Tuesday, November 1, 2011

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​စီး​ပွား​ရေး​ အနာဂတ် – အပိုင်း​ (၂)

မောင်း​မကန်ကမ်း​ရိုး​တန်း​က ထား​ဝယ်​ကျေး​လက်​ဒေသရဲ့​ လူမှုစီး​ပွား​ဘဝပုံရိပ်လွှာ

တနင်္သာရီကမ်း​ရိုး​တန်း​က ​မောင်း​မကန်ကမ်း​ခြေဟာ ​ဖြောင့်​တန်း​လှပပြီး​ လူသား​ရဲ့​ပြုပြင်မှု မခံရ​သေး​တဲ့​ ပကတိ သဘာဝ ကမ်း​ခြေတခုပါ။ ဒါ​ပေမယ့်​ လမ်း​ပန်း​ဆက်သွယ်​ရေး​ ခက်ခဲတာ​ကြောင့်​ ရခိုင်ပြည်နယ်က ငပလီကမ်း​ခြေ၊​ ဧရာဝတီတိုင်း​က ​ငွေ​ဆောင်နဲ့​ ​ချောင်း​သာကမ်း​ခြေ​တွေ​လောက် ​မောင်း​မကန် ကမ်း​ခြေဟာ ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​မှု မရှိခဲ့​ပါဘူး​။
မောင်း​ မကန်ကမ်း​ခြေရဲ့​ လက်ရှိအ​ခြေအ​နေနဲ့​ မြန်မာနိုင်ငံရဲ့​ ဖွံ့​ဖြိုး​မှုဟာ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၅၀ က ထိုင်း​နိုင်ငံ နဲ့​ ဆင်တူပြီး​ အရိုင်း​လွင်ပြင်သာသာပဲ ရှိတယ်လို့​ အီတာလျှံ – ထိုင်း​ကုမ္ပဏီရဲ့​ ထား​ဝယ်စီမံကိန်း​ မန်​နေဂျာ Surin Vichian က ​ပြောဖူး​ပါတယ်။ ထိုင်း​နိုင်ငံက ကမ္ဘာ​ကျော် ဖူး​ခက်ကမ်း​ခြေနဲ့​ နှိုင်း​ယှဉ်ရင် ​မောင်း​မကန်ဟာ ​တော်​တော် ​ခေတ်​နောက်ကျ ကျန်ရစ်တဲ့​ ကမ်း​ခြေတခု ဖြစ်​နေပါတယ်။
ဒါ​ပေမယ့်​ ထား​ဝယ်​ဒေသမှာ သူရဲ့​ပင်ကိုယ်မူလတန်ဖိုး​တွေ ရှိ​နေပါတယ်။ ​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်အတွက် အချက်အချာကျတဲ့​ ထား​ဝယ်ခရိုင်၊​ ​ရေဖြူမြို့​နယ်ထဲက နဘုလယ်​ဒေသမှာ ထား​ဝယ်သား​ အချင်း​ချင်း​တောင် နား​လည်ရ ခက်တဲ့​ ​ရှေး​ထား​ဝယ်စကား​အသုံး​အနှုန်း​တွေကို ယ​နေ့​တိုင် ထိန်း​သိမ်း​သုံး​စွဲ​နေတဲ့​ လူ့​အဖွဲ့​အစည်း​တခု ရှိ​နေပါတယ်။ ​ဒေသခံ​တွေရဲ့​ အစဉ်အလာယုံကြည်မှုအရ သည်​နေရာဟာ ထား​ဝယ်လူမျိုး​တွေရဲ့​ ဇစ်မြစ်​နေရာဌာန တခုဆိုတာကို​တော့​ သိသူ ရှား​ပါလိမ့်​မယ်။
ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်က​နေ တိုင်း​ပြည်အတွက် ရရှိလာမယ့်​ အကျိုး​ကျေး​ဇူး​က ​နောင် ၁၀ နှစ် ခန့်​ကြာမှ မြင်​တွေ့​နိုင်မှာ ဖြစ်​ပေမယ့်​ ​ဒေသခံ​တွေက​တော့​ ပြဿနာ​ပေါင်း​စုံနဲ့​ ရင်ဆိုင်​နေရပါပြီ။ ဘာသာ​ရေး​နဲ့​ ယဉ်​ကျေး​မှု အမှတ်လက္ခဏာ​တွေနဲ့​ ပင်ကိုယ်သဘာဝအတိုင်း​ ရှိ​နေ​သေး​တဲ့​ ​မောင်း​မကန် ကမ်း​ရိုး​တန်း​မှာ ​ဆောက်လုပ်မယ့်​ စက်မှုဇုန် စီမံကိန်း​ကြီး​ဟာ ​ဒေသခံပြည်သူ​တွေရဲ့​ လူ​နေမှုပုံသဏ္ဍာန်နဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​တွေကို လုံး​ဝ​ပြောင်း​လဲပစ် လိုက်မှာ ဖြစ်ပါတယ်။ ဘိုး​ဘွား​စဉ်ဆက် ပိုင်ဆိုင်ခဲ့​တဲ့​ ​မြေယာ​တွေကိုလည်း​ စက်မှုဇုန် အတွင်း​ စ​တေး​ပစ်တာ ခံကြရပါ​တော့​မယ်။ ဘာသာ​ရေး​နဲ့​ယဉ်​ကျေး​မှုအ​မွေအနှစ်များ​ ကိန်း​ဝပ်တဲ့​ အ​ဆောက်အဦး​တွေလည်း​ အဖျက်ဆီး​ခံကြရပါ​တော့​မယ်။
နဘုလယ်​ကျေး​ ရွာအုပ်စုဖြစ်တဲ့​ လဲ​ရှောင်၊​ ပရဒတ်၊​ ထိန်ကြီး​၊​ မယင်း​ကြီး​၊​ မူး​ဒူး​ကျေး​ရွာတို့​ကို မကြာခင်မှာ စတင် ​ပြောင်း​ရွှေ့​ရမယ်လို့​ ​ဒေသအာဏာပိုင်​တွေက ရွာသား​တွေကို အ​ကြောင်း​ကြား​ထား​ပါတယ်။ ​ဒေသခံ​တွေရဲ့​ ခန့်​မှန်း​ခြေအရ ရွာ ၅ ရွာ ​ပေါင်း​ လူဦး​ရေ ၁၀,၀၀၀ ​ကျော်တယ်လို့​ ဆိုပါတယ်။ နဘုလယ်​ဒေသဟာ ပင်လယ်ကမ်း​ခြေနဲ့​ နီး​ပေမယ့်​ ရာဘာနဲ့​ သီဟိုဠ်ခြံစိုက်ပျိုး​ရေး​လုပ်ငန်း​တွေကို အဓိကလုပ်ကိုင်ကြပါတယ်။
ဒေသခံ​တွေ​ ပြောပြချက်အရ ​ပြောင်း​ရွှေ့​ချထား​မယ့်​နေရာက နဘုလယ်ရဲ့​ ​မြောက်ဘက် သိပ်မ​ဝေး​လှတဲ့​ ဘဝါကမ်း​ခြေဖြစ်ပါတယ်။ ​နေရာသစ်ဟာ ငါး​ဖမ်း​ လုပ်ငန်း​ လုပ်ကိုင်ရာ​ဒေသဖြစ်ပြီး​ ​မြေပြန့်​ နည်း​ပါး​ ​တောင်ကုန်း​တွေများ​တဲ့​ အတွက် ဥယျာဉ်ခြံလုပ်ငန်း​နဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​တဲ့​ နဘုလယ်သား​တွေအတွက် အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​ အခက်အခဲ ​တွေ့​နိုင်တယ်လို့​ ဆိုပါတယ်။ ဘဝါကမ်း​ခြေဟာ ​မြေလွတ်​မြေရိုင်း​များ​သာဖြစ်တဲ့​အတွက် ​ပြောင်း​ရွှေ့​ခံရသူ​တွေ အတွက် ခြံစိုက်ပျိုး​ရေး​လုပ်ငန်း​ကို လုပ်မယ်ဆိုရင် အစက​နေ ပြန်လည်ထူ​ထောင်ရမယ့်​ အ​ခြေအ​နေဖြစ်ပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ဒေသတွင် ကျရောက်နေသော ကျေးရွာ ၁၉ ရွာကို ပြောင်းရွှေ့နေရာချထားမည့် စီမံကိန်းမြေပုံ
မွေး​ရပ်​ မြေကို စွန့်​ခွာလာရတဲ့​ ​ဒေသခံ​တွေဟာ လူမှုဘဝနဲ့​ ယဉ်​ကျေး​မှု တန်ဖိုး​တွေကို လည်း​ လက်လွှတ်ဆုံး​ရှုံး​မှာဖြစ်ပါတယ်။ ဆုံး​ရှုံး​သွား​တဲ့​ အိုး​အိမ်​မြေယာ​တွေအတွက် မျှတသင့်​လျော်တဲ့​ ​လျော်​ကြေး​ရရှိတဲ့​တိုင်​အောင် ​နေရာသစ်မှာ ဘဝကို ပြန်စရမှာ ဖြစ်တဲ့​အတွက် လူမှုဝန်ထုပ်ဝန်ပိုး​ကြီး​တွေက မိသား​စုများ​စွာရဲ့​ပခုံး​ပေါ် ကျ​ရောက်ဖိစီး​ လာ​တော့​မှာ ဖြစ်ပါတယ်။ ​ခေတ်သစ် စက်မှု​တော်လှန်​ရေး​တရပ်ကို ကိုယ်​တွေ့​ ခံစား​ယုံက လွဲပြီး​ တခြား​ရွေး​ချယ်စရာလမ်း​ မရှိပါဘူး​။
မြန်မာနိုင်ငံရဲ့ ​ကျေး​ရွာတိုင်း​လိုလိုမှာ ဘုန်း​တော်ကြီး​ကျောင်း​များ​နဲ့​ ​စေတီပုထိုး​များ​ ရှိကြပါတယ်။ ဘာသာ​ရေး​ အ​ဆောက်အအုံ​တွေဟာ ​ကျေး​ရွာလူမှုဘဝတခုလုံး​ကို ဟန်ချက်ညီ​အောင် စုစည်း​ထိန်း​ကျောင်း​ထား​နိုင်တဲ့​ လူမှုအ​ခြေခံ အ​ဆောက်အအုံ ​တွေဖြစ်ပါတယ်။ ​ကျေး​ရွာ​တွေကို ​ရွှေ့​ပြောင်း​ခိုင်း​ ​ပေမယ့်​ ဒီလို ဘာသာ​ရေး​ဆိုင်ရာ ဘုန်း​တော်ကြီး​ကျောင်း​တွေနဲ့​ ​စေတီပုထိုး​တွေကို မဖျက်ဆီး​ဘဲ နဂိုအတိုင်း​ ထား​ရှိခွင့်​ပြုမယ်လို့​ ထိုင်း​ကုမ္ပဏီနဲ့​ မြန်မာအာဏာပိုင်​တွေက ​ပြောဆို​နေပါတယ်။ ဒါ​ပေမယ့်​ “ဘုန်း​ကြီး​ကျောင်း​တွေကို ချန်ထား​ခဲ့​ပြီး​ ရွာ​တွေ အကုန်လုံး​ ​ပြောင်း​ရွှေ့​ခိုင်း​တော့​ ဘုန်း​ကြီး​တွေ ဘယ်က ဆွမ်း​၊​ ကွမ်း​နဲ့​ အသက်ဆက်ရမှာလဲ၊​ ဘုန်း​ကြီး​ဆိုတာ ဒကာမရှိတဲ့​နေရာမှာ မရှင်သန်နိုင်ဘူး​လို့​ ​ဝေဖန်​နေကြပါတယ်။
စီမံကိန်း​ ဒေသဟာ သတင်း​မီဒီယာ​လောကနဲ့​ အလှမ်း​ဝေး​နေတာရယ်၊​ လွတ်လပ်တဲ့​ ပြည်တွင်း​ပြည်ပက ဖွံ့​ဖြိုး​ရေး​ သု​တေသီ​တွေ၊​ စီး​ပွား​ရေး​ပညာရှင်​တွေနဲ့​ သဘာဝပတ် ဝန်း​ကျင်ဆိုင်ရာပညာရှင်​တွေ သွား​ရောက်​လေ့​လာခွင့်​မရတဲ့​အတွက် ထား​ဝယ် ​ဒေသခံ​တွေရဲ့​ လူသား​လုံခြုံမှု (Human Security) ဟာ လူမသိသူမသိ ခြိမ်း​ခြောက်ခံ​နေရပါတယ်။
စီမံကိန်း​ဒေသက ​ကျေး​ရွာ​တွေ ​ပြောင်း​ရွှေ့​ရေး​နဲ့​ ရွာသား​တွေ ဆုံး​ရှုံး​ခဲ့​ရမှုများ​အ​ပေါ် ​လျော်​ကြေး​ပေး​ရေး​ကိစ္စ​တွေက အီတာလျံ- ထိုင်း​ကုမ္ပဏီ ရင်ဆိုင်​ဖြေရှင်း​ရမယ့်​ လတ်တ​လောပြဿနာ​တွေပါ။ မြန်မာစစ်အစိုး​ရက အရပ်သား​ အစိုး​ရကို အာဏာမလွှဲမီ ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့​တဲ့​ “ထား​ဝယ်အထူး​ စီး​ပွား​ရေး​ဇုန်ဥပ​ဒေ” ထဲမှာ စီမံကိန်း​ကြောင့်​ နစ်နာဆုံး​ရှုံး​မှုအတွက် ​ဒေသခံ ရွာသား​တွေကို ​လျော်​ကြေး​ပေး​ရန် ရင်း​နှီး​မြှုပ်နှံသည့်​ကုမ္ပဏီများ​က တာဝန်ယူရမယ် လို့​ ဥပ​ဒေရဲ့​ ပုဒ်မ ၃၄ မှာ ​အောက်ပါ အတိုင်း​ ​ဖော်ပြထား​ပါတယ်။
“ဗဟိုအဖွဲ့​က ခွင့်​ပြုထား​သည့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်အတွင်း​ရှိ ​မြေ​ပေါ်တွင်၊​ လူ​နေအိမ်​ခြေများ​၊​ အ​ဆောက်အအုံများ​၊​ လယ်ယာဥယျာဉ်ခြံ​မြေများ​၊​ သီး​ပင်စား​ပင်များ​၊​ စိုက်ခင်း​များ​ စသည်တို့​ကို ​ပြောင်း​ရွှေ့​ရှင်း​လင်း​ပေး​ရန်ရှိပါက ယင်း​တို့​အား​ ​ပြောင်း​ရွှေ့​နေရာချထား​ခြင်း​နှင့်​ ​လျော်​ကြေး​ပေး​ခြင်း​တို့​အတွက် ကုန်ကျစရိတ်များ​ကို ရင်း​နှီး​တည်​ဆောက်သူ သို့​မဟုတ် ရင်း​နှီး​မြှုပ်နှံသူက ကျခံရမည်။ ထို့​အပြင် ​ပြောင်း​ရွှေ့​ရသူများ​အတွက် မူလအဆင့်​အတန်း​ထက် မနိမ့်​ကျ​စေရန်နှင့်​ ယင်း​တို့​၏ အ​ခြေခံလိုအပ်ချက်များ​ ပြည့်​စုံ​စေရန် ​ဆောင်ရွက်​ပေး​ရမည်။ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန် စီမံခန့်​ခွဲမှု ​ကော်မတီသည် အဆိုပါလုပ်ငန်း​များ​ အဆင်​ပြေ​ချော​မွေ့​စေ​ရေး​အတွက် လိုအပ်သလို ညှိနှိုင်း​ဆောင်ရွက်​ပေး​မည်” လို့​ ​ဖော်ပြထား​ပါတယ်။
ဥပ​ဒေပါစကား​ ရပ်​တွေက ​ဒေသခံ​တွေရဲ့​နစ်နာမှု​တွေကို ကာကွယ်​ပေး​ထား​တာ ​တွေ့​ရ​ပေမယ့်​ ​မြေပြင်​ပေါ်မှာ လက်​တွေ့​အ​ကောင်အထည်​ဖော်​နေတဲ့​ အ​ခြေအ​နေ ​တွေနဲ့​ ကင်း​ကွာ​နေတာ​တွေရှိပါတယ်။ ​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်မယ့်​ ကမ်း​ခြေအနား​က သူ့​ရဲ့​နေအိမ် တဲကပြင်​ပေါ်မှာ ထိုင်ရင်း​ အသက် ၆၀ ခန့်​ရှိ ထား​ဝယ်သား​ အဖိုး​အိုက “ကျုပ်ရဲ့​ သီဟိုခြံထဲက​နေ လမ်း​ ​ဖောက်​နေတာ ပြီး​သွား​ပြီ။ ရွာလူကြီး​က​တော့​ ​လျော​ကြေး​ရမယ် ​ပြောတာပဲ၊​ တကယ်က လမ်း​မ​ဖောက်ခင်ကထဲက ​ပေး​သင့်​ တာ​ပေါ့​” လို့​ အီတာလျံ – ထိုင်း​ကုမ္ပဏီရဲ့​ နည်း​လမ်း​မကျပုံကို ရှင်း​ပြပါတယ်။ အာဏာပိုင်​တွေအ​ရေး​ယူမှာ စိုး​ရိမ်တဲ့​အတွက် အဖိုး​အိုက သူ့​ရဲ့​နာမည်ကို မထုတ်​ဖော်​စေချင်ပါဘူး​။
အီတာလျံ - ထိုင်းကုမ္ပဏီက ခန့်ထားသော “ပြန်လည် နေရာချထားမှု ညှိနှိုင်းရေးအရာရှိ” မြန်မာလူမျိုး ဦးအောင်ဇော်ဝင်းက ရွာသားများအား ဤပုံစံကို ဖြန့်ဝေ ပေးပြီး ခုတ်လှဲခံရမည့် သစ်ပင်အမျိုးအစား၊ သက်တမ်း နှင့် အ ရေအတွက်ကို ဖြည့် သွင်းကာ သ ဘောတူ ကြောင်း လက်မှတ် ရေထိုး ခိုင်း ။
စီမံကိန်း​ ဒေသက ထား​ဝယ်​ဒေသခံ​တွေဟာ ​ကျေး​လက်​နေလူတန်း​စား​ အလွှာဖြစ်ပြီး​ အတန်း​ပညာတတ်​မြောက်မှု နည်း​ပါး​ပေမယ့်​ ထိုင်း​နိုင်ငံက အထင်ကရ နိုင်ငံတကာကုမ္ပဏီကြီး​တခုရဲ့​လုပ်ရပ်ဟာ တရား​နည်း​လမ်း​မကျဘူး​ဆိုတာကို​တော့​ သူတို့​ သိ​နေကြပါတယ်။ ဒါ​ပေမယ့်​ ​ဒေသအာဏာပိုင်​တွေရဲ့​ ဖိအား​ပေး​မှု​အောက်မှာ ဘယ်လိုမှ ငြင်း​ဆန်လို့​မရတဲ့​ အ​ခြေအ​နေနဲ့​ ကြုံ​တွေ့​နေရပါတယ်။
မကြာခင်က ပြုလုပ်ခဲ့​တဲ့​ ​ဒေသခံဥယျာဉ်ခြံ​မြေပိုင်ရှင်​တွေနဲ့​ ​တွေ့​ဆုံတဲ့​ အစည်း​အ​ဝေး​တခုမှာ အီတာလျံ – ထိုင်း​ကုမ္ပဏီက ခန့်​အပ်ထား​တဲ့​ ပြန်လည်​နေရာ ချထား​မှု ညှိနှိုင်း​ရေး​အရာရှိ မြန်မာလူမျိုး​ ဦး​အောင်​ဇော်ဝင်း​ (​ခေါ်) Aubrey G. Winbaw က လမ်း​ဖောက်လုပ်ရာမှာ ခုတ်လှဲခဲ့​တဲ့​ ရာဘာပင်၊​ သီဟိုပင်၊​ ကွမ်း​သီး​ပင် စတဲ့​ ​ဒေသခံ​တွေအတွက် ဝင်​ငွေရရှိတဲ့​ သစ်ပင်အမျိုး​အစား​တိုင်း​ကို ​လျော်​ကြေး​ ​ပေး​မယ်လို့​ အာမခံ ​ပြောဆိုခဲ့​ပါတယ်။ ရွာသား​တွေက သစ်ပင်တပင်ရဲ့​ တန်ဖိုး​နဲ့​ ဘယ်အချိန်မှာ ​လျော်​ကြေး​ပေး​မလဲလို့​ ​မေး​တဲ့​အခါ ဦး​အောင်​ဇော်ဝင်း​က ကုမ္ပဏီအ​နေနဲ့​ မသတ်မှတ်ရ​သေး​ကြောင်း​၊​ အစည်း​အ​ဝေး​ မထိုင်ရ​သေး​ကြောင်း​ ပြန်​ပြောခဲ့​ပါတယ်။
ဒါ​ပေမယ့်​ အထက်က​ဖော်ပြထား​တဲ့​ ဇယား​ကွက်ပုံစံကို အီတာလျံ – ထိုင်း​ကုမ္ပဏီနဲ့​ ​ဒေသခံအာဏာပိုင်​တွေက ​ကျေး​ရွာ​တွေကို တရွာဝင်တရွာထွက် ဥယျာဉ်ခြံပိုင်ရှင် ​တွေနဲ့​ ​တွေ့​ဆုံပြီး​ သူတို့​ခြံ​မြေထဲက ခုတ်လှဲမယ့်​သစ်ပင်​တွေကို စာရင်း​ပြုစုပြီး​ သ​ဘောတူ​ကြောင်း​လက်မှတ်ထိုး​ခိုင်း​ခဲ့​တယ်။
ထိုပုံစံမှာ လက်မှတ်​ရေး​ထိုး​မယ့်​သူဟာ ဥယျာဉ်ခြံပိုင်ရှင်အပြင် အီတာလျံ-ထိုင်း​ ကုမ္ပဏီက အရာရှိတဦး​၊​ မြန်မာ​ဘောလုံး​အဖွဲ့​ချုပ်ဥက္ကဌ ပိုင်ဆိုင်တဲ့​ Max Myanmar ကုမ္ပဏီက အရာရှိတဦး​၊​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​၊​ မြို့​နယ်နှစ်ရှည်သီး​နှံအရာရှိနဲ့​ မြို့​နယ်​မြေစာရင်း​အရာရှိတို့​ ပါဝင်တယ်။ Max Myanmar ကုမ္ပဏီဟာ ထား​ဝယ် အထူး​စီး​ပွား​ရေး​ဇုန် ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေမှာ အီတာလျံ-ထိုင်း​ ကုမ္ပဏီနဲ့​ ပူး​ပေါင်း​တည်​ဆောက်မယ့်​ ပြည်တွင်း​ကုမ္ပဏီတခု ဖြစ်ပါတယ်။
အီတာလျံ-ထိုင်း ​ကုမ္ပဏီက လမ်း​ဖောက်လုပ်ရာမှာ ခုတ်လှဲရမယ့်​ ရာဘာပင်၊​ သီဟိုပင်၊​ ကွမ်း​သီး​ပင်​တွေအတွက် ဥယျာဉ်ခြံ ပိုင်ရှင်ရွာသား​တွေနဲ့​ ​လျော်​ကြေး​တန်ဖိုး​ သတ်မှတ်ခြင်း​ကိစ္စကို အရင်ဦး​ဆုံး​ နှစ်ဦး​သ​ဘောတူညှိနှိုင်း​မှုရယူခဲ့​ခြင်း​မရှိဘဲ သစ်ပင်​တွေခုတ်လှဲပြီး​ လမ်း​ဖောက်လုပ်တာကို သ​ဘောတူညီ​ကြောင်း​ ​ဒေသအာဏာပိုင်​တွေရဲ့​အကူအညီနဲ့​ ဖိအား​ပေး​ လက်မှတ်ထိုး​ခိုင်း​ခဲ့​ပါတယ်။ အဲ့​ဒီအတွက်​ကြောင့်​ ရွာသား​တွေမှာ သူတို့​ဆုံး​ရှုံး​နစ်နာမှု​တွေအတွက် တန်ရာတန်​ကြေး​ရရှိဖို့​ ကုမ္ပဏီနဲ့​ အ​ပေး​အယူလုပ်နိုင်တဲ့​ အင်အား​ (Bargaining Power) ဆုံး​ရှုံး​ခဲ့​ရပါတယ်။
အီတာလျံ-ထိုင်း ​ကုမ္ပဏီအ​နေနဲ့​ တဖက်မှာ ​ဒေသခံအာဏာပိုင်​တွေရဲ့​အကူအညီနဲ့​ စီမံကိန်း​ဒေသက ထား​ဝယ်​ကျေး​လက် လူထုအ​ပေါ် တဖက်သတ် ပြုမူ​ဆောင်ရွက်​နေသလို အခြား​တဖက်မှာ​တော့​ ရင်း​နှီး​မြှုပ်နှံသူ​တွေကို ဆွဲ​ဆောင်​ပြောဆို​နေပါတယ်။ ပြီး​ခဲ့​တဲ့​ ဇွန်လဆန်း​က ဘန်​ကောက်မြို့​မှာကျင်း​ပတဲ့​ ထား​ဝယ်စီမံကိန်း​အ​ပေါ် ရင်း​နှီး​မြုပ်နှံမယ့်​သူများ​ကို ရှာ​ဖွေဆွဲ​ဆောင်တဲ့​ ရှင်း​လင်း​ပွဲတခုမှာ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ စက်ရုံ​တွေ ​ဆောက်လုပ်ဖို့​ ​မြေကွက်​တွေ စတင် စရံသတ်ထား​နိုင်ပါပြီလို့​ ​ကြေညာခဲ့​ပါတယ်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls