Wednesday, January 4, 2012

ထား​ဝယ်​ကျောက်မီး​သွေး​စက်ရုံအ​ကြောင်း​ ​မောင်း​မကန်တွင် ​ဒေသခံကို အသိ​ပေး​ပွဲလုပ်

ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာပါဝင်တဲ့​ ​ကျောက်မီး​သွေး​စက်ရုံနဲ့​ ပတ်သက်ပြီး​ ​ဒေသခံပြည်သူ​တွေကို အသိ​ပေး​တဲ့​ လှုပ်ရှား​မှုတခု ဇန်နဝါရီ ၄ ရက် လွတ်လပ်​ရေး​နေ့​မှာ ပြုလုပ်ခဲ့​ပါတယ်။
ဒေသခံတွေကို အသိပေး လှုပ်ရှားမှု ပြုလုပ်စဉ်
ထား​ဝယ်​ဒေသက နာမည်​ကျော် ​မောင်း​မကန်ကမ်း​ခြေမှာ ဒီ​နေ့​ မနက်ပိုင်း​က ပြုလုပ်ခဲ့​တာဖြစ်ပြီး​ ​ဒေသခံ ၂၀၀ ​ကျော် တက်​ရောက်ခဲ့​ကြတယ်လို့​ လှုပ်ရှား​မှုကို ဦး​ဆောင်ပြုလုပ်တဲ့​ ထား​ဝယ်​ဒေသဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က တာဝန်ရှိသူတဦး​က ​ပြောပါတယ်။
သူတို့​အဖွဲ့​ရဲ့​ ဒီ​နေ့​လုပ်​ဆောင်မှုနဲ့​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို သူက ခုလို ​ပြောပါတယ်။
“​ကျောက်မီး​ သွေး​စက်ရုံ လာလုပ်မယ်။ သူတို့​ အဲဒါ လုပ်မယ့်​အ​ကြောင်း​၊​ ပြီး​ရင် ​ကျောက်မီး​သွေး​စက်ရုံက​နေပြီး​တော့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေ ဘယ်လို ရှိတယ်။ သိသင့်​တဲ့​ဟာ​တွေ​ပေါ့​ဗျာ။ အဲဒါကို ကျ​နော်တို့​ လူ​တွေကို သူတို့​ သိသင့်​သိထိုက်တဲ့​ message (သတင်း​) ​တွေ​ပေါ့​။ သူတို့​အ​နေနဲ့​ ပြန်စဉ်း​စား​ပေါ့​။ အဲဒါကို လက်ခံသင့်​ကြောင်း​၊​ လက်မခံသင့်​ကြောင်း​ အဲဒီအတွက် ကျ​နော်တို့​ ​ပေး​တယ်။ ပြီး​ရင် အဲဒါနဲ့​ ပတ်သက်ပြီး​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို လက်မှတ်ထိုး​ လှုပ်ရှား​မှု လုပ်ပြီး​ ပြန်ပြီး​တော့​ ယူတယ်။ အခု သူတို့​က အဲဒါကို တကယ်လာမှာလား​ပေါ့​၊​ တကယ်လာရင် ငါတို့​က ဘယ်လိုလက်ခံရမလဲဆိုပြီး​ စိတ်ထဲက​တော့​ နည်း​နည်း​ ​ရှော့​ဖြစ်သွား​တာ​ပေါ့​။”
ဒေသခံပြည်သူများ​ လက်မှတ်​ရေး​ထိုး​နေကြစဉ်
ကျောက်မီး​ သွေး​စက်ရုံ တည်​ဆောက်ဖို့​ဖြစ်လာတဲ့​ အ​ကြောင်း​ရင်း​တွေ၊​ တည်​ဆောက်ဖြစ်ရင် ဖြစ်​ပေါ်လာနိုင်တဲ့​ ဆိုး​ကျိုး​တွေကို အဖွဲ့​ဝင်အချင်း​ချင်း​ မျှ​ဝေ​ပြောပြတာနဲ့​ လက်ကမ်း​စာ​စောင်​တွေ ဖြန့်​ချိတာ​တွေလည်း​ လုပ်​ဆောင်ခဲ့​ကြတယ်လို့​ ​ပြောပါတယ်။
ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က ဦး​ဆောင်ပြီး​ ပြီး​ခဲ့​တဲ့​ဒီဇင်ဘာထဲမှာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​အ​ပေါ် ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို ရန်ကုန်မှာ သတင်း​စာရှင်း​လင်း​ပွဲ လုပ်ခဲ့​ပါ​သေး​တယ်။
အဲ့​ဒီသတင်း​ စာရှင်း​လင်း​ပွဲ ပြီး​တဲ့​နောက်မှာလည်း​ ထိုင်း​နိုင်ငံက မက်တဖွတ် (Map Ta Phut) စက်မှုဇုန်ကို သွား​ရောက် ​လေ့​လာခဲ့​ကြပြီး​ အဲ့​ဒီက​တွေ့​ရှိလာတဲ့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေကိုလည်း​ ဒီ​နေ့​မှာ တဆင့်​ မျှ​ဝေခဲ့​ကြပါတယ်။
ထား​ဝယ်​ဒေသခံ ​တွေရဲ့​ သ​ဘောထား​တွေ ​ဖော်ထုတ် သိရှိပြီး​ရင်​တော့​ သက်ဆိုင်ရာ တိုင်း​အစိုး​ရအဖွဲ့​နဲ့​ သမ္မတထံ စာ​ရေး​တင်ပြဖို့​ ရှိတယ်လို့​ သိရပါတယ်။
ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​ စီမံကိန်း​မှာပါဝင်တဲ့​ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံဟာ ကာဗွန်ထုတ်လွှတ်မှု တနှစ် တန်သန်း​ ၃၀ ရှိနိုင်ပြီး​ ထိုင်း​တနိုင်ငံလုံး​ ထုတ်လွှတ်မှုရဲ့​ ထက်ဝက်ရှိလာမှာဖြစ်ပါတယ်။
ဒါ့​အပြင် စက်ရုံက ထွက်ရှိလာမယ့်​ ဓာတ်​ငွေ့​တွေ​ကြောင့်​လည်း​ လူနဲ့​ ပတ်ဝန်း​ကျင်တို့​ ထိခိုက်ပျက်စီး​နိုင်တယ်လို့​ ​လေ့​လာမှု စစ်တမ်း​တခုအရ သိရ​ကြောင်း​ ပြီး​ခဲ့​တဲ့​အပတ်ထုတ် ဝီး​ကလီအဲလဗင်း​ဂျာနယ်မှာ ​ဖော်ပြထား​ပါတယ်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls