Saturday, November 5, 2011

မြန်မာ VS ဗီယက်နမ် သရေ

ယနေ့ ညပိုင်းက အင်ဒိုနီးရှား နိုင်ငံတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ဆီးဂိမ်းစ် အုပ်စု (ခ) ပွဲစဉ်တွင် တစ်ယောက်လျော့ မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့ ဂိုးမရှိ သရေဖြင့် ပြီးဆုံး သွားခဲ့သည်။

ပွဲအစ (၂)မိနစ်တွင်ပင် ဗီယက်နမ် ထောင့်ကန်ဘော စရ မြန်မာ တားဆီးနိုင်ခဲ့သည်။ ထို့နောက်တွင် တစ်ဖက်နှင့် တစ်ဖက် ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိဘဲ ကွင်းလယ်တွင်သာ အပျက်များ နေခဲ့သည်။ (၁၆)မိနစ်တွင် ထောင့်ကန်ဘောအား နောက်ခံလူ ရှင်းထုတ်ရာ ကိုယ့်လူကိုယ် ပြန်ထိကာ ဂိုးရှေ့ ပြန်ရောက်ခဲ့သော်လည်း ဗီယက်နမ် တိုက်စစ်မှူးထက် သီဟစည်သူ လက်ဦးမှု ရယူနိုင်ခဲ့၍ သက်သာခဲ့သည်။ (၁၈)မိနစ်တွင် မြန်မာ အသင်း ထောင့်ကန်ဘော (၂)ကြိမ်ဆက် ကန်ခွင့် ရခဲ့သော်လည်း အပိုင် အခွင့်အရေး မရရှိခဲ့ပေ။ မိနစ် (၂၀)တွင် ဗီယက်နမ် တိုက်စစ်မှူး လီဗန်သန်း ဘောလုံး ဆွဲထွက်သည်အား ဇော်ဇော်ဦး တားရာမှ ဧရိယာ အပြင်အစပ်တွင် ပြစ်ဒဏ်ဘော ပေးခဲ့ရသည်။

ပွဲကစားချိန် (၂၈)မိနစ်တွင် ဗီယက်နမ် ကစားသမား လမ်အန်ကွင်း ဘယ်ခြမ်းမှ တစ်ကိုယ်တော် အစွမ်းဖြင့် ဧရိယာအတွင်း ဆွဲဝင် အပိုင် ကန်သွင်းခဲ့ရာ အပေါ်ထောင် သွားခဲ့၍ သက်သာခဲ့သည်။ ဗီယက်နမ် အသင်းသည် မြန်မာ အသင်းဘက်သို့ ဘယ်ညာ တောင်ပံ နှစ်ဖက်မှ ထိုးဖောက်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး အဆင့်ဆင့် ဖျက်ထုတ်နေသည့် မြန်မာအသင်း ခံစစ်ကြောင်းကြောင့် အပိုင် အခွင့်အရေး ရသင့်သလောက် မရဘဲ ဖြစ်နေခဲ့သည်။

(၃၂)မိနစ်တွင် ဗီယက်နမ် အသင်းခေါင်းဆောင် ဖန်သန်းလောင် တစ်ကိုယ်တော် အစွမ်းဖြင့် ဧရိယာအတွင်း ဆွဲဝင်ကာ ဖြတ်တင်ပေးမှု အသုံးချမည့် တိုက်စစ်မှူး မရှိဘဲ ဖြစ်ခဲ့သည်။ မြန်မာအသင်းသည် ခံစစ်ကိုသာ အဓိက ဦးစားပေး ကစားနေခဲ့ပြီး တန်ပြန် ထိုးစစ်ဖြင့် ဂိုးရရှိရေး ကြိုးပမ်းခဲ့သည်။ (၃၄)မိနစ်တွင် ကြည်လင်း ကွင်းလယ်မှ ထိုးပေးသည့် ဘောလုံး ကျော်ကိုကိုနှင့် နားလည်မှု လွဲခဲ့၍ ဂိုးသမားဆီ ရောက်ခဲ့သည်။ (၃၇)မိနစ်တွင် ဗီယက်နမ် တိုက်စစ်မှူးအား ဇော်မင်းထွန်း အဖျက်ကြမ်းသည် ဆို၍ ဒိုင်ဖြစ်သူက ဧရိယာ အစပ်တွင် ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့သည်။ ယင်း ပြစ်ဒဏ်ဘောအား အသင်းခေါင်းဆောင် ဖန်သန်းလောင် ကန်တင်ပေးခဲ့ရာ လမ်အန်ကွင်း ပိတ်သွင်း နိုင်ခဲ့ပြီး အောင်ပွဲ ခံခဲ့သော်လည်း စည်းကြပ်ဒိုင်က လူကျွံဘော သတ်မှတ် ပေးခဲ့သည်။ ထို့နောက်တွင် ဗီယက်နမ် အသင်းက ဆက်တိုက် ဖိကစားခဲ့ပြီး ဂိုးရရှိရေး ကြိုးပမ်းခဲ့သည်။ မိနစ် (၄၀)တွင် ငုရင်သရွန်ဟောင်း ဧရိယာ အစပ်မှ ကန်ချက် နောက်ခံလူ ထိထွက် သွားခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့ပြီး ယင်းထောင့်ကန်ဘောမှ တစ်ဆင့် ဗီယက်နမ် ကစားသမား တစ်ဦး အပြင်း ကန်သွင်းခဲ့ရာ နောက်ခံလူ ထိထွက်ခဲ့ပြန်သည်။ ပွဲချိန် (၄၃)မိနစ်တွင် ပြည့်ဖြိုးဦး နေရာတွင် အောင်မြင့်အေးအား လူစားဝင် ကစားစေခဲ့သည်။ ပထမပိုင်း (၄၅)မိနစ်တွင် နာကျင် အချိန်ပို (၁)မိနစ် သတ်မှတ် ပေးခဲ့ပြီး မြန်မာနှင့် ဗီယက်နမ် အသင်း ပရိသတ်များ၏ တခဲနက် အားပေးသံများလည်း ထွက်ပေါ် လာခဲ့သည်။
ဗီယက်နမ် အသင်းဘက် ဂိုးသွင်းရန် ကြိုးပမ်းနေသည့် အေးဆန်း

ပထမပိုင်း အပြီးတွင် မြန်မာနှင့် ဗီယက်နမ်တို့ ဂိုးမရှိ သရေသာ ဖြစ်နေခဲ့ပြီး (၄၆)မိနစ်တွင် ဗီယက်နမ် ကစားသမား တစ်ဦး ဧရိယာ ဘယ်ခြမ်းအတွင်း ဆွဲဝင်ကာ ဖြတ်တင်ပေးမှု နောက်ခံလူ အချိန်မီ ဖျက်ထုတ် နိုင်ခဲ့၍ သက်သာခဲ့သည်။ ဗီယက်နမ် အသင်းသည် ဒုတိယပိုင်း စသည်နှင့် ဂိုးရရှိရေး ပိုမိုဖိကစား လာခဲ့ပြီး မြန်မာ နောက်ခံလူများ ပိုမို အလုပ်များ ခဲ့ရသည်။ (၅၂)မိနစ်တွင် ကြည်လင်း ကွင်းလယ်မှ တစ်ကိုယ်တော် အစွမ်းဖြင့် ထိုးဖောက် ဆွဲဝင်သွားခဲ့ရာ နောက်ခံလူ ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခြင်း ခံခဲ့ရသည်။ (၅၃)မိနစ်တွင် တန်ပြန် တိုက်စစ်မှ တစ်ဆင့် ရွှေလှိုင်ဝင်း ဘယ်ခြမ်းမှ ဂိုးရှေ့ ဖြတ်ပို့ပေးရာ ဗီယက်နမ် နောက်ခံလူ တားဆီးခြင်း ခံခဲ့ရသည်။

(၅၅)မိနစ်တွင် ဗီယက်နမ် အသင်း ထောင့်ကန်ဘော ကန်ချက်အား သီဟစည်သူ ရှေ့တက် ပုတ်ထုတ် နိုင်ခဲ့ပြီး ဧရိယာ အပြင်စပ်တွင် အသင့် ရှိနေသည့် ကွင်းလယ်လူက မနားတမ်း အပြင်း ကန်သွင်းခဲ့ရာ တွင်လည်း သီဟစည်သူပင် လက်စွမ်းပြ ပုတ်ထုတ် နိုင်ခဲ့သည်။ (၅၆)မိနစ်တွင် အောင်မြင့်အေး ထိုးပေးသည့် ဘောလုံး ရန်အောင်ကျော် လွတ်ထွက် သွားခဲ့သော်လည်း လူကျွံ နေခဲ့သည်။ (၅၈)မိနစ်တွင် ဗဟို နောက်ချန် ခံစစ်မှူး အဖြစ် ကစားလျှက် ရှိသည့် မိုးဝင်း ဗီယက်နမ် တိုက်စစ်မှူး လွတ်ထွက် သွားသည်အား အလွတ် တားခဲ့သဖြင့် တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ် ခံခဲ့ရကာ မြန်မာတို့ (၁၀)ဦးတည်း ဆက်လက် ကစားခဲ့ရသည်။ ယင်း ပြစ်ဒဏ်ဘောအား ဗီယက်နမ် ကစားသမား ဟောင်ဗန်ဘင် ကန်သွင်းခဲ့ရာ သီဟစည်သူ ပုတ်ထုတ် နိုင်ခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။

(၆၁)မိနစ်တွင် မြန်မာ ကစားသမား တစ်ဦးအား ဗီယက်နမ် ကစားသမား ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ သော်လည်း မည်သည့်ကတ်မျှ ပြသခြင်း မရှိခဲ့ပေ။ (၆၅)မိနစ်တွင် မြန်မာအသင်း လူစားလဲမှု လုပ်ခဲ့ပြီး ကြည်လင်း နေရာ မင်းမင်းသူအား ထည့်သွင်း ကစားစေခဲ့သည်။ (၆၅)မိနစ်တွင် ဗီယက်နမ် အသင်း အပိုင် အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ သော်လည်း ကန်ချက် ဘေးထွက် သွားခဲ့သည်။ (၆၇)မိနစ်တွင် ဗီယက်နမ် အသင်းခေါင်းဆောင် ဖရီးကစ် ကန်ချက် ဂိုးပေါက်ဝရှိ တိုက်စစ်မှူး ခေါင်းပေါ် ကွက်တိ ရောက်ခဲ့သော်လည်း သီဟစည်သူ ပုတ်ထုတ် နိုင်ခဲ့သည်။

(၆၈)မိနစ်တွင် မြန်မာဂိုးနှင့် (၂၅)ကိုက် အကွာခန့်မှ ဗီယက်နမ် ဖရီးကစ် ကန်ခွင့်ရရှိခဲ့ သော်လည်း ငုရင် ဗန်ကွေရက် ကန်ချက်အား သီဟစည်သူ ကာကွယ်ခဲ့သည်။ ဗီယက်နမ် အသင်းသည် တစ်ယောက်လျော့ သွားသည့် မြန်မာ အသင်းဘက် အဆက်မပြတ် ထိုးဖောက်မှုများ ပြုလုပ် နေခဲ့ပြီး မြန်မာအသင်း နောက်ခံလူနှင့် ဂိုးသမားတို့ အသည်းအသန် ဖျက်ထုတ် နေခဲ့ရသည်။ (၇၄)မိနစ်တွင် ဗီယက်နမ် ကစားသမား ငုရင် ဗန်ကွေရက် ဧရိယာ အပြင်မှ ကန်ချက် အတော်လေး သေသပ် လှပသော်လည်း ဂိုးဘား ကပ်ကျော် သွားခဲ့သည်။ (၇၆)မိနစ်တွင် ဗီယက်နမ် နောက်ခံလူ အားနည်းချက်အား အခွင့်ကောင်း ရယူကာ အောင်မြင့်အေး တစ်ဦးတည်း လွတ်ထွက် သွားခဲ့သော်လည်း ဆန္ဒစောကာ ကန်သွင်း ခဲ့သဖြင့် ဂိုးသမား သက်သက်သာသာ ကာကွယ် သွားနိုင်ခဲ့သည်။

(၇၉)မိနစ်တွင် မြန်မာ အသင်းက ကျော်ကိုကို နေရာတွင် ကျော်ကျော်မျိုးအား ၀င်ကစား စေကာ တိုက်စစ်ထက် ခံစစ်ကို အဓိကထား ကစားခဲ့သည်။ ပွဲကစားချိန် (၈၃)မိနစ်ခန့်တွင် အင်ဒိုရောက် မြန်မာ ပရိသတ်များ၏ နိုင်ငံတော် သီချင်း သီဆိုသံများ ထွက်ပေါ် လာခဲ့သည်။ (၈၅)မိနစ်တွင် ဗီယက်နမ် အသင်း ဂိုးဧရိယာ အတွင်း အခွင့်အရေးများ ရရှိခဲ့သော်လည်း လျင်လျင်မြန်မြန် ကန်သွင်းနိုင်ခြင်း မရှိ၍ မြန်မာ နောက်ခံလူများ ဖျက်ထုတ် နိုင်ခဲ့သည်။ (၈၆)မိနစ်တွင် မြန်မာ အသင်းအတွက် အပိုင်အခွင့်အရေး အဖြစ် မင်းမင်းသူ ဖန်တီး ပေးရာမှ အောင်မြင်အေး ဂိုးသမားနှင့် တစ်ယောက်ချင်း ရင်ဆိုင် ကန်သွင်းခဲ့ရာ ကန်ချက် ပျော့၍ ဂိုးသမား ကာကွယ် သွားနိုင်ခဲ့သည်။ ထို့အတူ ဗီယက်နမ် အသင်း ဂိုးသွင်းခွင့် ချက်ချင်း ပြန်ရသော်လည်း သီဟစည်သူ အနာခံ ထွက်ပုတ် နိုင်ခဲ့၍ သက်သာခဲ့သည်။

ထို့နောက်တွင် ပွဲကစားချိန် မိနစ် (၉၀)ပြည့်၍ နာကျင် အချိန်ပို (၃)မိနစ် သတ်မှတ် ပေးခဲ့ကာ (၉၁)မိနစ်တွင် မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ယင်း ပြစ်ဒဏ်ဘောအား ရန်အောင်ဝင်း ကန်သွင်းခဲ့ရာ ဘားထိ ထွက်ခဲ့၍ မြန်မာတို့ နစ်နာခဲ့ရသည်။ ထို့နောက် (၉၃)မိနစ် ပြည့်ခါနီးတွင် ဗီယက်နမ်တို့ ဖရီးကစ် ကန်ခွင့် ရခဲ့ပြီး အသင်းခေါင်းဆောင် ဖန်သန်းလောင် ကန်တင်ပေးရာ တိုက်စစ်မှူး အပိုင် ခေါင်းတိုက် ခဲ့သော်လည်း သီဟစည်သူ ကာကွယ် နိုင်ခဲ့ကာ ဂိုးမရှိ သရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls