အထူးစီးပွားရေးဇုန်ရဲ့ အသွင်လက္ခဏာတွေနဲ့ တည်ဆောက်နေမှု အခြေအနေ
မြန်မာပြည် တောင်ဘက် မောင်းမကန် ကမ်းရိုးတန်းက စက်မှုတော်လှန်ရေးဟာ အန်ဒမန် ပင်လယ်ပြင်မှာ ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်လို့ ဒါမှမဟုတ် အင်အားပြင်း ငလျင်တခု လှုပ်ခတ်လို့ ဖြစ်ပေါ်လာတဲ့ ဆူနာမီ ဒီလှိုင်းကြီးအလား စတုရန်း ကီလိုမီတာ ၂၅၀ ကျယ်ဝန်းတဲ့ မြေပြင်တခုလုံးကို လုံး ၀ပြောင်းလဲသွားစေမှာပါ။ ဒီလောက် အကျယ်အ၀န်းရှိတဲ့ ထားဝယ် အထူးစီးပွားရေးဇုန်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က စီးပွားရေး အချက်အချာ မန်ဟန်တန် (Manhattan) ထက် လေးဆလောက် ကျယ်ဝန်းပြီး ထိုင်းနိုင်ငံရဲ့ အကြီးဆုံး မတ်တဖွတ် (Map Ta Phut) စက်မှုဇုန်ထက် ဆယ်ဆလောက် ကျယ်ဝန်းပါတယ်။
မောင်းမကန် ကမ်းခြေကို ၀င်ရောက်လာမယ့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI – Foreign Direct Investment) ဟာ မြန်မာ့စီးပွားရေးသမိုင်းမှာ စီးပွားရေး စီမံကိန်းတခုရဲ့ အရွယ်အစားနဲ့ ရင်နှီးမြှုပ်နှံမှုပမာဏအရ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်။ ထားဝယ်နိုင်ငံတကာ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့ အဲဒီဒေသမှာ တည်ဆောက်မယ့် စက်မှုလုပ်ငန်းတွေဟာ ပြည်ပတင်ပို့မှုကို အဓိကထားမှာဖြစ်ပြီး အကြီးစား၊ အလတ်စားနဲ့ အငယ်စား စက်မှုဇုန်တွေ ခွဲခြားထားတဲ့အပြင်၊ လာရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတကာကုမ္ပဏီတွေအတွက် ကျယ်ဝန်းကြီးမားတဲ့ ကုမ္ပဏီရုံးခန်းတွေ ဖွင့်လှစ်နိုင်တဲ့ စီးပွားရေး စင်တာတခုနဲ့ ခေတ်မီမြို့ပြအိမ်ရာစခန်းတွေ ပါဝင်တဲ့ အဆင့်မြင့် စက်မှုမြို့တော်တခုကိုလည်း တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။
ဒီစီမံကိန်းရဲ့ နောက်ကြောင်းရာဇ၀င်ကို လေ့လာကြည့်မယ်ဆိုရင် ၁၉၉၆ ခုနှစ်ကတည်းက ဂျပန်နိုင်ငံက Nippon Koei Co., Ltd က ထားဝယ်နဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီကို ဆက်သွယ်မယ့် ကားလမ်းဖောက်လုပ်ဖို့ လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီကတည်းက ထိုင်းနိုင်ငံက ထားဝယ်ဒေသမှာ ရေနက်ဆိပ်ကမ်း ဆောက်လုပ်ပြီး ဒေသတွင်း ကုန်သွယ်လမ်းကြောင်းအသစ်တခု ဖောက်လုပ်မှုကို စိတ်ဝင်စားခဲ့ပြီး မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အာရှစီးပွားရေး အကျပ်အတည်းကြောင့် ထိုင်းစီးပွားရေးကို အကြီးအကျယ် ထိခိုက်ခဲ့တဲ့အတွက် ပြည်တွင်းစီးပွားရေး ပြန်လည်နာလန်ထူရေးကို ဦးစားပေးနေရလို့ ထားဝယ်စီမံကိန်း ကိစ္စ ဆွေးနွေးမှုတွေကို ရပ်ထားခဲ့တာပါလို့ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ Marine Division က နိုင်ငံရပ်ခြားစီမံကိန်း ညှိနှိုင်းရေးမှူး Sirapat Trinvuthipong နဲ့ တွေ့ဆုံစဉ်တုန်းက သူက ရှင်းပြခဲ့ပါတယ်။ အခုလည်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေး စီမံကိန်းပုံစံ ရေးဆွဲတဲ့အထဲမှာ Nippon Koei Co., Ltd လည်း ပါဝင်ပါတယ်။
၂၀၀၈ ခုနှစ် မေလထဲမှာ မြန်မာနဲ့ထိုင်းအစိုးရတို့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်ဆောက်လုပ်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး နောက်တလအကြာ ဇွန်လမှာ အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့ပါတယ်။ ထိုအချိန်ကစပြီး အီတာလျံ-ထိုင်း ကုမ္ပဏီဟာ ရေနက်ဆိပ်ကမ်း တည်ဆောက်မယ့် မောင်းမကန် ကမ်းရိုးတန်းတလျှောက်နဲ့ ထားဝယ်-ကန်ချနဘူရီ အဝေးပြေးကားလမ်း ဖောက်လုပ်ရေးအတွက် မြေပြင်လေ့လာ တိုင်းထွာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့အကြား လုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာ စာချုပ်လက်မှတ်ထိုးခဲ့ပြီး တပြိုင်နက်တည်းမှာပဲ တည်ဆောက်မှုလုပ်ငန်းတွေကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အီတာလျံ-ထိုင်းကုမ္ပဏီဟာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်ဖို့ ၁၀၀ ရာခိုင်နှုန်း အခွင့်အာဏာရရှိသွားတဲ့ ပထမဆုံးနိုင်ငံခြားကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။
အောက်မှာဖော်ပြထားတဲ့ စီမံကိန်းပုံစံဟာ အီတာလျံ-ထိုင်းကုမ္ပဏီက ၂၀၁၁ ခုနှစ် ဇွန်လမှာ တရားဝင်ထုတ်ပြန်ခဲ့တဲ့ပုံစံဖြစ်ပြီး ၂၀၀၉ ခုနှစ်တုန်းက ပထမရေးဆွဲခဲ့တဲ့ပုံစံနဲ့ ကွဲလွဲချက်တချို့ ရှိပါတယ်။ နဂိုမူလတုန်းက ရေနက်ဆိပ်ကမ်းကို သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ခံ ၂ ခုပဲ ရေးဆွဲခဲ့ပြီး အခုပုံစံမှာ ၃ ခု ပြောင်းလဲတည်ဆောက်မှာ ဖြစ်ပါတယ်။ တန်ချိန်ကြီးမားတဲ့ ရေနံတင်သင်္ဘောကြီးတွေနဲ့ ကုန်တင်သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မှာ ဖြစ်ပါတယ်။
ရေနက်ဆိပ်ကမ်းနဲ့အတူ သင်္ဘောတည်ဆောက် ပြုပြင်ထိန်းသိမ်းနိုင်တဲ့ သင်္ဘောကျင်းတခုလည်း တွဲရက်တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်းရဲ့ မြောက်ဘက်အစွန်းမှာ အကြီးစားရေနံဓာတုစက်မှုလုပ်ငန်း (Upstream Petrochemical Industries) တွေဖြစ်တဲ့ ရေနံချက်စက်ရုံနဲ့ ရေနံသိုလှောင်ကန်ကြီးတွေ၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ၊ ဓာတ်ငွေ့သိုလှောင်ကန်တွေနဲ့ သဘာဝဓာတ်ငွေ့နဲ့ထုတ်လုပ်မယ့် လျှပ်စစ်ဓာတ်အား ၆၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်တဲ့ Combined-cycle Power Plant တခုတို့ကို တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီနေရာမှာ ကမ်းစပ်တောင်ကုန်းတခု ရှိနေတဲ့အတွက် ဒီတောင်ကုန်းကိုဖြိုချပြီး ထွက်ရှိလာတဲ့ ကျောက်တုံးတွေကို ရေနက် ဆိပ်ကမ်း ဆောက်လုပ်တဲ့နေရာမှာ အသုံးပြုမယ်လို့ သိရပါတယ်။
ရေနက်ဆိပ်ကမ်းနဲ့ကပ်ရက် အတွင်းပိုင်းမှာ အကြီးစားရေနံဓာတုစက်မှုလုပ်ငန်း (Downstream Petrochemical Industries) တွေ တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေနံဓာတုစက်မှုလုပ်ငန်းတွေကို Upstream နဲ့ Downstream ဆိုပြီး ခွဲခြားလေ့ရှိရာမှာ Upstream စက်မှုလုပ်ငန်းတွေမှာ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တွေကို ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သိုလှောင်၊ သန့်စင်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ Downstream စက်မှုလုပ်ငန်းတွေကတော့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တို့ကို သန့်စင်ပြီး ထွက်ရှိလာတဲ့ ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီ၊ ချောဆီ၊ သဘာဝဓာတ်ငွေ့အရည်နဲ့ တခြား ရေနံဓာတု အခြေခံ ကုန်ပစ္စည်းတွေဖြစ်တဲ့ ပလတ်စတစ်၊ သားရေတု၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စတဲ့ ကုန်ပစ္စည်းအများအပြားကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။
ရေနက်ဆိပ်ကမ်းရဲ့တောင်ဘက်အစွန်း ပင်လယ်ကမ်းစပ်မှာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ကျောက်မီသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်မှာဖြစ်ပြီး မူလအစီအစဉ်မှာ မီဂါဝပ် ၄,၀၀၀ ထုတ်လုပ်ဖို့ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ထုတ်လုပ်မှုပမာဏကို လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၀,၀၀၀ အထိ တိုးချဲ့ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားရဲ့ မီဂါဝပ် ၃,၆၀၀ ကို ထိုင်းနိုင်ငံကို လျှပ်စစ်တာဝါတိုင်ကြီးတွေနဲ့ သွယ်တန်းပြီး တင်ပို့ရောင်းချဖို့ အခုအခါ အီတာလျံ-ထိုင်းကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ အဓိက လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ချိနေတဲ့ အများပိုင်ကုမ္ပဏီကြီးဖြစ်တဲ့ EGAT (Electricity Generating Authority of Thailand) နဲ့ ညှိနှိုင်းဆောင်ရွက် နေပါတယ်။
ဓာတ်အားပေးစက်ရုံအတွက် လိုအပ်တဲ့ ကျောက်မီးသွေးကုန်ကြမ်းကို ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံပိုင်ဆိုင်ထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ကျောက်မီးသွေးမိုင်းကနေ ရယူမှာဖြစ်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ Marine Division က နိုင်ငံရပ်ခြားစီမံကိန်း ညှိနှိုင်းရေးမှူး Sirapat Trinvuthipong က ရှင်းပြခဲ့ပါတယ်။ (ကျောက်မီသွေးဓာတ်အားပေးစက်ရုံကြောင့် ဖြစ်ပေါ်တတ်တဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ပြည်သူ့ကျန်းမာရေးထိခိုက်မှုတွေကို နောက်အပိုင်းတွေမှာ ရေးသားဖော်ပြသွားပါမယ်။)
အထက်က ဖော်ပြထားတဲ့ စီမံကိန်းပုံစံကို လေ့လာကြည့်ရင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံရဲ့တောင်ဘက် ပန်းဒက်အင်းနဲ့ မောင်းမကန်ရွာတို့ တည်ရှိတဲ့ အစိမ်းနုရောင်ချယ်ထားတဲ့ မောင်းမကန်အပန်းဖြေစခန်းနေရာမှာ နိုင်ငံတကာအဆင့်မီ ဂေါက်သီးကစားကွင်းနဲ့ အထူးစက်မှုဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြမယ့် နိုင်ငံတကာကုမ္ပဏီကြီးတွေက အဆင့်မြင့်အရာရှိကြီးတွေ နေထိုင်ဖို့ အိမ်ယာစခန်းတွေ တည်ဆောက်ပါလိမ့်မယ်။
ဒါ့အပြင် စီမံကိန်းဒေသရဲ့ ထားဝယ်မြစ်အနောက်ဘက်ခြမ်း အစိမ်းရောင်ချယ်ထားတဲ့ မြစ်ကမ်းရိုးတလျှောက်မှာ နိုင်ငံခြားက လာရောက်အလုပ်လုပ်ကိုင်ကြမယ့် ကျွမ်းကျင်လုပ်သား (ကော်လာဖြူ) တွေ၊ ထားဝယ်အထူးစီးပွားရေးဇုန်က ရရှိမယ့် စီးပွားရေးအခွင့်ထူးတွေကြောင့် မြန်မာပြည်အရပ်ရပ်က ပြောင်းရွှေ့အခြေချ ရင်းနှီးမြှုပ်နှံကြမယ့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူလတ်တန်းစားအလွှာတွေကို ပစ်မှတ်ထားနိုင်ဖွယ်ရှိတဲ့ ခေတ်မီအိမ်ရာစခန်းတွေ တည်ဆောက်ပြီး အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်မှာဖြစ်ပါတယ်။
ရေဖြူမြို့ရဲ့ တ၀က်လောက်ဟာ ထားဝယ်မြစ်အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး အဲဒီ ခေတ်မီအိမ်ရာစခန်းမြို့သစ်နေရာရဲ့ မြောက်ဘက်အစွန်းမှာ ကျရောက်နေပါတယ်။ ဒါ့အပြင် ကျောက်တောင်နဲ့ ဆင်ပုနစ်ကျေးရွာတို့ တည်ရှိနေပြီး အီတာလျံ-ထိုင်းကုမ္ပဏီ ကတော့ ရပ်ရွာတွေကို မရွှေ့ပြောင်းဘဲ ဆက်လက်ထားရှိဖို့ သူတို့ရဲ့ စီမံကိန်းပုံစံထဲမှာ ဖော်ပြထားပါတယ်။ အဲဒီအိမ်ရာစခန်းတွေနဲ့ကပ်လျက် မြောက်ဘက်ကို ဆက်သွားရင် အပြာရောင်ချယ်ထားတဲ့ ထားဝယ်မြစ်ကမ်းရိုးနဘေးမှာ တည်ဆောက်မယ့် အလတ်စားနဲ့ အငယ်စား စက်မှုဇုန်တခု ရှိပါတယ်။
စီမံကိန်းရဲ့အလယ်ပိုင်း ကြီးမားကျယ်ပြန့်တဲ့ အစိမ်းနုရောင်နဲ့ လိမ္မော်ရောင်ချယ်ထားတဲ့ မြေနေရာတွေမှာ အလတ်စားနဲ့ အငယ်စား စက်မှုလုပ်ငန်းတွေ တည်ဆောက်ဖို့ဖြစ်ပါတယ်။ အလတ်စားစက်မှုဇုန်မှာ မော်တော်ကားတပ်ဆင်ထုတ်လုပ်တဲ့စက်ရုံတွေ၊ ကားတာယာ စက်ရုံတွေ၊ အနည်ကျကျောက်လွှာတွေမှာ တွေ့ရှိရတတ်တဲ့ ဂျစ်ပဆမ်(Gypsum) ကနေ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိုး ထုတ်လုပ် တဲ့ စက်ရုံတွေ ပါဝင်တယ်လို့ အီတာလျှံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းအစီအစဉ်မှာ ဖော်ပြထား ပါတယ်။ အငယ်စားစက်မှုဇုန်မှာ ကွန်ပျူတာအစိတ်အပိုင်းတွေထုတ်လုပ်တဲ့ စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံ၊ အစားအသောက်ထုပ်ပိုးတင်ပို့ တဲ့စက်ရုံ၊ ဆေးဝါးစက်ရုံတွေ ပါဝင်ပါတယ်။
အဲဒီလောက် ကြီးမားများပြားတဲ့စက်ရုံတွေ တည်ဆောက်ဖို့ လျှပ်စစ်မီးနဲ့ ရေ အလုံအလောက် ရရှိရေးဟာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပြီး အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းအထောက်အထားတွေအရ ထုတ်လုပ်မှုစရိတ်သက်သာတဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနဲ့ တနင်္သာရီမြစ်ပေါ် မှာ တည်ဆောက်မယ့် လျှပ်စစ်ဓာတ်အားမီဂါဝပ် ၁,၀၄၀ ထုတ်လုပ်နိုင်တဲ့ ရေအားလျှပ် စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အားတွေ ရယူမှာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ရေအရင်းအမြစ်ကို ထားဝယ်မြစ်ရဲ့အရှေ့ဘက်ခြမ်းက ထားဝယ်မြစ်ထဲ စီးဝင်မယ့် တလိုင်းရာချောင်းကိုပိတ်၊ ရေကာတာတခု တည်ဆောက်ပြီး ရေသိုလှောင်ဖြန့် ဖြူးဖို့ စီစဉ်ထားတာ တွေ့ရပါတယ်။
အခုလောလောဆယ်မှာ အီတာလျံ-ထိုင်းကုမ္ပဏီဟာ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်အတွင်းရှိ လမ်းတွေကို မြေသားလမ်းချောအဖြစ် ပြုပြင်ပြီးဖြစ်သလို ရေနက်ဆိပ်ကမ်းနဲ့ ထိုင်း နိုင်ငံနယ်စပ် Puh Nam Ron ရွာအထိ ဆက်သွယ်မယ့် ၈ လမ်းသွား အဝေးပြေးလမ်းမ ကြီးရဲ့ ပထမအဆင့် လမ်းအူကြောင်း မြေသားလမ်း ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ အခုအခါ စီမံကိန်းဒေသရဲ့ တချို့အပိုင်းတွေမှာ လမ်းဖောက်လုပ်မှုကို ခေတ္တရပ်ဆိုင်းထားရတယ်လို့လည်း သိရပါတယ်။ လုပ်ငန်းရပ်ဆိုင်ထားရတဲ့ အကြောင်းရင်း နှစ်ခုရှိနိုင်ပါ တယ်။ တခုက မိုးရွာသွန်းမှုကြောင့် ဖြစ်နိုင်ပြီး၊ တခြားအကြောင်းရင်းကတော့ အဝေးပြေး ကားလမ်းမရဲ့ နယ်စပ်ဒေသ အစိတ်အပိုင်းတချို့ဟာ ကရင်အမျိုးသားအစည်းအရုံး (Karen National Union) ရဲ့ နယ်မြေတွေဖြစ်တဲ့အတွက် လုံခြုံရေးဆိုင်ရာ ပြဿနာ ကြောင့် ဖြစ်နိုင်ပါတယ်။
အဲဒီလောက်ကြီးမားတဲ့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကြီးကို အမေရိ ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံလောက် ရင်းနှီးပြီး တည်ဆောက်မယ့် ထိုင်းအစိုးရနဲ့ ကုမ္ပဏီတွေရဲ့ ထားဝယ်ဒေသက မဟာဗျူဟာအကျိုးစီးပွားတွေကို ရှေ့တပတ်မှာ တင်ပြ သွားပါမယ်။
No comments:
Post a Comment