ချင်းမိုင်(မဇ္စျိမ) ။ ။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ကျေးရွာပေါင်း ၁၉ ရွာပြောင်းရွှေ့ရမည်ဖြစ်၍ မပြောင်းရွှေ့လိုကြောင်းနှင့် စီမံကိန်းကြောင့် ထိခိုက်ရသူများအား နစ်နာကြေး မပေးသည့် အတွက် ထိခိုက်နစ်နာ သူများက ရန်ကုန်မြို့တွင် ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယင်းသတင်းစာ ရှင်းလင်းပွဲကို ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ဦဇင်းတို့ ဘိုးဘွား လက်ထက်ကပင် စိုက်ထားတဲ့ အုန်းပင်။ ကွမ်းသီးပင်စတဲ့ အပင်တွေကလည်း ရှိတယ်။ စားသောက်သီးနှံပင်တွေကို တစ်သက်လုံး ထိုင်စားလို့ရတယ်။ ဒါတွေကို လျော်ကြေးပေးရင်လည်း တစ်သက်လုံး ထိုင်စားလို့ မရဘူး။ သားစဉ်မြေးဆက် အမွေပေးလို့ မရဘူး။ ဒါကြောင့် မပြောင်းချင်ဘူး” ဟု ရေဖြူမြိုနယ်၊ မယင်းကြီးရွာ။ မယင်းကြီးကျောင်းမှ ဘုန်းတော်ကြီး ဦးသြဘာသက မဇ္ဈိမကို မိန့်သည်။
ယင်းစီမံကိန်း အီတာလျံထိုင်းကုမ္ဗဏီ - ITD က ဦးစီး လုပ်ဆောင်နေခြင်း ဖြစ်ကာ စီမံကိန်းကြောင့် ကျေးရွာ ၁၉ ရွာ၊ လူဦးရေ ၃၂,၂၇၉ ဦး၊ စာသင်ကျောင်း ၂၁ ကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၂၃ ခု ဖယ်ရှားခံရမည်
ဖြစ်ကြောင်း ထားဝယ်ဒေသဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့က ပြုစုထားသော စာရင်းများအရ သိရသည်။
စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီးတွင် တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ရေဖြူမြို့နယ် နဖူးလယ်ကျေးရွာအနီးတွင် တည်ရှိသည်။
စီမံကိန်းအတွက် စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် နားလည်မှု စာချွန်လွှာထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ကာ ၇၅ နှစ် လုပ်ကိုင်ခွင့်ပေးထားသည်။
“ပြောင်းမယ်ဆိုရင်လည်း သွားထားဖို့ နေရာ အတိအကျကို မရှိသေးဘူး၊ အခု အိုင်တီဒီနဲ့ သူဌေးတွေက မြေဝယ်
နေတာ များနေတဲ့ ကိစ္စတွေရယ်။ ပြောင်းရမယ်လည်း ပြော၊ ပြောင်းလည်း ပြောင်းရမယ်ဆိုတော့ ပြောင်းရွှေ့ရမဲ့
ဒေသခံတွေနဲ့ အထက်လူကြီးတွေနဲ့ သဘောဝကျကျ ညှိနှိုင်းပေးဖို့ တောင်းဆိုချင်တယ်”ဟု ရေဖြူမြို့နယ် ကလုတ်ထာကျေးရွာ ဦးပညာဝံသက မိန့်သည်။
နိုဝင်ဘာလအတွင်းကလည်း ကျေးရွာပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဆန္ဒ သဘောထား
ကောက်ခံခဲ့စဉ်က မပြောင်းရွှေ့လိုကြောင်း ဒေသခံများက တင်ပြခဲ့သော်လည်း ပြောင်းရွှေ့ရန် ပြောဆိုလာသည့် အတွက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းလည်း ဖြစ်သည်။
စီမံကိန်းကို ၂၀၁၀ မှ ၂၀၁၄ အထိ ငါးနှစ်စီမံကိန်း အဖြစ် ပထမအဆင့်၊ ၂၀၁၄ မှ ၂၀၁၇ အထိ ဒုတိယအဆင့်၊ ၂၀၁၅ မှ ၂၀၁၉ အထိ တတိယအဆင့်ဟူ၍ သတ်မှတ်ကာ အကောင်အထည်ဖော် နေခြင်းဖြစ်ပြီး လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ရေနံချက် စက်ရုံအပြင် သံမဏိ စက်ရုံတို့လည်း ပါဝင်မည် ဖြစ်သည်။
စီမံကိန်း တခုလုံးအတွက် အမေရိကန်ဒေါ်လာ ၅၈ ဘီလျံကုန်ကျမည်ဖြစ်ပြီး ပထမမဆင့်အတွက်မူ ရှစ်ဘီလျံ မှန်းဆထားကြသည်။
ယင်းအပြင် ထိုင်းနိုင်ငံ ကန်ချနပူရီနှင့် ဆက်သွယ်မည့် ကီလိုမီတာ ၁၇၀ အရှည် ရှစ်လမ်းသွား အဝေးပြေးလမ်းမ၊ ရထားလမ်း၊ ဓာတ်အားလိုင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် နယ်ခြားဝင်ထွက်ဇုန် များလည်း ပါရှိမည် ဖြစ်သည်။
“ရေနက်ဆိပ်ကမ်းအတွက် လိုအပ်သော ရေကို ထောက်ပံ့ဖို့ တလုပ်ထာကျေးရွာမှာ တည်ဆောက်မယ့်
ရေလှောင်ကန်ကြောင့် အမြင့်ပေ ၇ စတုရန်းကီလိုမီတာ ရေလွှမ်းမိုးမှုကို ခံရမယ်လို့ တွက်ချက်ထားတယ်။ ထားဝယ်က ထိုင်းနိုင်ငံထိ သွားမယ့် ရှစ်လမ်းသွားလမ်းမကြီး စူပါဟိုင်းဝေးကားလမ်းကို ဖောက်လုပ်နေတာ အခု နှစ်လမ်းသွားလမ်းမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ” ဟု ဒေသခံတွေနဲ့ လက်တွဲလုပ်ဆောင်နေသူ ထားဝယ်ဒေသခံ ကိုသန့်ဇင်က မဇ္ဈိမကို ပြောသည်။
ယင်းလမ်းဖောက်လုပ်ရေး အတွက်လည်း အရှေ့တောရွာ၊ ရေဖြူမြို့နယ် ကလုန်းထော၊ နဘုလည်း ဒေသများတွင်
ဒေသခံများ၏ မြေယာများအား အသိပေးခြင်း မရှိဘဲ မြေထိုးစက်များဖြင့် ဖျက်ဆီးခဲ့ပြီး ယင်းအတွက်လည်း တစုံတရာ လျော်ကြေး မပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒေသခံတွေကို လျော်ကြေး မပေးတာဟာ အနိုင်ကျင့်တာပဲလို့ပဲ မြင်တယ်”ဟု ပွဲတက်ရောက်ခဲ့သူ သဘာဝ ပတ်ဝန်းကျင်ပညာရှင် ဖရီဒါဦးအုန်းက ဆိုသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင် ဦးအုန်း၊ စာရေးဆရာ
မောင်ဝံသ၊ စာရေးဆရာ ကိုတာ၊ မြန်မာနိုင်ငံ ငှက်နှင့်သဘာဝ ထိန်းသိမ်းရေးအသင်း MBNS မှ ဦးစိုးညွန့်တို့နှင့်
ပြည်တွင်း သတင်းထောက်များ အပါအဝင် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။
ဒေသခံများက မပြောင်းရွှေ့လိုကြောင်း ပြောဆိုနေကြသော်လည်း မယင်းကြီးနှင့် ကလုတ်ထာ ကျေးရွာများတွင်မူ စီမံကိန်းအတွက် မြေထိုးစက်များဖြင့် တောင်ဖြိုခြင်း လုပ်ငန်းများ စတင်နေသည်။ ထားဝယ်ရေနက် ဆိပ်ကမ်းမှာ ထိုင်းနိုင်ငံ၏ အကြီးဆုံးဖြစ်သည့် Laem Chabang ဆိပ်ကမ်းထက် ၁၀ ဆ ကြီးမားပြီး လမ်းဖောက်လုပ်ရာတွင် လည်း ညအချိန်များ၌ မြေညှိစက်၊ မြေတူးစက်များဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။
စီမံကိန်းနယ်မြေအတွင်း ကျရောက်သည့် ရေဖြူမြို့နယ်၊ မင်းဒပ်ရွာခံများ၏ စိုက်ပျိုးမြေဧက ၁၂၃.၅၀ ဧကကို သိမ်းယူရန် အတွက် ရွာသားများက သဘောတူကြောင်း လက်မှတ်ရေးထိုးခိုင်းမှုများ အောက်တိုဘာလ အတွင်း ကလည်း ဖြစ်ပွားခဲ့သေးပြီး “သဘောမတူလျှင် အခကြေးငွေလွတ်ဖြင့် သိမ်းမည်” ဟု ဆိပ်ကမ်းတာဝန်ခံ ဦးခင်မောင်ဆွေက ပြောဆိုခဲ့ဖူးသည်။
ယင်းအပြင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး စက်မှုဇုန် စီမံကိန်းအတွက် ကျောက်မီးသွေး လောင်စာ သုံး မီဂါဝပ် ၄၀၀၀ ထုတ် လျှပ်စစ်ဓါတ်အားပေး စက်ရုံတို့ကိုပါ တည်ဆောက်မည် ဖြစ်သည်။
သို့သော် စီမံကိန်းအတွင်း ကျောက်မီးသွေးသုံး စက်ရုံ ပါဝင်နေခြင်းကို မလိုလားအပ်သည့် ကိစ္စဖြစ်ကြောင်း ပွဲတက်ရောက်သူ သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက မဇ္ဈိမကို ပြောသည်။
စီမံကိန်း လုပ်ငန်းများတွင် ဒေသခံများအား လုပ်ကိုင်ခွင့် ပေးရန်အတွက် ITD ကုမ္ဗဏီက ယခင်က ကတိပေးခဲ့ဖူး
သော်လည်း ဒေသခံများအား လုပ်ခလစာ လျှော့ပေးခြင်း အပြင် ဖိနှိပ်မှုရှိကြောင်း၊ ယင်းအပြင် မလိုလားအပ်သည့် လူမှုရေး ပြဿနာများလည်း ဖြစ်ပေါ်လျက် ရှိကြောင်း ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ထံမှ သိရသည်။
“ထိုင်းက လုပ်သားတွေနဲ့ မြန်မာလုပ်သားတွေ လုပ်အားခကွာတာ။ တရားဝင် မဟုတ်ဘဲ မြန်မာအမျိုးသမီးတွေနဲ့ ထိုင်းလုပ်သားတွေ ညားနေတာ။ ရွှေ့ပြောင်းလုပ်သားတွေ များလာတဲ့အတွက် ရာဇဝတ်မှုခင်းတွေ များလာတာ စတဲ့ပြဿနာတွေ အများကြီး”ဟု ကိုသန့်ဇင်က ဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment