Wednesday, March 7, 2012

ထိုင်းပညာရေးအကြောင်း

Add caption

၂၀၁၅ ခုနှစ်မှာ ပေါ်ထွန်းလာမယ့် အာစီယံ ကွန်မြူနတီကို ရည်ရွယ်ပြီး ထိုင်းအစိုးရက ပညာရေးပြောင်းလဲဖို့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေတာကို ဘန်ကောက်ပို့စ်နဲ့ နေရှင်းသတင်းစာတွေမှာ နေ့စဉ်တွေ့နေရသည်။ အထူးသဖြင့် ကျောင်းသားတွေကို လက်ပ်တော့ ဝေငှတာနဲ့ ၂၀၁၂ ကို အင်္ဂလိပ်စာနှစ် သတ်မှတ်မှုအပေါ် ဝေဖန် ဆွေးနွေးငြင်းခုန်တာတွေ ပုံမှန် တွေ့ရသည်။
ဒါကြောင့် မောက္ခက ထိုင်းပညာရေးနဲ့ ပတ်သက်ပြီး ထိုင်း ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာ သင်ပေးနေတဲ့ မြန်မာ ဆရာမတစ်ဦးနှင့် ဘန်ကောက် Ramkhamhaeng တက္ကသိုလ်မှာ ပညာရေး မာစတာဘွဲ့ ကျမ်းပြုနေသူ မွန်ကျောင်းသူတစ်ဦးကို ဆက်သွယ် မေးမြန်းပြီး၊ သူတို့ အတွေ့အကြုံတွေကို တင်ပြလိုက်ရပါသည်။

ဆရာမ မမေ
ချင်းမိုင် Sarasas Witaed Lanna School သင်ကြားရေး အတွေ့အကြုံ
ထိုင်းနိုင်ငံက  ကျောင်းတစ်ကျောင်းမှာ စာသင်နေတဲ့ ကျမကို ထိုင်း ကလေးတွေကို စာသင်ရတာနဲ့ မြန်မာ ကလေးတွေကို စာသင်ရတာ ဘာကွာလဲ၊ ထိုင်းကျောင်းတွေရဲ့ သင်ကြားရေးစနစ်က
ဘယ်လိုရှိလဲ၊ ကျောင်းသားတွေရဲ့ အတွေးအခေါ်ပိုင်းနဲ့ သင်ကြားမှု ခံယူပုံ ဘယ်လို ကွာခြားမှုရှိလဲ ဆိုတာတွေ မေးလာပါတယ်။

ယေဘူယျအားဖြင့် ကျောင်းသားတွေကတော့ အတူတူပါပဲ။ စာကိုစိတ်ဝင်စားတဲ့ ကလေးရှိသလို စိတ်မ၀င်စားတဲ့ ကလေးတွေ ရှိတာကတော့ နေရာခြင်းမတူတောင် ပုံစံခြင်းက အတူတူပါပဲ။ ကွာခြားမှုတွေကတော့၊ စာမသင်ခင်မှာ ရှိရမယ့် ကလေးတွေနဲ့ ဆရာတွေရဲ့ စိတ်ဓာတ်အင်အား ပြင်ဆင်မှုက မြန်မာပြည်နဲ့ အတော်ကိုကွာခြားတယ်လို့ ဆိုရပါမယ်။
စာမသင်ခင်မှာ ကျောင်းပြင်ပမှာ စိတ်အနှောက်အယှက်တွေ ဖြစ်လာရင် စာသင်ရတာ မပျော်မရွှင် ဖြစ်တတ်ပါတယ်။ ထိုင်းမှာက နေရေးထိုင်ရေး သွားရေးလာရေး စားရေးသောက်ရေးက အစစအရာရာ အဆင်ပြေတော့ စိတ်ထဲမှာ နောက်ကျိမှု မဖြစ်ဘူး။ ကျမတို့ စာသင်ရတာ အနှောက်အယှက် ဘာမှ မရှိဘူးပေါ့။
ဘာတွေ အဆင်ပြေနေလည်းဆိုရင်တော့ လျှပ်စစ်မီးက မှန်တော့ စားဖို့ ပြင်ဆင်ချိန် သိပ်မကုန်တော့ဘူး။ အင်တာနက်က ကောင်းတော့ ကျောင်းသင်ခန်းစာအတွက် ပြင်ဆင်တဲ့နေရာမှာ စိတ်အေးအေးချမ်းချမ်းနဲ့ ပြည့်ပြည့်စုံစုံ လုပ်လို့ရတယ်။ ကျောင်းသွားတော့လည်း ဘတ်စ်ကားစီးတဲ့အချိန် တိုးခွေ့မနေရတော့ စိတ်က အေးချမ်းသာစွာ သွားလို့ ရပါတယ်။
ကျောင်းရောက်တော့လည်း ကျောင်းသားတွေက ဆရာ ဆရာမဆို အလွန်ရိုသေလေးစားကြတော့ စိတ်ထဲမှာ မကျေနပ်တာ သိပ်မရှိတော့ ကျမအတွက် နေ့စဉ်ကျောင်းသွားကျောင်းပြန်က ပင်ပန်းလှတယ်မရှိတော့ဘူးပေါ့။ ဆရာမတစ်ယောက် အနေနဲ့  နောက်ကျိစရာ စိတ်ရူပ်ထွေးစရာဘာမှ မရှိနေတော့ သင်ကြားရေးအပိုင်းမှာ ကိုယ်ရောစိတ်ပါ သင်ကြားပေးနိုင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အလွန်ကိုကောင်းလှတယ်မဆိုပေမဲ့ သူတို့တွေဟာ အကောင်းဆုံးဖြစ်အောင် အမြဲတမ်း ကြိုးစားနေကြတာကိုက အတော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ်ပိုင်ကျောင်းတွေ ဖြစ်လင့်ကစား ကျောင်းတွေ အကုန်လုံးဟာ ထိုင်းနိုင်ငံ ပညာရေးဘုတ်အဖွဲ့ရဲ့ လက်အောက်မှာ ရှိနေရပါတယ်။

ကျမ စာသင်နေတဲ့ ကျောင်းအကြောင်းပြောရမယ်ဆိုရင်၊ သင်ခန်းစာ ရေးဆွဲတဲ့ စနစ်တွေ တစ်နှစ်ထက် တစ်နှစ် ပိုကောင်းမွန်အောင် ကြိုးစားပြင်ဆင်နေသလို ကျောင်းတွင်းပိုင်းမှာလည်း ဆရာဆရာမ များသင်ကြားရေး ကောင်းမကောင်း အမြဲတမ်းလိုက်လံ ကြည့်ရူစစ်ဆေးပါတယ်။ သင်ခန်းစာတွေကို ပြင်ဆင်ရာမှာလည်း သေချာပြင်ဆင်ပြီးမှ သင်ကြားကြရပါတယ်။ သင်ခန်းစာကို ပြင်ထားရုံနဲ့ မပြီးသေးပါဘူး။ သင်ခန်းစာအတိုင်း သင်ကြားသလားဆိုတာကို အကြီးအကဲတွေက လိုက်လံကြည့်ရူ နေပါတယ်။

ကျောင်းသားတွေ ဂီတအနုပညာ ၀ါသနာပါရင် အတီး အမှုတ်ပညာ၊ ပန်းချီဝါသနာပါသူကိုလည်း ပါသလို သင်ပေးတယ်။ အားကစား ၀ါသနာပါသူကိုလည်းပါသလို သူ့အဖွဲ့လိုက် ခွဲခြားပြီးသင်ပေးပါတယ်။ ဒီလို ငယ်ရွယ်တဲ့အချိန်ကစပြီး သူတို့ ၀ါသနာပါရာလမ်းလေးတွေကို ရွေးချယ်တတ်အောင် ပြင်ဆင်ပေးတဲ့သဘောပါပဲ။
ကျောင်းမှာ boy scout, girl scout ဆိုပြီး တစ်ပါတ်မှာ တစ်ရက် လေ့ကျင့်ကြတာ ရှိပါသေးတယ်။ အဲလိုမျိုးကို ကျောင်းတိုင်းမှာ လုပ်ရပါတယ်။ ကိုယ်ပိုင်ကျောင်းကော အစိုးရကျောင်းမှာပါ ရှိပါတယ်။ တကယ့်ကိုပဲ သူတို့ကိုယ်သူတို့ နိုင်ငံတော်အတွက် အရေးပါတဲ့ လူငယ်တွေ၊ အသက်စွန့် ကာကွယ်ကြမယ့် မျိုးချစ်လူငယ်တွေ၊ စည်းကမ်းပြည့်တဲ့ လူငယ်တွေ ဖြစ်အောင် လက်တွေ့ သင်ပေးတဲ့ သင်ခန်းစာပါ။ ကလေးတွေကို ငယ်ငယ်လေးကတည်းက အရေးပေါ်အခက်အခဲတွေ ဖြေရှင်းတတ်အောင် သင်ပေးတာမျိုးလည်း ရှိပါတယ်။

နိုင်ငံအနေနဲ့ ကြည့်မည်ဆိုလျှင်လည်း ထိုင်းနိုင်ငံက တစ်သွေးတစ်သံ တစ်မိန့်ကို အမြဲလေးစား နားထောင်တတ်တာကိုလည်း တွေ့ရပါတယ်။ ခုဆို ၂၀၁၂ က ထိုင်းနိုင်ငံရဲ့ အင်္ဂလိပ်စာ နှစ်လို့သတ်မှတ်ထားသလို ကျောင်းတိုင်းအားလုံး ကလည်း ကြိုးစားပါဝင်လုပ်ဆောင်နေပါတယ်။ ကျောင်းတွေမှ စိတ်ဝင်တစားလုပ်နေခြင်းမဟုတ်ဘဲ၊ မိဘတွေကပါ  သူတို့ သားသမီးတွေ အင်္ဂလိပ်စာကို အလေးတထား သင်ယူလာအောင် စိတ်ပါဝင်စား လုပ်ကိုင်လာကြတာကိုတွေ့နေရတာ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။

မြန်မာပြည်က ကျောင်းသားနဲ့ ထိုင်းနိုင်ငံကျောင်းသားကွာခြားမှုကို ပြောရရင် မြန်မာပြည် ကျောင်းသင်ခန်းစာတွေကို ဘာမဆို  အလွတ်ကျက်မှတ်ပြီး အောင်မြင်မှုကို ယူကြရပါတယ်။ နောက်ပြီး ကျမ အမြင်ပြောရရင် မြန်မာပြည်က ကျောင်းသားဘ၀က တော်တော်သနားစရာကောင်းတယ်လို့ ပြောရမလားပါပဲ။ ကလေးတွေမှာ စိတ်ဖိစီးမူ အရမ်းများတယ်လို့ ဆိုချင်ပါတယ်။ စာတွေကို အကုန်အလွတ်ရနေရအောင် ကျောင်းက ဖိအားပေးတာက တစ်မျိုး၊ အိမ်ရောက်ပြန်တော့လည်း မိဘက စာကျက်ဆိုပြီး ကျူရှင်တစ်ခုပြီး တစ်ခုနဲ့ ကြိုးစားကြရပါတယ်။

ထိုင်းနိုင်ငံက ကျောင်းသားတွေမှာတော့ စိတ်ဖိစီးမူ ဘာမှ မရှိပါဘဲ အောင်မြင်မှု ရကြပါတယ်။ အလွတ်ကျက်မှတ်တယ်ဆိုတာကို သူတို့ မသိဘူး၊ ဒါပေမဲ့ သူတို့ နားလည်အောင်ကြိုးစားပြီး အဖြေတစ်ခုကို ရှာကြတယ်။ စာမရရ ကောင်းလားဆိုပြီး ဆူပူမူမရှိဘဲ တစ်နည်းမဟုတ် တစ်နည်းနဲ့ သင်ကြားနည်းစနစ် မျိုးစုံ အသုံးပြုပြီး သင်ကြားပေးပါတယ်။

ဒါပေမဲ့ ထိုင်းကလေးတွေရဲ့ ကြိုးစားအားထုတ်မူက မြန်မာ ကလေးတွေလောက်တော့ သိပ်မရှိဘူး ဆိုရပါမယ်။ သူတို့က သိပ် မကြိုးစားတော့ ဆရာဘက်က အတော် အားစိုက်ရပါတယ်။  ကျမ ကတော့ သူတို့ကို လူပျင်းတွေလို့ တစ်ခါတစ်ခါ မြင်မိတယ်။ သူတို့ကိုကြည့်လျှင် ဘာမဆို အေးအေးဆေးဆေးပါပဲ။ စာမေးပွဲဆိုလို့လည်း ကြောက်လန့်နေတာမရှိဘူး။ သူတို့ကိုကြည့်ပြီး အားမရတာတော့ အမှန်ပါပဲ။
ဒါပေမဲ့ သူတို့တွေမှာ ဆရာဆရာမတွေက သင်ကြားရေး နည်းမျိုးစုံနဲ့ သင်ကြားသလို၊ စာကြည့်တိုက်လား၊ အင်တာနက်လား သူတို့ အနားမှာ အကုန်ပြည့်စုံနေတော့ ဗဟုသုတပိုင်းကတော့ သူတို့ စိတ်ဝင်စားရင် စိတ်ဝင်စားသလောက် အတွေးအခေါ်ပိုင်း တိုးတက်ပါတယ်။
ကလေးတွေ အင်တာနက်ကို အသုံးပြုလား မပြုလားဆိုတာကို တစ်ရက် ကျမ သေသေချာချာကို သိလိုက်ရတာကတော့ ကလေးတွေကို ကျမ အဆိုင်းမင့်တစ်ခု ပေးလိုက်တာပါ။ နောက်တစ်ရက်ကြတော့ သူတို့တွေ ပြီးမလာပါဘူး။ သူတို့ အတန်းထဲ ရောက်တော့ ကျမဆီကို တန်းစီရောက်လာပြီး ၀ိကီလိခ် ပိတ်ထားလို့ စာမလုပ်ခဲ့ရဘူးဆိုတာ သေချာလာရှင်းပြပါတယ်။ ဒါ အလယ်တန်းကျောင်းသားတွေပဲ ရှိပါသေးတယ်။
မြန်မာကျောင်းသားတော်တော်များများဟာ စာကြည့်တိုက်မှာ စာကိုရှာဖွေပြီးလုပ်ဆောင်ရတယ်ဆိုတာ မရှိသလို အင်တာနက်ကို အသုံးပြုပြီး စာပေကို ရှာဖွေဖတ်ရူနေဖို့ဆိုတာလည်း မလွယ်လှပါဘူး။ ကျောင်းစာအုပ်တွေနဲ့တင် အချိန်ကုန်နေကြချိန်မှာ၊ ထိုင်းဘက်က ကလေးတွေက အပြင်ဗဟုသုတတွေ သူတို့ လက်တစ်ကမ်းမှာ အကုန်ရှိနေတယ်။ သူတို့ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို အသေချာလေ့လာဖို့ အခွင့်အရေးတွေ ရှိနေတယ်။ လမ်းညွှန်ပေးမယ့် သူတွေ အသင့်ရှိနေတယ်။ သူတို့ စိတ်ဝင်စားဖို့ပဲ လိုနေတယ်။
ကျောင်းသားခြင်းတူပေမဲ့ အခွင့်အရေးခြင်း ကွာခြားပါတယ်။ အခွင့်အရေး ကွာခြားသွားတာနဲ့ အကုန်ကွာခြားသွားတာပါပဲ။ ဒါကလည်း မြန်မာ ကျောင်းသားတွေညံ့လို့ မဟုတ်ပါဘူး။ အခွင့်အရေးတွေဆုံးရုံးခဲ့ရလို့ ဒီလိုဖြစ်ကြရတာပါ။
မြန်မာကလေးတွေ မညံ့ဘူးလို့ ပြောချင်ပါတယ်။ စာပေကို လက်လှမ်းမှီရာကနေ ကြိုးစားပြီးလေ့လာနေတဲ့ မြန်မာကလေးတွေအများကြီး ရှိတယ် ဆိုတာလည်း ပြည်တွင်းမှာ ဆရာမ လုပ်တုန်းက မြင်တွေ့ခဲ့ရပါတယ်။ ကျမတို့ မြန်မာနိုင်ငံက ကလေးတွေကတော့ အမှောင်ထဲမှာ ကိုယ်ပိုင်အလင်း ရဖို့ ကြိုးစားနေရတဲ့ ကြယ်ပွင့်ကလေးတွေလိုပါပဲ။

မိအိုက်စွမ်း
Ramkhamheang တက္ကသိုလ် သင်ယူမှု အတွေ့အကြုံ
Ramkhamheang တက္ကသိုလ်မှာ ပညာရေး မာစတာတန်း ကျောင်းစတက်တဲ့နေ့မှာ အခြားနိုင်ငံကကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ ဝန်ထမ်းတွေ ကိုယ်စီ အလုပ် ရှုပ်နေကြတယ်။ ပထမဆုံးနေ့ဆိုတော့ အကုန်လုံးက ကိုယ့်အတွက် အသစ်အဆန်းတွေ ဖြစ်နေတာပေါ့။
စာသင်ခန်းထဲ ဝင်လိုက်တာနဲ့စာသင်ခန်းထဲမှာရှိတဲ့ပစ္စည်းတွေကို မတွေ့ဖူးတဲ့အပြင် အခေါ်အဝေါ်တွေကိုတောင် မခေါ်တတ်ဘူး ဖြစ်ခဲ့တယ်။ အဲဒီ သင်ကြားရေးပစ္စည်းတွေက ကိုယ်တက်ခဲ့တဲ့ မြန်မာပြည်က မော်လမြိုင်တက္ကသိုလ်မှာပဲ မရှိတာလားဒါမှမဟုတ် ကိုယ်ကပဲ မြန်မာပြည်ရဲ့ အဆင့်မြင့်တက္ကသိုလ်တွေမှာ မတက်ခဲ့မိလို့ မသိတော့အောင်ပါပဲ။
ကျောင်း ပတ်လောက် တက်ပြီးတဲ့အချိန်မှာမှ နောက်ဆုံးအပတ်အတွက် တင်ပြမှု (presentation) လုပ်ရမယ်တဲ့။ တင်ပြမှု (presentation) လုပ်ဖို့အတွက် ကိုယ့်ဟာကိုယ် PowerPoint နဲ့ပြင်ပြီး Projector ကိုသုံးရမယ်ဆိုတာကို သိလာတော့တယ်။ အဲဒီတော့မှ အော်.. Projector ဆိုတာ ဒါပါလားဆိုတာကို စသိလာခဲ့တယ်။

ကျောင်းရဲ့ပထမအပတ်မှာတော့အခြားသော နိုင်ငံခြားကျောင်းသားတွေ အများကြီးတွေ့ရတာပေါ့။ ဆရာကတော့ စာအုပ်ထဲက သီအိုရီတွေကို ရှင်းပြပြီး ကိုယ့်ရဲ့အတွေ့အကြုံကို မေးတာပေါ့။ အဲဒီမှာ အခြားကျောင်းသားတွေက မကြောက်မရွံ့နဲ့ ဖြေဆိုနိုင်ခဲ့ပေမဲ့ ကိုယ်ကတော့ပါးစပ်ကို ပလာစတာနှင့် ပိတ်ထား သလို ဖြစ်ခဲ့တယ်။ ပါးစပ်ကို လုံးဝမဟရဲခဲ့ဘူးပေါ့။ စိတ်ထဲမှာ ပြောချင်တာတွေက အများကြီးပါ။ သို့သော် ကိုယ်ပြောလိုက်တဲ့စကားလုံးတွေက မှားများမှားနေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တစ်လနှစ်လကျော်တဲ့အထိ ကျောင်းမှာ ပါးစပ်ပိတ်နေခဲ့မိတယ်။
အခြားနိုင်ငံကလာတဲ့ ကျောင်းသားတွေကတော့ သူတို့မသိတဲ့အကြောင်းအရာတွေဆိုရင်လည်း ဆရာကို မကြာခဏဆိုသလို မေးပြီး၊ သူတို့သိထားတဲ့အကြောင်းအရာရှိရင်လည်း တစ်တန်းလုံးကို ပြန်ပြောပြကြတာပေါ့။ presentation လုပ်တဲ့အခါမှာ ဆိုရင်လည်း ရင်တွေ ဒုန်းဒုန်းခုန်လာပြီး ခြေလက်တွေ အေးစက်ကုန်တာပေါ့။ ဒါကဘာဖြစ်လို့လဲလို့ စဉ်းစားမိပြီး ကိုယ့်ကိုကိုယ်ပဲ အားမလိုအားမရဖြစ်ကာ presentation လုပ်ပြီးတိုင်း ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရတယ်။
ဝမ်းနည်းမိတာကတော့ ကိုယ်သာ ငယ်ငယ်လေးကတည်းက ရဲရင့်စေတဲ့ ပညာရေးကို ရရှိခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ ဗမာစကားပုံတစ်ခုကိုလည်း သတိရမိသွားတယ်။ပညာရဲရင့် ပွဲလယ်တင့်တဲ့ဒါဆို ဒီစကားပုံက ဘာကိုဆိုချင်တာလဲ ကိုယ့်အကြောင်းကို ပြန်စဉ်းစားမိတော့လည်း မြန်မာပြည်မှာ (Bachelor)ဘွဲ့ရခဲ့တဲ့သူတစ်ယောက်ပေါ့။ သူများတွေလည်း သူတို့နိုင်ငံက Bachelor ဘွဲ့ ရခဲ့လို့ ဒီမှာ (Master) အတူတူလာတက်နေတာလေ။ ပညာရေးအဆင့်ကအတူတူပဲဖြစ်နေတယ်။ သို့သော် ကိုယ်ကဘာလို့ သူတို့လိုမျိုးပညာရဲရင့် ပွဲလယ်မတင့်ရတာလဲဆိုတာကို စဉ်းစားမိတိုင်း ဝမ်းနည်းခဲ့ရတယ်။
ဝမ်းသာတာတစ်ခုကတော့ကိုယ်က ဒီလိုနေရာမျိုးမှာ စာသင်ခွင့်ရပြီး ကိုယ်ကိုကိုယ်လည်း ယုံကြည်မှုပိုမိုရှိလာတဲ့အပြင် ကိုယ့်ရဲ့ သူငယ်ချင်း မျိုးဆက်သစ်လူငယ်တွေအတွက်လည်း ကိုယ်ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို ပြန်လည်ဝေငှပေးနိုင်မယ်ပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်နိုင်ငံနဲ့ အခြားနိုင်ငံရဲ့ပညာရေးကွာခြားမှုကို ပိုပြီးနားလည်လာတယ်။
နောက်တစ်ခုကတော့ စာသင်ခန်းထဲမှာ ဆရာက ကမ္ဘာ့ပညာရေးနဲ့ပတ်သက်ပြီး မေးလာခဲ့ရင် ကိုယ်က ဘယ်တော့မှ မဖြေနိုင်ခဲ့ဘူး။ တစ်ခါတစ်လေ ဆရာက ဆိုကရေးတီး အကြောင်းကိုမေးရင် အခြားကျောင်းသားတွေက ဆိုကရေးတီး ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ပြောနိုင်ခဲ့တယ်။ ကိုယ်ကတော့ နာမည်သာသိပြီး အကြောင်းအရာကို ပြန်မပြောပြနိုင်ခဲ့ဘူး။ အတိတ်ကနာမည်ကျော် ကမ္ဘာ့ပညာရေးသမားတွေရဲ့ အကြောင်းကို သေသေချာချာမသိခဲ့တာက ကိုယ့်ရဲ့ ဥာဏ်ရည်ညံ့ဖျင်းမှုကြောင့်လား။ ဒါမှမဟုတ် ကိုယ့်ရဲ့ပညာရေးစနစ်ကြောင့်လား။
သမိုင်းအကြောင်းကို ကောင်းကောင်းမသိခဲ့တဲ့အပြင် လွန်ခဲ့တဲ့ နှစ် နှစ်ကမှ သတင်းမှာကြော်ငြာသွားတဲ့ နာမည်ကျော် ပညာရှင်တွေရဲ့အကြောင်းကိုလည်း မဆွေးနွေးနိုင်ခဲ့ပြန်ဘူး။ ကိုယ်ကပဲ သတင်းတွေမှာ မဖတ်မိတာလား။ ဒါမှမဟုတ် ကိုယ့်နိုင်ငံကပဲ ကမ္ဘာ့သတင်းအစုံအလင်ကို မတင်ပြနိုင်ခဲ့တာလား။
နောက်တစ်ခုကတော့ ကိုယ်က အမြဲတမ်းစာကို အလွတ်ဖတ်ခဲ့ရတော့ အခုတက္ကသိုလ်မှာလည်း စာအလွတ်ဖတ်ရမယ်လို့ ထင်ခဲ့တာပေါ့။ အဲဒီလို င်သလိုမဟုတ်ပါ။ ဒီတက္ကသိုလ်မှာက စာကြည့်တိုက်သွားပြီး စာအုပ်တွေကို ကိုယ့်ဟာကိုရှာရတယ်။ ပြီးတော့ကိုယ်လိုချင်တဲ့အချက်အလက်တွေကို မှတ်စု (note) ထုတ်ရတယ်။ စာကိုလည်း နားလည်အောင်ဖတ်ပြီး သူများကို ပြန်ပြောပြနိုင်ရမယ်။ ပြောပြတဲ့အခါမှာလည်း သက်သေအထောက်အထားနဲ့တကွ ဖေါ်ပြနိုင်ရမယ် ကိုယ်ကသူများစာကို ကိုးကားထားရင်လည်းကိုးကားကြောင့်ပြရမယ်။
ဒါတွေအားလုံးကို ကိုယ်ကတစ်ခါမှ မလုပ်ခဲ့ဖူးတော့ တော်တော့်ကို အခက်ကြုံရတာပေါ့။ စာအုပ်တွေ့တိုင်း အလွတ်ကျက်ရအောင်လည်း ဒီကျောင်းမှာက စာပြန်အံခိုင်းတဲ့ ကျောင်းမဟုတ်ဘူးလေ။ စာအုပ်ကို ဖတ်ပြီး နားလည်မှုရအောင်တော့ အခေါက်ပေါင်းများစွာ ဖတ်ရတာပေါ့။ တစ်ခါတလေ စိတ်ဓာတ်ကျပြီး စာလုပ်ချင်တဲ့ စိတ်တောင် ပျောက်သွားခဲ့တယ်။ ကိုယ်ကပဲ စာဖတ်ပြီး နားလည်အောင်လုပ်တဲ့ အလေ့အကျင့်မရခဲ့တာလား။ ဒါမှမဟုတ် ဗမာပြည်မှာ အဲလို စာဖတ်တတ်အောင် သင်ပေးတဲ့ကျောင်းကိုပဲ မတက်ခဲ့တာလား။
လကြာပြီးတဲ့အချိန်မှာမှ ကိုယ့်ကိုကိုယ် နည်းနည်းယုံကြည်မှု ပိုမိုရလာတော့တယ်။ ရှက်ကြောက်စိတ်၊ အားငယ်စိတ်တွေကို ဖျောက်ဖျက်နိုင်ဖို့လည်း မနည်းကြိုးစားရတာပေါ့။
အခုဆိုရင်လည်း (Thesis) စာတမ်းပြုစုနေတဲ့ ကာလဖြစ်တယ်။ ပထမဆုံးအကြိမ် စာတမ်းပြုစုတဲ့ အတွေ့အကြုံဖြစ်လို့ အရမ်းကို အခက်တွေ့နေတာပေါ့။
အင်း ဘာလိုလိုနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ Ramkhamhaeng တက္ကသိုလ်မှာ မဟာဘွဲ့အတွက် စာသင်ယူနေတာ နှစ်နှစ်နီးပါးတောင် ပြည့်တော့မယ်လေ။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls