရန်မလိုတော့ဘဲ ဖြတ်လမ်းအဖြစ် ခရီးတိုစေမည့် ထားဝယ်စီမံကိန်းသည် ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း ဒေသခံများအကြား ဝေဖန်ခံနေရသည်။ အဆိုပါ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသည့် ထောင်နှင့်ချီသော မြေနေရာများကို စီမံခန့်ခွဲမှုအတွက် တရားမျှတမှု မရှိဟု မကြာခဏ ဝေဖန်သံများ ထွက်ပေါ်နေသည်။

“ကျွန်တော်တို့က စီမံကိန်းကို ကန့်ကွက်နေတာမဟုတ်ဘူး။ ဖွံ့ဖြိုးမှုကို အကြောင်းပြပြီး မြေသိမ်းမှုတွေ မြေကစားမှုတွေကို ပြောနေတာ” ဟု ဦးသန်းဝင်းက ပြောသည်။

စီမံကိန်းများသည် ဒေသခံများ အကျိုးဖြစ်ရေးထက် လာရောက်တည်ဆောက်မည့် စက်ရုံများက ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများက တောင်ပိုင်းဒေသ၏ အလှအပကို ပျက်စီးစေရန်သာ ဦးတည်မည်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက စိုးရိမ်နေကြသည်။ တနင်္သာရီတိုင်း ဒေသအတွင်း အလားအလာအရှိ ဆုံး စီမံကိန်းဖြစ်သည့် ထားဝယ်ရေနက်စီမံကိန်းသည်လည်း ထိုင်းနိုင်ငံအတွင်း တည်ဆောက်ရန် ကန့်ကွက်ခံနေရသည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် စက်ရုံများ ပြောင်းရွှေ့လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“အခု ကော့သောင်းမှာဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံက ဥပမာပဲပေါ့။ လူနေအိမ်နဲ့ ချောင်းလေးပဲခြားတယ်။ ဘယ်လောက်ကန့်ကွက်ကန့်ကွက် ဘယ်သူကအရေးစိုက်လို့လဲ” ဟု ကော့သောင်းမြို့တွင် နေထိုင်လျက်ရှိသည့် ဦးကျော်လှိုင်ကပြောသည်။

ဒေသတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် စက်မှုလုပ်ငန်းများ တစ်ခုတည်းသာ အားကိုးရာမဟုတ်ဘဲ လှပသည့် ကျွန်းစုများကို အသုံးပြုပြီး ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်ခြင်းဖြင့်လည်း ၀င်ငွေရရှိရန် ဆောင်ရွက်သင့်ကြောင်းလည်း သူက ပြောသည်။

ယင်းဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရာတွင် ဒေသခံများ၏ ကိုယ်ပိုင်ယဉ်ကျေးမှု အမှတ်အသားများကို အစိုးရက အလေးထားရန်မှာ အထူးလိုအပ်သည့်ကိစ္စတစ်ခုဖြစ်ကြောင်း ပြည်တွင်းပဋိပက္ခများ အဆုံးသတ်ရေးအတွက် လုပ်ဆောင်နေသည့် မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြံပေးဒေါက်တာမင်းဇော်ဦးက ပြောသည်။

“အဲဒီဒေသ ဖွံ့ဖြိုးလာရင် ပြည်ပကနေ ပြန်လာမယ့်သူတွေအတွက် အာဏာပိုင်တွေက ကြိုတင်ပြင်ဆင်ရမယ်။ အလုံးအရင်းနဲ့ ပြန်လာတဲ့ဟာတွေကို နေရာမချနိုင်ဘူးဆိုရင် တိုင်းပြည်ထဲမှာ ပြဿနာတွေ အများကြီးပိုထွက် လာနိုင်တယ်” ဟု ၎င်းကဖွံ့ဖြိုးမှုနှင့်အတူ ယှဉ်တွဲလာနိုင်သော စိန်ခေါ်မှုများကို ပြောသည်။

“နိုင်ငံတစ်နိုင်ငံဟာ သယံဇာတပစ္စည်း ပေါများလျက်နဲ့၊ သဘာဝအားဖြင့် ချမ်းသာလျက်နဲ့ မတိုးတက်နိုင်ဘူး ဆိုလို့ရှိရင်တော့ ဒါအစိုးရမှာ တာဝန်ရှိတယ်လို့ ကျွန်မတို့ ပြောရမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က တနင်္သာရီ ဒေသခရီးစဉ်အတွင်း ကျွန်းစုမြို့လူထု တွေ့ဆုံပွဲအတွင်း ပြောကြားသည်။

ဦးကျော်လှိုင်က ၎င်းနေထိုင်ရာ မြန်မာ-ထိုင်းနယ်စပ်မြို့သို့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမ ဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်ပုံကို ရနောင်းမြို့မှ သူ့မိတ်ဆွေထံသို့ ထိုင်းဆက်သွယ်ရေး ကွန်ရက်သုံးဖုန်းဖြင့် ပြောပြနေသည်။

အစိုးရသစ်၏ နှစ်နှစ်နီးပါး သက်တမ်းကာလအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့်
သူမျှော်လင့်မထားသည့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်သည် သူ့မွေးရပ်မြေသို့ နောက်တစ်ကြိမ်(ဒုတိယအကြိမ်အဖြစ်)အမှန်တကယ် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

သူ့မွေးရပ်မြေထံသို့ ပြန်လည်ရောက်ရှိလာရန် သူမျှော်လင့်နေသူများ ရှိသေးသည်ဟု ဦးကျော်လှိုင်က ပြောသည်။ ထိုသူ များမှာ အခြေခံလုပ်သားများအဖြစ် တစ်ဖက်နိုင်ငံတွင် အသက်မွေးနေသည့် သူ၏သားများပင် ဖြစ်သည်။ စီးပွားရေးအခြေအနေကြောင့် တိုင်းပြည်မှ စွန့်ခွာခဲ့ရသူများ ပြန်လည်ရောက်ရှိရန်မှာ စီးပွားရေးပြန်လည်ကောင်းမှ ဖြစ်မည်ဟု ၎င်းကဆိုသည်။

ရာစုနှစ်ထက်ဝက်ကျော်အတွင်း ရရှိလာသော အခြေအနေကောင်းများကို ဆုပ်ကိုင်ပြီး မြန်မာနိုင်ငံသည် အလားအလာကောင်းသော နိုင်ငံရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီဖြစ်သည်။

ထို့အတူ တိုင်းပြည်စီးပွားရေး ပြန်လည်ကောင်းမွန်ရေးအတွက် တစ်စိတ်တစ်ပိုင်းအဖြစ် အထောက်အကူပြုနိုင်ရန် ဖွံ့ဖြိုးမှုအတွက် အလားအလာကောင်းများ ပိုင်ဆိုင်နေသည့် မြန်မာနိုင်ငံတောင်ဘက်ပိုင်းဒေသ တိုးတက်ရေးမှာ အစိုးရသစ်နှင့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်နေတော့သည်။ ။

ရေးသားသူ- ထွန်းခိုင်၊ ရန်မျိုးနိုင် - 7Day News Journal




No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls