Monday, December 5, 2011

ရေဖြူမြို့နယ်အတွင်းရှိ ခြံမြေများကို မြေ၀ယ်သူအများစု စိတ်ဝင်စားလျက်ရှိပြီး ဈေးနှုန်းလည်းမြင့်တက်

Add caption
                           ရေဖြူမြို့နယ်အတွင်းရှိ အ၀ယ်လိုက်နေသော မြေကွက်အချို့တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူမြို့နယ်တွင် ခြံမြေများ ပိုမိုအရောင်းအ၀ယ်သွက်နေကြောင်း သိရသည်။ လက်ရှိအချိန်ထိ ခြံပေါက်ဈေးမှာ မြေအလွတ် တစ်ဧကလျှင် ကျပ် ၅၅ သိန်းအထိဈေး ပေါက်လျှက်ရှိပြီး စိုက်ပျိုးထားသော ရော်ဘာ(သို့မဟုတ်)အခြားနှစ်ရှည်ပင်များရှိပါက တစ်ဧကလျှင် သိန်း ၁၀၀ ၀န်းကျင်အထိ ဈေးပေါက်နေကြောင်း သိရသည်။
''ခြံတွေကိုတော့ ၀ယ်ဖို့ လာစုံစမ်းကြတဲ့သူတွေ အများကြီးပဲ။ ပွဲစားတွေရော၊ သူဌေးတွေရော ရှိတယ်။ မြို့ပေါ်က သူဌေးသုံးဦးစုပြီး ဒီမှာမြေ၀ယ်ထားတာ အများကြီးရှိတယ်။သူတို့က အပင် ရှိ၊ မရှိ မြေနေရာကောင်း မကောင်းကို သိပ်အရေးမထားကြဘူး။ မြေဖြစ် ရင်ပြီးရောဆိုပြီး ၀ယ်ကြတာများတယ်။ ကျွန်တော့်ဆီကိုလည်း တရုတ်က မြေ၀ယ်သူတွေ ရောက်လာဖူးတယ်။ ကျွန်တော်ခြံက ဧက၂၀ ရှိပြီး ကွမ်းနဲ့ ရော်ဘာအပြင် တခြားနှစ်ရှည်ပင်တွေပါစိုက်ထားတော့ သိန်း ၂၀၀၀ခေါ်လိုက်တာ သူတို့ကသိန်း ၁၅၀၀ပဲ ပေးတယ်။ ကျွန်တော်က ခေါ်ဈေးမရရင် မရောင်းဘူးဆိုပြီး ပြောလိုက်လို့ ပြန်သွားကြတယ်။ ဒီရွာကသူတွေက မြေဈေးကောင်းကောင်းရရင် ရောင်း ကတာများပါတယ်''ဟု ရေဖြူမြို့နယ် ခြံပိုင်ရှင် ကိုနိုင်ဝင်းက ပြောကြားသည်။

''အဒေါ်မှာရှိတဲ့ခြံက ရေး-ထား ၀ယ်ကားလမ်းဘေးမှာပါ။ အဲဒီက ခြံကမိုးရာသီဆိုရင် ရင်ခေါင်းလောက်အထိ ရေစိမ်နေတဲ့မြေပါ။ ဒါကိုတောင်မှ တစ်ဧက သိန်း ၁၀၀ နဲ့ ငါးဧက လာဝယ်သွားပါတယ်''ဟု ရေဖြူမြို့နယ်မှ ဒေါ်သန်းရွှေက ပြောကြားသည်။

အဆိုပါမြို့နယ်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းမှ အရှေ့ဘက် ငါးမိုင်ခန့်အကွာတွင်ရှိပြီး ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ ကားလမ်း ဖောက်လုပ်မည့်နေရာအနီးတွင် တည်ရှိသည်သာမက ရေး-ထားဝယ်ကားလမ်းပါ ဖြတ်သန်းသွားသည့်နေရာ ဖြစ်သည့်အတွက် အချက်အချာကျသော နေရာတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသောကြောင့် မြေဈေးများ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls