Monday, January 9, 2012

ထားဝယ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီ

ထားဝယ်ရေနက်စီမံကိန်းတွင်ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 'အမှန်အတိုင်းပြောရရင် ကျွန်တော်တို့လည်း မီဒီယာတွေရဲ့ စကားကို နားထောင်တယ်။ လေ့လာတယ်။ သတင်းဂျာနယ်အားလုံးက ကျောက်မီးသွေးလုပ်ရင် ဘာဖြစ်မယ်ဆိုတာ ဖော်ပြကြတယ်။ ဒါတွေအကုန်လုံးဖတ်ပြီးတော့ ဒီလိုဆိုလို့ရှိရင် ကျောက်မီးသွေးမလုပ်သင့်ဘူး။ ၄၀၀ မဂ္ဂါဝပ်ထွက်မယ့် စက်ရုံကိုတော့ ပြန်ဆွေးနွေး၊ ၄၀၀၀ မဂ္ဂါဝပ်ကိုတော့ မလုပ်တော့ဘူးလို့ အားလုံးဝိုင်းပြီး ဆုံးဖြတ်လိုက်တာပါ' ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး အဖွဲ့အစည်းအဝေးခန်းမတွင် ဇန်န၀ါရီလ ၉ ရက်နေ့ နံနက်ပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထားဝယ်ခရိုင်အတွင်း ပြုလုပ်မည့် ထားဝယ်ရေနက်စီမံကိန်းနှင့် အထူးစက်မှုဇုန် အကောင်အထည်ဖော်ရာတွင် ကျောက်မီးသွေးသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ရပ်ဆိုင်းခြင်းနှင့် မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ခြင်းဖြစ် ပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့ကို တည်ဆောက်ရန် စီစဉ်မှုများရှိခဲ့သော်လည်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်သဖြင့်  အဆိုပါစီမံကိန်းများကိုလည်း ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls